စေတသိက်ဟူသည် စေတသိက ဟူသော ပါဠိမှ ဆင်းသက်လာသည့် ပါဠိပျက်စကားဖြစ်သောကြောင့် စေတသိက်ဟူ၍ 'ကသတ်'ဖြင့် ရေးပြီး "စေတသိတ်"ဟု အသံထွက်ပါသည်။ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာအရ စိတ်ကို မှီတွယ်၍ စိတ်ကို ခြယ်လှယ်တတ်သည့် သဘောကို စေတသိက်ဟု ခေါ်ပါသည်။

နာမ်ကလာပ် ပြင်ဆင်ရန်

စိတ်သည် .. အာရုံကို သိတတ်သော, အာရုံကို ရယူတတ်သော သဘောလက္ခဏာအားဖြင့် တစ်မျိုးသာ ဖြစ်သော်လည်း ယင်းစိတ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စေတသိက်တို့၏ ထူးထွေ ကွဲပြားမှုကို အကြောင်းခံ၍ စိတ်လည်း အမျိုးမျိုးပြားရပေသည်။ စိတ်မည်သည် စေတသိက်တို့မပါဘဲ မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ စေတသိက်တို့သည်လည်း စိတ်မပါဘဲ မိမိတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အုပ်စုအလိုက် အတူ ယှဉ်တွဲ၍သာ အမြဲတမ်း ဖြစ်ကြရလေသည်။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားစုတို့ကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော်က မိမိ၏ မဟာဋီကာ[၁]အရူပကလာပ = နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။[၂]

စိတ်နှင့်ယှဉ်သော စေတသိက်တို့၏ လက္ခဏာ (၄) ပါး ပြင်ဆင်ရန်

၁။ ဧကုပ္ပါဒ = စိတ်နှင့်တူသော ဖြစ်ခြင်း = စိတ်နှင့် အတူဖြစ်ခြင်း၊

၂။ ဧကနိရောဓ = စိတ်နှင့်တူသော ချုပ်ခြင်း = စိတ်နှင့် အတူချုပ်ခြင်း၊

၃။ ဧကာရမ္မဏ = စိတ်နှင့်တူသော အာရုံရှိခြင်း = စိတ်နှင့် အာရုံတူခြင်း၊

၄။ ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း = စိတ်နှင့် မှီရာဝတ္ထုတူခြင်း၊

ဤသို့အားဖြင့် စေတသိက်တို့၌ စေတောယုတ္တလက္ခဏာ (၄)ပါး ရှိကြပေသည်။ မည်သည့်စေတသိက်မဆို စိတ်၌ယှဉ်သောအခါ ကာမဘုံ ရူပဘုံ၌ ဤအင်္ဂါ (၄)ပါးနှင့် ညီညွတ်ရမြဲ ဓမ္မတာဖြစ်သည်။ အရူပဘုံ၌ကား ဧကဝတ္ထုက အင်္ဂါတစ်ပါး ယုတ်လျော့ပေသည်၊ မှီရာဝတ္ထုရုပ် မရှိသောကြောင့် ဖြစ်သည်။ ယင်းစေတသိက်တို့ကား (၅၂)လုံး ရှိပေသည်။[၂]


စေတသိက် (၅၂) လုံး ပြင်ဆင်ရန်

၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (၇)လုံး၊

၂။ ပကိဏ်းစေတသိက် = ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး၊

၃။ အကုသိုလ်စေတသိက် = အကုသိုလ်စိတ်နှင့် ယှဉ်သော စေတသိက် (၁၄)လုံး၊

၄။ သောဘဏစေတသိက် = တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်နှင့် ယှဉ်သော စေတသိက် (၂၅)လုံး၊ အားလုံးပေါင်းသော် စေတသိက် (၅၂)လုံး ဖြစ်သည်။[၂]


သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) လုံး ပြင်ဆင်ရန်

= စိတ်အားလုံးနှင့် ဆက်ဆံသော = စိတ်တိုင်းစိတ်တိုင်း၌ ယှဉ်သော စေတသိက် (၇)လုံး[၃]

၁။ ဖဿ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ)၊

= အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော (ရသ)၊

၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော၊

၃။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊

၄။ စေတနာ = အာရုံပေါ်သို့ ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော် ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော၊

