ဂျော့ချ် စတီဖင်ဆန်

အင်္ဂလိပ်လူမျိုး "မီးရထား ဖခင်ကြီး" (၁၇၈၁-၁၈၄၈)

ဂျော့ချ် စတီဖင်ဆန် (အင်္ဂလိပ်: George Stephenson) (၉ ရက် ဇွန်လ ၁ရ၈၁ခုနှစ် - ၁၂ ဩဂုတ်လ ၁၈၄၈ ခုနှစ်)သည် မီးရထားစက်ခေါင်းကို စတင်တီထွင်သော အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာကြီးတစ်ဦးဖြစ်သည်။ ၁၇၈၁-ခုနှစ်တွင် နယူးကာဆယ် အနီး၊ ပီလမ်အရပ်တွင် ဖွားမြင်သည်။ ၁၈၀၄-ခုနှစ်တွင် ဝပ်၏ အင်ဂျင်စက်ကို ကိုင်တွယ်အလုပ်လုပ်ရာမှ စက်ကို တိုးတက်ကောင်းမွန်အောင် ပြုပြင်မွမ်းမံ့နိုင်၍ သံလမ်းပေါ်တွင် မြင်းများဖြင့်ဆွဲလေ့ရှိသော ရထားများအစား ရေနွေးငွေ့စက်ခေါင်းသုံး မီးရထားကို တီထွင်လေသည်။ ပထမမီးရထားသည် ကျောက်မီးသွေးတွဲများကို တစ်နာရီလျှင် လေးမိုင်ဆွဲနိုင်၍ ၁၈၂၁-ခုနှစ်တွင် စတေတန်နှင့် ဒါလင်တန် မီးရထားလမ်းကို တာဝန်ယူသောအခါ တွဲ ၃၈ တွဲကို တစ်နာရီလျှင် ၁၂-မိုင်နှုန်း ဆွဲနိုင်သော စက်ကို တီထွင်အောင်မြင်လေသည်။ သူ၏သား ရောဘတ်အကူအညီဖြင့် လစ်ဘာပူးနှင့် မန်ချက်စတာလမ်းကို ဖွင့်ပြီးနောက် မီးရထားခေတ် စတင်ခဲ့လေသည်။[၁]

ဂျော့စတီဖင်ဆန်
Engineer and inventor
မွေးဖွား(1781-06-09)၉ ဇွန်၊ ၁၇၈၁
Wylam, Northumberland, England
ကွယ်လွန်၁၂ ဩဂုတ်၊ ၁၈၄၈(1848-08-12) (အသက် ၆၇)
Tapton House, Chesterfield, Derbyshire, England
ထာဝရ နားခိုရာနေရာHoly Trinity Church, Chesterfield
နိုင်ငံလူမျိုးEnglish
နိုင်ငံသားBritish
အိမ်ထောင်ဖက်(များ)Frances née Henderson
သားသမီးRobert Stephenson

ငယ်ဘဝ ပြင်ဆင်ရန်

၁၇၈၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် အင်္ဂလန်ပြည် နယူးကာဆဲမြို့အနီးရှိ ဝိုင်လမ်းရွာကလေး၌ ဖွားမြင်၏။ စတီဖင်ဆန်၏ ဖခင်ဖြစ်သူမှာ ထိုရွာကလေးရှိ ကျောက်မီးသွေးတွင်း ရေစုတ်စက်၌ မီးထိုးသမား ဖြစ်၍ များစွာ ဆင်းရဲနွမ်းပါးလေရကား သားသမီးများကို ကျောင်းသို့ မပို့နိုင်ချေ။ ထိုကြောင့် စတီဖင်ဆန်သည် လူမမယ် အရွယ်ကပင် နွားကျောင်းခြင်း၊ ကျောက်မီးသွေးတွင်း၌ ဝင်ရောက် ကူညီဆောင်ရွက်ခြင်း စသည်တို့ကို လုပ်ကိုင်ခဲ့ရလေ သည်။ အသက် ၁၄ နှစ်သား အရွယ်တွင် ဖခင်ကြီး၏ လက်ထောက် မီးထိုးသမားအဖြစ်ဖြင့် ခန့်ထားခြင်းခံရ၍ ၁၇ နှစ်သားအရွယ်တွင် ရေစုတ်စက် ထိန်းသိမ်းရသော အလုပ်သမားအဖြစ်ဖြင့် အဆိုပါကျောက်မီးသွေးတွင်း၌ပင် အမှုထမ်းရလေသည်။ ထိုအခါ၌ စတီဖင်ဆန်သည် ရေစုတ်စက်ကို နေ့စဉ်ကြည့်ရှုနေရာမှ စက်၏သဘောကို စိတ်ဝင်စားလာသဖြင့် ဗိုလတန်နှင့်ဝပ်၏ ရေနွေးငွေ့စက်သဘောကို လေ့လာလိုသော်လည်း စာမတတ်သဖြင့် အခက်အခဲတွေ့ရပြန်သည်။ ထိုကြောင့် စတီဖင်ဆန်သည် ၁၈ နှစ်သားအရွယ်၌ ညကျောင်းတက်၍ စာသင်၏။

