ငါးမွေးကန်ဆိုရာ၌ အိမ်တွင်းအလှအပ ပစ္စည်းအဖြစ်ဖြင့် သော်လည်းကောင်း၊ ငါးအကြောင်း ဗဟုသုတ ရှာမှီးနိုင်ရန် အတွက်သော် ၎င်း ငါးများကို မွေးထားသောကန်ကို ဆိုလိုသည်။ ရှေးအခါက ပင် အိမ်တွင်းအိမ်ပြင်၌ ငါးများကို မွေးမြူသော ငါးမွေးကန် အမျိုးမျိုးရှိခဲ့သည်။ ရောမလူမျိုးတို့သည် အိမ်ပြင်၌ ကန်များပြု လုပ်၍ ငါးများကို အစာအလို့ငှာ မွေးမြူခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၌လည်း ရှေးနှစ်ပေါင်း များစွာကပင် ရွှေငါးများကို အင်တုံ သို့မဟုတ် ဖန်ပေါင်းချောင်များတွင် ထည့်၍ အိမ်တွင်း အလှအပပစ္စည်းအဖြစ်ဖြင့် မွေးမြူခဲ့ကြ လေသည်။ ယခုအခါ ကမ္ဘာပေါ်ရှိ တိုင်းပြည်တိုင်း၌လိုပင် ငါးမွေးခြင်း ကို ဝါသနာပါ၍ ငါးအမျိုးမျိုး မွေးနေသူ အမြောက်အမြား ရှိ ပေသည်။ တတိုင်းပြည်၌ မရှိသော ငါးများကို အခြားတစ်တိုင်း ပြည်တွင် ဝယ်ယူ၍ အထူးတလည် မွေးမြူကြကုန်၏။ တစ်ခါ တစ်ရံ အချို့လူများသည် လူသူမရောက်ဘူးသော နေရာများသို့ ပင် သက်စွန့်ကြိုးပမ်းသွားရောက်ကာ ငါးအထူးအဆန်းများကို ရှာ၍ မွေးမြူကြလေသည်။ အများအားဖြင့် အိမ်တွင်းငါးမွေးကန်များကို ပြုလုပ်ရာ၌ ပေါင်များကို သတ္တုဖြင့် ပြုလုပ်၍ အကာများကို မှန်ဖြင့် ပြုလုပ်တတ်ကြ၏။ သို့မှသာ ငါးမွေးကန်ထဲတွင် မွေးထားသော ငါးများ၏ သဘာဝအခြေအနေကို ကောင်းစွာ မြင်နိုင်ကြ ပေမည်။ ခေတ်မီသော တိုင်းပြည်များတွင် တိရစ္ဆာန်ရုံများ၌ ကမ္ဘာအရပ်ရပ်က ငါးအမျိုးမျိုးကို ထိုငါးတို့နှင့် သင့်သော အခြေအနေများ ဖန်တီးကာ မွေးမြူထားတတ်ကြ၏။ ငါးမွေးကန်များထဲတွင် ငါးများကိုသာ မဟုတ်သေး ခရု၊ ပတ်ကျိ၊ ကနန်းဖားပုဇွန်ကဲ့သို့သော အခြားရေသတ္တဝါများ ကိုလည်း မွေးထားတတ်ကြသည်။ အချို့တိုင်းပြည်များတွင် ရေငန်သတ္တဝါများကိုပင် မွေးမြူထားတတ်ကြပေ။ ပင်လယ်ငါး ကဲ့သို့သော ရေငန်သတ္တဝါများကို မွေးရာ၌ ပင်လယ်ရေနှင့် တူသောရေကို ဖန်တီးပေးရန် မလွယ်ကူသဖြင့် ထိုငါးမွေး ကန်ကို ပင်လယ်ကမ်းခြေ အနီးအနားတွင် အုတ်ဖြင့် ဆောက် လုပ်ကြ၍ ပင်လယ်ထဲမှ ရေငန်ကို ထိုငါးမွေးကန်ထဲသို့ စက် ဖြင့် စုပ်သွင်းထည့်ထားကြသည်။ ထိုရေငန်ငါးမွေးကန်များတွင် ဘဝဲကင်းမွန်ငါးထီးစသော ရေငန်သတ္တဝါများကို မွေးထား တတ်ကြသည့်ပြင် ပင်လယ်၌ ပေါက်တတ်သော အပင်များကို လည်း ထည့်ထားတတ်ကြ၏။ ထိုကန်များတွင် ရေငန်သတ္တဝါ များ သွားလာနေကြသည်မှာ ပင်လယ်အောက်ရေနက်၌ သဘာဝအလျောက် သွားလာနေကြသကဲ့သို့ ထင်မှတ်ရ၏။ ယင်းတို့ကို ကြည့်ရှုနိုင်ရန်နှင့် ဓာတ်ပုံရိုက်ကူးနိုင်ရန် ကန်၏ ဘေးဖက်တွင် မှန်ပေါက်များ ဖောက်လုပ်ထားကြသည်။ ငါးမွေးကန်အတွင်းသို့ ရေထည့်ရာတွင် ငါးများကို စား တတ်သော ရေသတ္တဝါများနှင့် ရောဂါဖြစ်စေတတ်သော ပိုးမွှား များ မပါအောင် ရေကိုစစ်ပေးရ၏။ ငါးများသည် အသက်ရှူရန် အတွက်လိုသော အောက်ဆီဂျင်ကို ရေထဲမှရရှိကြရာ ရေကို ပါးစပ်မှသွင်း၍ ပါးဟက်မှ ပြန်ထုတ်ပစ်ကြသည်။ ရေထဲက အောက်ဆီဂျင်ကို အသုံးပြုပြီးသောအခါ ကာဗွန်ဒိုင်အောက် ဆိုဒ်ကို ထုတ်ပစ်လိုက်ကြသည်။ ဤသို့ဖြင့် ရေထဲ၌ ကာဗွန် ဒိုင်အောက်ဆိုဒ် အချိုးအစားများလာ၍ အောက်ဆီဂျင် အချိုး အစား နည်းသွားတတ်ပေသည်။ ထိုရေထဲ၌ ငါးများသည် အောက်ဆီဂျင်ကို လုံလောက်စွာ မရရှိကြသဖြင့် မကြာခဏ ရေ ပြင်သို့တက်၍ လေထဲမှ အောက်ဆီဂျင်ကို တိုက်ရိုက်ရှူကြရ သည်။ တစ်ခါတစ်ရံ ငါးများသည် အောက်ဆီဂျင်ကို လုံလောက် စွာ မရရှိကြသဖြင့် သေဆုံးကြသည်။ လေထဲက အောက်ဆီဂျင် သည် ရေထဲသို့ ရေမျက်နှာပြင်မှ ဝင်ရသဖြင့် ငါးမွေးကန်များ ဆောက်လုပ်ရာ၌ ငါးမွေးကန်၏ ရေမျက်နှာပြင်ကို ကျယ်နိုင် သမျှ ကျယ်အောင်စီစဉ်ရ၏။ ရေအနက်ကိုမူ သင့်တော်ရုံထား တတ်ကြ၏။