၅။ ဧကဂ္ဂတာ = အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်းသဘော၊

= တည်ငြိမ်နေခြင်းသဘော၊

= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကြဲစေခြင်းသဘော၊

၆။ ဇီဝိတ = ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊

= နာမ်သက်စောင့်ဓာတ်၊

၇။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊ = အာရုံကို နှလုံးသွင်းခြင်းသဘော၊[၂]

ပကိဏ်းစေတသိက် (၆) လုံး = ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး ပြင်ဆင်ရန်

၁။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ရှေးရှု တင်ပေးခြင်းသဘော၊ = ကြံစည်ခြင်းသဘော၊

၂။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း = ဆုပ်နယ်ခြင်းသဘော၊ = အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊

၃။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊

၄။ ဝီရိယ = ကြိုးစားအားထုတ်ခြင်းသဘော၊[၄] = အားတက်သရော ရှိခြင်းသဘော၊

၅။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊

၆။ ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်းသဘော၊ = အာရုံကို ပြုလုပ်လိုခြင်းသဘော၊[၅]

ဤစေတသိက် (၆)လုံးတို့သည် စိတ်အားလုံး၌ မယှဉ်ဘဲ အချို့အချို့သော စိတ်၌သာ ယှဉ်သဖြင့် ဟိုတချို့ သည်တချို့ ရောရောပြွမ်းပြွမ်း ယှဉ်တတ်သော စေတသိက်များဖြစ်ခြင်းကြောင့် ပကိဏ်းစေတသိက်ဟူသော အမည်ကို ရရှိကြပေသည်။[၂]

သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံးနှင့် ပကိဏ်း ပြင်ဆင်ရန်

စေတသိက် (၆)လုံး၊ ဤနှစ်ရပ်ပေါင်း စေတသိက် (၁၃)လုံးတို့ကို အညသမာန်းစေတသိက်ဟု ခေါ်ဆို၏၊ အသောဘဏ-အမည်ရသော အကုသိုလ်စိတ် အဟိတ်စိတ်တို့၌ လည်းကောင်း, သောဘဏ-အမည်ရသော အကျဉ်းအားဖြင့် စိတ် (၅၉) အကျယ်အားဖြင့် (၉၁)ပါးသော စိတ်တို့၌ လည်းကောင်း ထိုက်သလို ယှဉ်တွဲဖြစ်ကြသဖြင့် ယင်းစေတသိက်တို့သည် အကောင်း-အဆိုး နှစ်ဘက်ရ စေတသိက်တို့ ဖြစ်ကြသည်။[၂]

ဝိတက်-စေတနာ-မနသိကာရ ပြင်ဆင်ရန်

ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်၏၊ စေတနာကား ဝိတက်သည် တင်ပေးအပ်သော သမ္ပယုတ်တရားတို့ကို အာရုံ၌ ယှဉ်စပ်ပေး၏၊ မနသိကာရသည်ကား သမ္ပယုတ် တရားတို့ကို အာရုံပေါ်သို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုလုပ်ပေး၏၊ မောင်းနှင်ပေး၏၊[၂]

အကုသိုလ် စေတသိက် (၁၄) လုံး ပြင်ဆင်ရန်

အကုသလသာဓာရဏ စေတသိက် (၄) လုံး = အကုသိုလ်စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက်

၁။ မောဟ = အာရုံ၏ သဘောမှန်ကို မသိခြင်းသဘော၊ (သစ္စာလေးပါးကို မသိမှုသဘော)

= အာရုံကို အသိမှားခြင်းသဘော၊ (ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားနေမှုသဘော)

၂။ အဟိရိက = (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မရှက်ခြင်း သဘော၊

၃။ အနောတ္တပ္ပ = (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မကြောက်ခြင်း သဘော၊

၄။ ဥဒ္ဓစ္စ = အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော၊

ဤ စေတသိက် (၄)မျိုးတို့သည် အကုသိုလ်စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်သောကြောင့် အကုသလသာဓာရဏ စေတသိက်ဟူသော အမည်ကို ရရှိကြသည်။[၂]

