ဂရမ်မီဆု (အင်္ဂလိပ်: Grammy Awards) သည် အမေရိကန်နိုင်ငံ အမျိုးသားတေးသံသွင်းအနုပညာနှင့်သိပ္ပံ အကယ်ဒမီ အဖွဲ့အစည်း (National Academy of Recording Arts and Sciences, များသောအားဖြင့် Recording Academy ဟုခေါ်ဆိုကြသည်) မှ တေးဂီတလောကအတွင်း ထူးချွန်ပြောင်မြောက်သူများအား နှစ်စဉ် ချီးမြှင့်ပေးအပ်သည့် ဆုဖြစ်သည်။ ဂရမ်မီဆုကို ၁၉၅၈ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ၁၉၅၉ ခုနှစ်မှစ၍ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှစကာ အစီအစဉ်ကို တိုက်ရိုက် ထုတ်လွှင့်လာသည်။ ဂရမ်မီဆုသည် ရုပ်ရှင်နယ်ပယ်တွင်ထူးချွန်သော အသိပညာရှင် အတတ်ပညာရှင်များကို ချီးမြှင့်သော အကယ်ဒမီဆု (အော်စကာဆုဟုလည်း ခေါ်ကြသည်)၊ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်သော ဇာတ်လမ်းတွဲနှင့် အစီအစဉ်များတွင် ထူးချွန်သူများကို ချီးမြှင့်သော အမ်မီဆုနှင့် ပြဇာတ်၊ သဘင်နှင့် စင်မြင့်ထက်တွင် ထူးချွန်သော ပညာရှင်များကို ချီးမြှင့်သည့် တိုနီဆု များကဲ့သို့ပင် ဂီတလောကတွင်လည်း အမြင့်ဆုံးသော ထူးချွန်ဆုပင်ဖြစ်သည်။

Grammy Awards
58th Annual Grammy Awards
ဆုပေးအပ်ခြင်းအကြောင်းဂီတနယ်ပယ်တွင် အမြင့်ဆုံးသော အောင်မြင်မှုပန်းတိုင်
ဆုတံဆိပ်ပေးအပ်သူNational Academy of Recording Arts and Sciences
နိုင်ငံ အမေရိကန်
ပထမဆုံးဆုတံဆိပ်၁၉၅၉ ခုနှစ်
ဝက်ဘ်ဆိုဒ်grammy.com
ရိုက်မြင်သံကြား ဖုံးလွှမ်းမှု
ရုပ်သံလိုင်းNBC (၁၉၅၉–၁၉၇၀)
American Broadcasting Company (၁၉၇၁–၁၉၇၂)
CBS (၁၉၇၃–လက်ရှိ)

သမိုင်း ပြင်ဆင်ရန်

ပထမဦးဆုံးသော ဂရမ်မီဆုချီးမြှင့်ပွဲကို ၁၉၅၉ ခုနှစ် မေလ ၄ရက်နေ့တွင် ကျင်းပခဲ့ပြီး ၁၉၅၈ခုနှစ်အတွင်း ထွက်ရှိခဲ့သော သီချင်းနှင့် အယ်လ်ဘမ်များကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဂရမ်မီဆုကိုချီးမြှင့်ပေးအပ်သော NARAS အဖွဲ့ကြီးက ဂရမ်မီဆု၏ ဆုစာရင်းများကို ၂၀၁၂ခုနှစ်တွင် အကြီးစားပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ဂရမ်မီဆုချီးမြှင့်ပွဲအခမ်းအနားများတွင် ထိုဆုပေးပွဲတွင် ဆန်ကာတင်ဆုစာရင်းဝင်သောအနုပညာရှင်များ၊ ထိုနှစ်အတွင်း တေးသီချင်းထွက်ရှိထားသော လူကြိုက်များသည့်အဆိုတော်များက တေးသီချင်းများဖြင့် ဖျော်ဖြေလေ့ရှိကြသည်။ ၅၈ ကြိမ်မြောက်ဂရမ်မီဆုချီးမြှင့်ပွဲကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်မြို့ စတေပယ်လ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂရမ်မီဆုသည် NARAS အဖွဲ့ကြီး၏ ဂရမ်မီဆုချီးမြှင့်ရေးအဖွဲ့ဝင်များက မဲပေးရွေးချယ်ထားခြင်းဖြစ်ပြီး တေးသီချင်းနှင့်အယ်လ်ဘမ်များ၏ ရောင်းအားနှင့်မသက်ဆိုင်ပေ။ ဂရမ်မီဆု၏ ၅၈နှစ်တာသမိုင်းကြောင်းတစ်လျှောက်တွင် ဆုအများဆုံးရရှိထားသူမှာ ဆာဂျော့ချ်ဆောလ်တီဖြစ်ပြီး ဂရမ်မီဆု ၃၁ ဆုရရှိထားသည်။ အမျိုးသမီးများတွင် တေးသံရှင် အယ်လ်လီဆန်ကရော့စ်က ၂၇ ဆုဖြင့် အများဆုံးရရှိထားကာ ဂီတအဖွဲ့များတွင် U2 အဖွဲ့က ၂၂ ဆုဖြင့် အများဆုံးရရှိထားသည်။