မိုင်းလုပ်သားတို့၏ ဘေးကင်းမီးအိမ် ပြင်ဆင်ရန်

ဤကဲ့သို့ အလုပ်တဖက်နှင့်ညကျောင်း တက်ကာ စက်မှုပညာကို ကြိုးစား လေ့လာခဲ့သော စတင်ဖင်ဆန်သည် ၁၈၁၂ ခုနှစ်၌ ကီလင်းဝပ်မြို့ရှိ ဟိုင်းပစ် ကျောက်မီးသွေးတွင်းတွင် အင်ဂျင်စက်များကို လုပ်ကိုင်သူအဖြစ် ခန့်ထားခြင်ခံရ၍ တစ်နှစ်လျှင် ပေါင် ၁ဝဝ ရလေသည်။ ၁၈၁၅ ခုနှစ်တွင် စတီဖင်ဆန်သည် ကျောက်မီးသွေးတွင်းတူးသမားများ ကိုင်ဆောင်ရန် ဘေးကင်းမီးအိမ်တစ်မျိုးကို တီထွင်ပြုလုပ်ခဲ့သဖြင့် သူ၏ အမည်မှာ စတင် ကျော်ကြားလာလေသည်။ စတီဖင်ဆန်နှင့် တချိန်တည်းမှာပင် ဆာဟမ်ဖရီ ဒေဗီဆိုသူကလည်း အလားတူ ဘေးကင်း မီးအိမ်မျိုးကို တီထွင်ခဲ့သဖြင့် မည်သူက အလျင်ဦးသည်ဟူ၍ အပြင်းအထန် ငြင်းခုံခဲ့ကြသော်လည်း တီထွင်ချက် နှစ်ရပ်မှာမူ တသီးတခြားစီပင် ဖြစ်၏။

မီးရထားတည်ဆောက်ခြင်း ပြင်ဆင်ရန်

ထိုခေတ် သမယက ကျောက်မီးသွေးများ သယ်ယူရာ၌ ကျောက်မီးသွေးတင် ရထားတွဲများကို သစ်သား သို့မဟုတ် သံလမ်းပေါ်တွင်တင်၍ မြင်းများဖြင့် ဆွဲလေ့ရှိ၏။ စတီဖင်ဆန်သည် ထိုအလေ့အထကို လေ့လာရာမှ ရထားတွဲများကို ရေနွေးငွေ့စက်ခေါင်းဖြင့်ဆွဲရန် အကြံရသဖြင့် မိမိကျောက်မီးသွေးတွင်းကုမ္ပဏီမှ ငွေကြေးအကူအညီရယူ၍ မီးရထားစက် ခေါင်း တစ်ခု တီထွင်ရန် ကြိုးစားခဲ့လေသည်။ ကြိုးစားသည့်အတိုင်း အောင်မြင်သဖြင့် ၁၈၁၄ ခုနှစ်တွင် စတီဖင်ဆန်၏ 'ဗလူးခါး'အမည်ရှိသော မီးရထားသည် ကီလင်းဝပ် ကျောက်မီးသွေးတွင်းမှ သင်္ဘောဆိပ်သို့ ချောမောစွာ စတင်ခုတ်မောင်း နိုင်ခဲ့သည်။ ဒုတိယအကြိမ် ပြုလုပ်သောစက်၌ စတီဖင်ဆန်သည် အလဟဿထွက်သွားသော ရေနွေးငွေ့များကို ပြန်လည် အသုံးပြုခြင်းဖြင့် စက်အား ပိုမိုကောင်းလာစေရန် စီစဉ်လေသည်။ ၁၈၂၅ ခုနှစ်တွင် စတော့တန်နှင့် ဒါလင်တန်သွား မီးရထားလမ်းဖွင့်ပွဲ၌ စတင်ခုတ်မောင်းသော မီးရထားမှာ ကမ္ဘာ ပေါ်တွင် ပထမဆုံး လူစီးနှင့် ကုန်တင်ရထားဖြစ်၍ တွဲများကို စတီဖင်ဆန်၏ လိုကိုမိုးတစ်ခေါ် မီးရထားစက်ခေါင်းဖြင့် ဆွဲလေသည်။ ၁၈၂၉ ခုနှစ်၌ လီဗာပူးနှင့် မန်ချက်စတာသွား မီးရထားကုမ္ပဏီမှ ကြီးမှူးကျင်းပသော မီးရထားစက်ခေါင်းပြိုင်ပွဲတွင် စတီဖင်ဆန်၏ 'ရော့ကက်'ခေါ် စက်ခေါင်းက ပထမရရှိ၍ ဆိုငွေပေါင် ၅ဝဝ ချီးမြှင့်ခြင်းခံရပြန်သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ဤကဲ့သို့ ကိုယ့်ထူးကိုယ်ချွန် ကြိုးစားခဲ့သဖြင့် နောင်အခါ၌ စတီဖင်ဆန်သည် အင်္ဂလန်နှင့်ဥရောပတခွင်တွင် မီးရထား စက်ခေါင်း တည်ဆောက်ရေးနှင့် ရထားလမ်းဖောက်လုပ်ရေးဆိုင်ရာ အတိုင်ပင်ခံ အင်ဂျင်နီယာကြီး ဖြစ်ခဲ့လေသည်။ သားဖြစ်သူ ရောဗတ်မှာလည်း ဖခင်ကြီး၏ခြေရာကို လိုက်နိုင်သည်သာမက အထူးသဖြင့် မီးရထားတံတားများ ဆောက်လုပ်ခြင်း၌ ထင်ရှား ကျော်ကြားသော အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။ ထိုနောက် ဂျော့စတီဖင်ဆန်သည် အသက်အရွယ် ကြီးရင့်လာပြီဖြစ်၍ ချက်စတာဖီးမြို့တွင် အနားယူနေခိုက် ၁၈၄၈ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့၌ ကွယ်လွန် အနိစ္စရောက်လေသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ဝဘ်ဆိုက်သို့" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  2. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၆)။ "ဂျော့ချ် စတီဖင်ဆန်"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်