လောဘအုပ်စု စေတသိက် (၃) လုံး ပြင်ဆင်ရန်

၅။ လောဘ = အာရုံကို မြတ်မြတ်နိုးနိုး ငါ့ဟာဟု စွဲယူခြင်းသဘော၊

= အာရုံကို လိုလားတပ်မက်ခြင်းသဘော၊

= အာရုံ၌ ကပ်ငြိခြင်းသဘော၊

၆။ ဒိဋ္ဌိ = အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော၊

= အာရုံကို နိစ္စ သုခ အတ္တ သုဘဟု အယူမှားခြင်းသဘော = ခံယူချက်မှားခြင်းသဘော၊

၇။ မာန = ငါ ငါဟု စိတ်တက်ကြွ မြင့်မောက်ခြင်းသဘော၊

= ထောင်လွှားခြင်းသဘော၊

= အသာယူလိုခြင်းသဘော၊[၂]

ဒေါသအုပ်စု စေတသိက် (၄) လုံး ပြင်ဆင်ရန်

၈။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်းသဘော၊ = ဖျက်ဆီးလိုခြင်းသဘော၊

၉။ ဣဿာ = သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ် ချမ်းသာကို ငြူစူ စောင်းမြောင်းခြင်းသဘော၊

= ကိုယ့်ထက်သာ မနာလိုခြင်းသဘော၊

၁၀။ မစ္ဆရိယ = မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်းသဘော၊

= မိမိ စည်းစိမ်ကို အထိမခံနိုင်ခြင်းသဘော၊ ဝန်တိုခြင်းသဘော၊

၁၁။ ကုက္ကုစ္စ = (က) ပြုခဲ့ပြီး ကျင့်ခဲ့ပြီးသော မကောင်းမှုအကုသိုလ်နှင့် ဒုစရိုက်တရားတို့ကို ပြုခဲ့မိ ကျင့်ခဲ့မိ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊

( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော ကောင်းမှုကုသိုလ်နှင့် သုစရိုက်တရားတို့ကို မပြုလိုက်ရ မကျင့်လိုက်ရ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊[၂]

သသင်္ခါရိကအုပ်စုဝင် စေတသိက် (၂) လုံး ပြင်ဆင်ရန်

၁၂။ ထိန = စိတ်ထိုင်းမှိုင်းခြင်းသဘော၊

= စိတ်မရွှင်လန်း မထက်သန်ခြင်းသဘော၊

၁၃။ မိဒ္ဓ = ယှဉ်ဖက် စေတသိက်တို့ ထိုင်းမှိုင်းခြင်းသဘော၊

= ယှဉ်ဖက် စေတသိက်တို့ မရွှင်လန်း မထက်သန်ခြင်းသဘော[၂]

မောဟအုပ်စု စေတသိက် (၁) လုံး ပြင်ဆင်ရန်

၁၄။ ဝိစိကိစ္ဆာ =

(၁) သမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်,

(၂) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ တရားစစ် တရားမှန်,

(၃) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ အရိယသာဝက သံဃာစစ် သံဃာမှန်,

(၄) သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော သိက္ခာသုံးပါး,

(၅) သံသရာ၏ ရှေ့အစွန်းဟူသော အတိတ်ဘဝ = အတိတ်ခန္ဓာ,

(၆) သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ = အနာဂတ်ခန္ဓာ,

(၇) သံသရာ၏ ရှေ့အစွန်း နောက်အစွန်းဟူသော အတိတ်+အနာဂတ်ဘဝ = အတိတ် အနာဂတ်ခန္ဓာ နှစ်မျိုးလုံး, (၈) ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား,[၆]

ဤ (၈)ဌာနတို့၌ ယုံမှားသံသယရှိခြင်းသဘော။[၇][၂]

သောဘဏစေတသိက် = အကောင်းစေတသိက် (၂၅) ပြင်ဆင်ရန်

သောဘဏ စေတသိက် (၂၅) လုံးမှာ –

(က) သောဘဏသာဓာရဏစေတသိက် = သောဘဏ အမည်ရသော အကောင်းစိတ်အားလုံးနှင့် ဆက်ဆံသော အမြဲယှဉ်တွဲ၍ဖြစ်သော စေတသိက် (၁၉)လုံး,

( ခ ) ဝိရတိ စေတသိက် (၃)လုံး,

( ဂ ) အပ္ပမညာ စေတသိက် ( ၂ )လုံး,

(ဃ) ပညိန္ဒြေ စေတသိက် (၁)လုံး, အားလုံးပေါင်းသော် (၂၅)လုံး ဖြစ်သည်။[၂]