တေလာဆွစ်ဖ်(Taylor Swift) သည် ၂၀၁၆ Grammy ဆုပေးပွဲတွင် 1989 Album ဖြင့် တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ် (Album of the year) ကိုရရှိခဲ့​သောကြောင့် သမိုင်းတစ်လျှောက် တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ် (Album of the year) ဆုကို ၂ကြိမ်ရဖူးသူဖြစ်လာသည် သူမသည် ၂၀၁၀ Grammy ဆုပေးပွဲတွင် (Album of the year) ကို Fearless ဖြင့်ရဖူးသောကြောင့်ဖြစ်သည် ၂၀၁၇ တွင် အဒဲလ် (Adele) သည်တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ် (Album of the year) ကို 25 Album ဖြင့် ရသောကြောင့် တေလာ (Taylor) နဲ့ စံချိန်တူသွားသည် သူမသည်လည်း ၂၀၁၂ တွင် 21 Album ဖြင့် Album of the year ရဖူးသူဖြစ်သည်။

ဘရူနိုမားစ် (Bruno Mars) သည် ၂၀၁၈ ဂရမ်မီဆုပေးပွဲတွင်  24K Magic Album ဖြင့် တစ်နှစ်တာအကောင်းဆုံး အယ်ဘမ်ဆု (Album of the Year) ကို ရရှိခဲ့သည်။ ၂ဝ၁၉ ဂရမ်မီဆုပေးပွဲတွင်မူ Album of the Year (တစ်နှစ်တာအကောင်းဆုံး အယ်ဘမ်ဆု) ကို Kacey Musgraves က Golden Hour Album ဖြင့် ရရှိခဲ့သည်။ Billie Eilish သည် ၂ဝ၂ဝ ဂရမ်မီဆုပေးပွဲတွင် When We All Fall Asleep, Where Do We Go Album ဖြင့် တစ်နှစ်တာအကောင်းဆုံး Album ဆုကို ရရှိခဲ့သည်။ ၂ဝ၂၁ Album of the Year ဆုကို Taylor Swift ကပင် Folklore Album ဖြင့် ရရှိခဲသောကြောင့် တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုကို သုံးကြိမ်ရရှိသူ ဖြစ်လာခဲ့သည်။

ဆုအမျိုးအစားများ ပြင်ဆင်ရန်

ဂရမ်မီဆုကို ဂီတအနုပညာနယ်ပယ်အမျိုးအစားအလိုက် ဆုအမျိုးအစားအများအပြားဖြင့် ခွဲခြားချီးမြှင့်သည်။ ဆုများတွင် ဆုကြီး လေးဆုခေါ် "အထွေထွေဂီတနယ်ပယ်"အတွက် လေးခု ရှိသည်။ ဤကဏ္ဍလေးခုတွင် ဂီတအမျိုးအစားအပေါ် မူတည်ပြီး မခွဲခြားဘဲ ပေးအပ်ချီးမြှင့်သည်။

  • တစ်နှစ်တာအကောင်းဆုံးတေးအယ်လ်ဘမ်ဆု (Album of the Year)။ ဤဆုကို မူလတေးသံရှင်အပါအဝင်၊ အယ်လ်ဘမ်တွင် ပါဝင်သီဆိုသော အခြားတေးသံရှင်များ၊ သီချင်းရေးစပ်သူများနှင့်အတူ တေးအယ်လ်ဘမ် ထုတ်လုပ်ရေးတွင် တရားဝင်ပါဝင်သော အဖွဲ့သားအားလုံးကို ချီးမြှင့်သည်။
  • တစ်နှစ်တာအကောင်းဆုံး တေးသံသွင်းသီချင်းဆု (Record of the Year)။ ဤဆုကို မူလတေးသံရှင်အပါအဝင် တေးသံသွင်းထားသည့် သီချင်းတစ်ပုဒ် ထွက်မြောက်ရေးအတွက် ပါဝင်သည့် သီချင်းထုတ်လုပ်ရေးအဖွဲ့သားအားလုံးကို ချီးမြှင့်သည်။
  • တစ်နှစ်တာအကောင်းဆုံးသီချင်းဆု (Song of the Year)။ ဤဆုကို တေးသီချင်းတစ်ပုဒ် ရေးစပ်ရေးတွင် ပါဝင်သော တေးရေးဆရာများအားလုံးကို ချီးမြှင့်သည်။
  • အကောင်းဆုံးတစ်သစ်စအနုပညာရှင်ဆု (Best New Artist)။ ဤဆုကို ဆုရွေးချယ်ရန် လျာထားသော နှစ်အတွင်း ထုတ်လွှင့်ထားသော တေးသံသွင်းမှုကြောင့် အများပြည်သူ၏ နှစ်သက်မှုကို ရရှိထားသည့် ထူးချွန်သူတစ်ဦးကို ချီးမြှင့်သည် (ပထမဆုအကြိမ် တေးအယ်လ်ဘမ် ထုတ်လွှင့်မှု ဖြစ်စရာ မလိုပါ။)။