ငါးမွေးကန်

ငါးမွေးကန်အတွင်း၌ အပင်များကို စိုက်ပေးခြင်းအားဖြင့် မျှတသောသဘာဝကို ဖြစ်စေနိုင်၏။ အပင်များသည် ငါးတို့ ထုတ်ပစ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အသုံးပြု၍ အောက် ဆီဂျင်ကို ထုတ်ပေးကြသည်။ တစ်ဖန် ငါးတို့သည် အပင်များ က ပြန်ထုတ်ပေးသော အောက်ဆီဂျင်ကို အသုံးပြု၍ ကာဗွန် ဒိုင်အောက်ဆိုဒ် ထုတ်ပစ်ကြပြန်သည်။ ဤသို့ဖြင့် ငါးနှင့် အပင်တို့သည် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုနေကြပေသည်။ ထို့ပြင် ငါးများမှ စွန့်ပစ်လိုက်သော အညစ် အကြေးများသည် အပင်များအဖို့ မြေဩဇာဖြစ်၏။ ငါးမွေး ကန်ထဲ၌ ငါးအကောင်ရေ အဆမတန် များနေသောအခါ၌ ဖြစ်စေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် အချိုးအစားများနေသော အ ခါ၌ဖြစ်စေ၊ အေအီရေတာခေါ် လေမှုတ်စက်ဖြင့် ရေထဲသို့ လေမှုတ်သွင်းပေး ကြရသည်။ ဤသို့ဖြင့် ငါးမွေးကန်ထဲရှိ ရေကို အောက်ဆီဂျင်နှင့် ပြည့်ဝအောင် လုပ်ပေးနိုင်လေသည်။ ငါးမွေးကန်ထဲရှိ ငါးများကို အစာကျွေးရာ၌ ယင်းတို့ စား သောက်လေ့ရှိသော အစာကိုရှာ၍ ကျွေးရ၏။ အစာကို အဆ မတန် မကျွေးကြရပေ။ အစာကို အဆမတန်ကျွေးလျှင် ငါးများ သေဆုံးတတ်ကြသည်။ ယခုအခါ အသင့်ပြုလုပ်ပြီး ရောင်းသော ငါးအစာ အမျိုးမျိုး ရှိသည်။