သောဘဏသာဓာရဏစေတသိက် (၁၉) လုံး ပြင်ဆင်ရန်

၁။ သဒ္ဓါ = (ဝိစိကိစ္ဆာ၌ ဖော်ပြထားသော ရှစ်ဌာနတို့၌) ယုံမှု + ကြည်မှုသဘော၊ = ယုံကြည်ခြင်းသဘော = သက်ဝင်တည်နေခြင်းသဘော၊[၈]

၂။ သတိ = (သတိပဋ္ဌာန်လေးပါး စသော) သတိ၏တည်ရာ အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊ = အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊ = အာရုံကို မမေ့ပျောက်ခြင်းသဘော၊

၃။ ဟိရိ = (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊

၄။ ဩတ္တပ္ပ = (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊

၅။ အလောဘ = လောကီအာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊ = ငါ့ဟာဟု မစွဲယူခြင်းသဘော၊

၆။ အဒေါသ = အာရုံပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊ = မဖျက်ဆီးလိုခြင်းသဘော၊

၇။ တတြမဇ္ဈတ္တတာ = (စိတ်တက်ကြွ မြင့်မောက်မှု မာန, စိတ်တွန့်ဆုတ်မှု ထိန + မိဒ္ဓ ဤ တရားနှစ်မျိုးဘက်သို့ စိတ်ကို မရောက်စေဘဲ စိတ်+စေတသိက်တို့ကို မိမိတို့ ကိစ္စ၌ အပိုအလွန် မရှိစေရအောင်) အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊ = အာရုံကို အညီအမျှ လျစ်လျူရှုခြင်းသဘော၊

၈။ ကာယပဿဒ္ဓိ = စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊

၉။ စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းအေးခြင်းသဘော၊

၁၀။ ကာယလဟုတာ = စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော၊

၁၁။ စိတ္တလဟုတာ = စိတ်လျင်မြန် ပေါ့ပါးခြင်းသဘော၊

၁၂။ ကာယမုဒုတာ = စေတသိက်တို့ နူးညံ့ပျော့ပျောင်းခြင်းသဘော၊

၁၃။ စိတ္တမုဒုတာ = စိတ်နူးညံ့ပျော့ပျောင်းခြင်းသဘော၊

၁၄။ ကာယကမ္မညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စေတသိက်တို့ ခံ့ညားခြင်းသဘော၊ = အချိုးကျ အဆင်ပြေခြင်းသဘော၊ (ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော။)

၁၅။ စိတ္တကမ္မညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စိတ်ခံ့ညားခြင်းသဘော၊ = အချိုးကျ အဆင်ပြေခြင်းသဘော၊ (ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊)

၁၆။ ကာယပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထိုကောင်းမှု၌ စေတသိက်တို့ ပြွမ်းတီး (= ပွန်းတီး) လေ့လာနိုင်နင်းခြင်းသဘော၊ = ကျွမ်းကျင်လိမ္မာခြင်းသဘော၊ = ကိလေသာ အနာကင်းခြင်းသဘော၊

၁၇။ စိတ္တပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထိုကောင်းမှု၌ စိတ် ပြွမ်းတီး (= ပွန်းတီး) လေ့လာ နိုင်နင်းခြင်းသဘော၊ = ကျွမ်းကျင်လိမ္မာခြင်းသဘော၊ = ကိလေသာ အနာကင်းခြင်းသဘော၊

၁၈။ ကာယုဇုကတာ = စေတသိက်တို့ ဖြောင့်မတ်ခြင်းသဘော၊ = မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊

၁၉။ စိတ္တုဇုကတာ = စိတ်ဖြောင့်မတ်ခြင်းသဘော၊ = မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော။

မာယာနှင့် သာဌေယျ ပြင်ဆင်ရန်

ထင်ရှားရှိသော အပြစ်ကို ဖုံးကွယ်ထားခြင်းသဘောကား မာယာတည်း။

ထင်ရှားမရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း = ထင်ရှားပြခြင်းသဘောကား သာဌေယျတည်း။[၉][၂]

ဝိရတိ စေတသိက် (၃) လုံး ပြင်ဆင်ရန်

၁။ သမ္မာဝါစာ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ = ဝစီဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊

၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ = ကာယဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊

၃။ သမ္မာအာဇီဝ = အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါး, ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊ = အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ကာယဒုစရိုက် ဝစီဒုစရိုက်ကို မလွန်ကျူးခြင်း သဘော။[၂]