ဤဆုအမျိုးအစား လေးခုတစ်လုံး ရရှိဖူးသူများမှာ - ၁၉၈၁ ခုနှစ်တွင် Christopher Cross၊ ၂၀၂၀ ခုနှစ်တွင် Billie Eilish (သူဆုရရှိချိန်တွင် အသက် ၁၈ နှစ်သာရှိသေးသဖြင့် အသက်အငယ်ဆုံး အနုပညာရှင်ဖြစ်ခဲ့သည်) တို့ဖြစ်ကြသည်။ တေးသံရှင် Adele သည် အကောင်းဆုံးတစ်သစ်စအနုပညာရှင်ဆုကို ၂၀၀၉ ခုနှစ်တွင် ရရှိခဲ့ပြီး ကျန်ဆုများကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင်လည်းကောင်း အသီးသီး ရရှိခဲ့သည်။


၂၀၂၄ ခုနှစ်ကစပြီး "အထွေထွေနယ်ပယ်" တွင် နောက်ထပ်ဆုနှစ်ခုထပ်ထည့်ခဲ့သည်။

  • တစ်နှစ်တာအကောင်းဆုံးထုတ်လုပ်သူ (ဂန္တဝင်ဂီတအမျိုးအစားမဟုတ်သော)ဆုသည် ဆုပေးအပ်ရန်ရွေးချယ်သည့်ကာလအတွင်း ထွက်ရှိသည့် အလုပ်အတွက် ထုတ်လုပ်သူအား ပေးအပ်သည်။ ၎င်းကို ၁၉၇၄ ခုနှစ်တွင် ပထမဆုံးချီးမြှင့်ခဲ့ပြီး၊ ယခင်က မည်သည့်နယ်ပယ်၏ အစိတ်အပိုင်းမှ မထည့်သွင်းခဲ့ပါ။
  • တစ်နှစ်တာအကောင်းဆုံးသီချင်းရေးသူ (ဂန္တဝင်ဂီတအမျိုးအစားမဟုတ်သော)ဆုသည် ဆုပေးအပ်ရန်ရွေးချယ်သည့်ကာလအတွင်း ထွက်ရှိထားသော အလုပ်တစ်ခုအတွက် သီချင်းရေးဆရာတစ်ဦးအဖြစ် အဓိကလုပ်ကိုင်သူတစ်ဦးကို ပေးအပ်သည်။ ၎င်းကို ၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ပေးအပ်ချီးမြှင့်ခဲ့ပြီး ယခင်က မည်သည့်နယ်ပယ်၏ အစိတ်အပိုင်းမှ မထည့်သွင်းခဲ့ပါ။

တေးအယ်လ်ဘမ်များ၏ ပန်းချီအနုပညာလက်ရာနှင့် သီချင်းဗီဒီယို ထုတ်လုပ်ရေးကဲ့သို့သော ဆုများအပါအဝင်၊ ဂီတအမျိုးအစားအလိုက် အနုပညာစွမ်းဆောင်ရည်နှင့် ဂီတထုတ်လုပ်မှုများအတွက်လည်း ပေးအပ်ချီးမြှင့်သည်။ ဂီတနယ်ပယ်အနုပညာလောကတွင် ရေရှည်ပါဝင်ပံ့ပိုးကူညီမှုများအတွက် အထူးဆုများကိုလည်း ပေးအပ်သည်။

ဆုအမျိုးအစားများ များပြားခြင်းကြောင့်ရယ် (၂၀၁၂ ခုနှစ်တွင် အမျိုးအစား ၇၈ ခု၊ ၂၀၁၃ ခုနှစ်တွင် အမျိုးအစား ၈၁ ခု၊ နှင့် ၂၀၁၄ ခုနှစ်တွင် အမျိုးအစား ၈၂ ခု)၊ အနုပညာရှင်များစွာ၏ ဖျော်ဖြေတင်ဆက်မှုများစွာကို ပြသလိုသည့်ဆန္ဒကြောင့်ရယ်၊ လူကြိုက်အများဆုံး စိတ်ဝင်စားမှုရှိသော ဆုများသာကိုသာ ရုပ်မြင်သံကြားတွင် တိုက်ရိုက်ထုတ်လွှင့်ထားသော ဆုပေးပွဲအခမ်းအနားတွင် တင်ဆက်ချီးမြှင့်သည်။ ကျန်ရှိနေသော ဆုအမျိုးအစားများကို အခြား ဂရမ်မီဆုအများစုကို ဂရမ်မီဆုပေးပွဲ ရုပ်သံအစီအစဉ် မတိုင်မီ နေ့လယ်ပိုင်းတွင် အကြိုရုပ်သံ ထုတ်လွှင့်မှု၌ ပေးအပ်သည်။