ငါးမွေးကန်ထဲ၌ ငါးအစာအများအပြားထည့်ပေးလျှင် ငါးတို့ မစား၍ ကြွင်းကျန်သော အစာများသည် ရေကို ပုပ်သိုးစေတတ် သည်။ ပုပ်သိုးသောရေသည် ငါးတို့အတွက် မကောင်းပေ။ ထိုကြောင့် ဤသို့ မဖြစ်ရလေအောင် အစာအကြွင်းများကို သုတ်သင်ပေးသော ခရုပက်ကျိငါးရှဉ့် စသော အကောင်များ ကို ငါးမွေးကန်များတွင် ထည့်မွေးထားတတ်ကြသည်။ ငါးမွေးကန်ထဲ၌ ငါးအမျိုးမျိုးကို မွေးထားနိုင်၏။ မွေးမည့် ငါးအမျိုးများကို ရွေးချယ်ရာ၌ တစ်ဦးနှင့်တစ်ဦး သင့်မြတ်စွာ နေနိုင်မည့် ငါးများကိုသာ ရွေးချယ်ကြ၏။ ရန်မူတတ်သော ငါးများကိုမူ သီးသန့် ငါးမွေးကန်များ၌ မွေးကြ၏။ ငါး အကောင်ကလေးများ ဥမှပေါက်ချိန်၌ ငါးဥနှင့်ငါးအကောင်ငယ် ကလေးများကို ငါးကြီးတို့မှ သီးသန့်ထားပေးကြ ရသည်။ ဤသို့ မပြုလုပ်လျှင် ငါးအကောင်ကြီးများသည် ဥများနှင့် ငါးငယ်ကလေးများကို စားပစ်တတ်ကြ၏။ ငါး အတော် အတန် ကြီးထွားလာမှ ငါးကလေးများကို ငါးအကောင် ကြီးများနှင့် ရောထား ရပေမည်။ ငါးများ မွေးမြူရာ၌ မျိုးခြား ငါးများကို တစ်မျိုးနှင့်တစ်မျိုး စပ်ပေးခြင်းအားဖြင့် အသွင်မတူ ထူးခြားသော ငါးမျိုးများကို ရရှိနိုင်ပေသည်။

ကမ္ဘာအရပ်ရပ်ရှိ အပူပိုင်း၊ အအေးပိုင်း၊ သမပိုင်းဒေသတို့မှ ငါးအမျိုးမျိုးကို တိုင်းပြည်အသီးသီး၌ မွေးသောအခါ ထိုငါးတို့ နှင့် သင့်လျော်မည့်ရေ အပူချိန်ကို ဖန်တီးပေးကြရသည်။ အပူပိုင်းဒေသမှ ငါးများကို အအေးပိုင်းဒေသ၌ မွေးမြူလိုလျှင် အပူပိုင်းဒေသက ရေအပူချိန်လောက် နွေးလာအောင် ပြုလုပ် ပေးကြရသည်။ ဤသို့ ပြုလုပ်ရာ၌ သာမိုစတတ်ခေါ် ကိရိယာ ကို အသုံးပြုကြ၏။ အအေးပိုင်းဒေသမှ ငါးများကို အပူပိုင်း ဒေသ၌ မွေးမြူလိုလျှင်လည်း အအေးပိုင်းဒေသက ရေအေး သလောက် ငါးမွေးကန်ထဲရှိ ရေကို အေးအောင်ပြုလုပ်ပေး ရ၏။ ဤသို့ ပြုလုပ်ပေးရာ၌ အအေးသေတ္တာများကို အသုံးပြု ကြသည်။

အစာအလို့ငှာ ငါးမွေးမြူရာ၌ ငါးမွေးကန်များကို အုတ်ဖြင့် ဆောက်လုပ်ရသည်။ တနည်းအားဖြင့် မြေကြီးထဲတွင် ကန်တူး၍ လည်း ပြုလုပ်ရသည်။ တစ်ခါတစ်ရံ အင်းအိုင်များကို ငါးမွေး ကန်များအဖြစ်ဖြင့် အသုံးပြုရ၏။ ငါးများကို မွေးမြူရာတွင် ဥများကိုသော်လည်းကောင်း၊ ငါးပေါက်စကလေးများ ကိုသော်လည်းကောင်း စုဆောင်း၍ မွေးမြူကြရ၏။ ကောင်းစွာကြီးထွားလာမှ ငါး များကို ဖမ်း၍စားကြ၏။ တစ်ခါတစ်ရံ ငါးရှားပါးသောမြစ်၊ ချောင်း၊ အင်း အိုင်များထဲသို့ ငါးပေါက်စကလေးများကို မျိုး အဖြစ် ထည့်ပေးလေ့ရှိကြသည်။ ဤသို့ဖြင့် ငါးများပေါများ လာအောင် စီမံယူကြသည်။ တစ်ခါတစ်ရံ မွေးမြူရန် သင့်တော် မည့် ငါးများကို နိုင်ငံခြားမှ ဝယ်ယူ၍ မွေးမြူကြသည်။ မြန်မာ နိုင်ငံ၌ ငါးကြင်းငါးသိုင်းငါးရံ့ စသော ငါးများကို ငါးမွေး ကန်များတွင် အစာအတွက် ကောင်းစွာ မွေးမြူနိုင်ကြပေသည်။ ထို့ပြင် အိမ်တွင်းငါးမွေးကန်များဖြင့် မွေးမြူနိုင်သော ငါး အထူးအဆန်းများလည် မြန်မာနိုင်ငံ၌ အမြောက်အမြား ရှိပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)