အပ္ပမညာ စေတသိက် (၂) လုံး ပြင်ဆင်ရန်

၁။ ကရုဏာ = ဒုက္ခိတ သတ္တဝါကို အာရုံပြု၍ သနား ကြင်နာခြင်းသဘော၊ = ဆင်းရဲဒုက္ခမှ ကယ်တင်လိုခြင်းသဘော၊

၂။ မုဒိတာ = သုခိတ သတ္တဝါကို အာရုံပြု၍ ကြည်သာ ဝမ်းမြောက်ခြင်းသဘော၊ = သူ့စည်းစိမ်ကို မငြူစူခြင်းသဘော၊[၂]

ပညိန္ဒြေ စေတသိက် (၁) လုံး ပြင်ဆင်ရန်

၁။ ပညိန္ဒြေ = ပညာ = ပရမတ္ထဓမ္မတို့၏ သဘောမှန်ကို ထွင်းဖောက် သိမြင်ခြင်းသဘော၊

= သစ္စာ (၄)ပါး အမှန်တရားကို ထွင်းဖောက် သိမြင်ခြင်းသဘော။

ဉာဏ်ဟုလည်းကောင်း, အမောဟဟုလည်းကောင်း, သမ္မာဒိဋ္ဌိဟုလည်းကောင်း, ဓမ္မဝိစယဟုလည်းကောင်း ခေါ်သော ပညာကိုပင် သစ္စာ (၄)ပါးကို သိမှုကိစ္စ၌ အစိုးတရဖြစ်သောကြောင့် ပညိန္ဒြေဟု ခေါ်ဆိုပေသည်။

ဤတွင် အကောင်း သောဘဏစေတသိက် (၂၅)လုံး ပြီး၏၊[၂]


ကိုးကား ပြင်ဆင်ရန်

  1. (မဟာဋီ၊၂၊၂၃၅။)
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ ၂.၁၃ ၂.၁၄ ၂.၁၅ ၂.၁၆ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  3. မှတ်ချက်---- စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော စိတ်စေတသိက်တရားစုတို့ကို သမ္ပယုတ်တရားဟု ခေါ်ဆိုသည်။ အထက်ပါ စေတသိက်တို့တွင် ဧကဂ္ဂတာစေတသိက်ကို အချို့အရာ၌ စိတ်တည်ကြည်မှု စွမ်းအင်ကို အမှီပြု၍ သမာဓိန္ဒြေ သမာဓိဗိုလ် သမာဓိသမ္ဗောဇ္ဈင် သမ္မာသမာဓိမဂ္ဂင် ဥပစာရသမာဓိ အပ္ပနာသမာဓိ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပေသည်။ တစ်ဖန် ဝေဒနာစေတသိက်ကိုလည်း သတိပြုပါ။ ဝေဒနာစေတသိက်သည် စိတ်တိုင်းစိတ်တိုင်း၌ ယှဉ်သော သဗ္ဗစိတ္တသာဓာရဏ စေတသိက်တစ်မျိုး ဖြစ်၏၊ အသိစိတ်ရှိနေသမျှ ကာလပတ်လုံး ဝေဒနာကား အမြဲတမ်း ပါဝင်တည်ရှိနေမည်သာ ဖြစ်၏၊ ထိုဝေဒနာမှာ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာဟူသော ဝေဒနာ ငါးမျိုးတို့တွင် တစ်မျိုးမျိုး ဖြစ်နိုင်၏၊ ဝေဒနာမပါသော ဝေဒနာမယှဉ်သော စိတ်ဟူသည် ဗုဒ္ဓအဘိဓမ္မာ၌ မရှိစကောင်းပေ။ ဝေဒနာကား ချုပ်၏၊ အသိစိတ်ကား မချုပ်ဟူသော ဝါဒမှာ ဗုဒ္ဓအဘိဓမ္မာ၏ အယူအဆ မဟုတ်ပေ၊၊
  4. အာရုံတစ်ခုပေါ်၌ ယှဉ်ဖက်စိတ်စေတသိက် = သမ္ပယုတ်တရားတို့ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်းသဘော ဖြစ်သည်။ မကောင်းဘက်၌လည်း လောဘဖြစ်အောင်, ဒေါသဖြစ်အောင်, မောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုး၊ အကောင်းဘက်၌လည်း အလောဘဖြစ်အောင်, အဒေါသဖြစ်အောင်, အမောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုးတည်း။ သမာဓိပိုင်း၌ သမာဓိဖြစ်အောင် ကြိုးစားမှု, ဝိပဿနာပိုင်း၌ ဓာတ်ကြီးလေးပါးကို သိအောင် ကြိုးစားမှု, ရုပ်တရားကို သိအောင် ကြိုးစားမှု, နာမ်တရားကို သိအောင် ကြိုးစားမှု, အကြောင်းတရားတို့ကို သိအောင် ကြိုးစားမှု, အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို သိအောင် ကြိုးစားမှုမျိုးတည်း။
  5. အာရုံတစ်ခုပေါ်၌ လောဘဖြစ်လိုသည့်သဘော, ဒေါသဖြစ်လိုသည့်သဘော, မောဟဖြစ်လိုသည့်သဘော, အလောဘ ဖြစ်လိုသည့်သဘော, အဒေါသဖြစ်လိုသည့်သဘော, အမောဟဖြစ်လိုသည့်သဘော, သမာဓိဖြစ်လိုသည့် သဘော, ပညာဖြစ်လိုသည့် သဘော ဤသို့စသည်ဖြင့် အရာဌာနအားလျော်စွာ သဘောပေါက်ပါလေ။ မြင်လိုမှု ကြားလိုမှု နံလိုမှု အရသာသိလိုမှု ထိလိုမှု သိလိုမှု သဘောများကို အာရုံကို ပြုလုပ်လိုသည့်သဘောဟု ဆိုလိုသည်။
  6. မှတ်ချက်---- ကံ-ကံ၏အကျိုးတရားအပေါ်၌ သံသယရှိခြင်းများသည်လည်း ဤကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ သံသယရှိမှုတွင် အကျုံးဝင်လျက်ရှိပေသည်။
  7. (အဘိ၊၁၊၂၀၈။)
  8. မှတ်ချက်---- ဤကား ခြုံငုံ၍ ရေးသားထားခြင်း ဖြစ်သည်။ နေရာဌာနသို့ လိုက်၍ ခွဲခြားယူတတ်ဖို့ လိုပေသည်။ ၁။ ဘုရားဂုဏ်ကို အာရုံယူရာ၌ ဘုရားဂုဏ်၌ ယုံကြည်မှု, ၂။ တရားဂုဏ်ကို အာရုံယူရာ၌ တရားဂုဏ်ကို ယုံကြည်မှု, ၃။ သံဃာ့ဂုဏ်ကို အာရုံယူရာ၌ သံဃာ့ဂုဏ်ကို ယုံကြည်မှု, ၄။ သီလပိုင်း၌ သီလသိက္ခာ သီလကျင့်စဉ်ကို ယုံကြည်မှု, သမာဓိပိုင်း၌ ဈာန်သမာဓိသိက္ခာ = သမာဓိကျင့်စဉ်ကို ယုံကြည်မှု, ပညာပိုင်း၌ ရုပ်နာမ်ပရမတ်တို့၏ သဘာဝမှန်ကို ထွင်းဖောက်သိသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှု, သစ္စာ လေးပါးကို ထိုးထွင်းသိအောင် ကျင့်ရသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှု, ၅။ အတိတ်ကို ရှုရာ၌ အတိတ်ခန္ဓာတို့၌ တကယ်ထင်ရှားရှိသည်ဟု ယုံကြည်မှု, ၆။ အနာဂတ်ကို ရှုရာ၌ အနာဂတ်ခန္ဓာတို့၌ တကယ်ထင်ရှားရှိသည်ဟု ယုံကြည်မှု, ၇။ အတိတ်+အနာဂတ် နှစ်မျိုးလုံးကို ရှုရာ၌ အတိတ်+အနာဂတ် ခန္ဓာ နှစ်မျိုးလုံး၌ တကယ်ထင်ရှားရှိသည်ဟု ယုံကြည်မှု, ၈။ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တို့ကို ရှုရာ၌ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌ ယုံကြည်မှု၊ ဤသို့ စသည်ဖြင့် အရှုခံအာရုံသို့ လိုက်၍ ယုံကြည်မှုများ ကွဲပြားပုံကို သဘောပေါက်ပါလေ။
  9. သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ။ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၈၄။) အသန္တဂုဏပကာသနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၁၂၈။)