ဆမိုးဝါးကျွန်းစု (အင်္ဂလိပ်: Samoa Islands) သည် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းတွင် တည်ရှိသော ကျွန်းစုတစ်ခုဖြစ်ပြီး ကျွန်းကြီး ကိုးကျွန်းနှင့် ကျွန်းငယ် ငါးကျွန်းပါဝင်၏။ ထိုကျွန်းများသည် တွန်းဂါးကျွန်စုမှ မြောက်ဘက် ၁၃ဝ မိုင် အကွာတွင် ရှိ၍၊ ဖီးဂျီးကျွန်းမှ အရှေ့မြောက်ဘက်မိုင် ၄ဝဝ မှမိုင် ၅ဝဝ အထိ ကွာဝေးလေသည်။ ထိုကျွန်းအားလုံးသည် မီးတောင်များမှ ဖြစ်ပေါ်ခဲ့သော ကျွန်းများဖြစ်ကြ၏။ ယင်းတို့ အားလုံးလိုလိုပင် သန္တာကျောက်တန်းများနှင့် ဝန်းရံလျက်ရှိသည်။ ထိုကျွန်းများ၏ အကျယ်အဝန်းမှာ စတုရန်မိုင် ၁၂ဝ၃ မိုင်မျှရှိ၍၊ လူဦးရေ ၁၁,ဝဝဝ ယောက်ရှိလေသည်။

ဆမိုးဝါးကျွန်းများတွင် တောင်ကုန်းများရှိ၍ အတွင်းဘက်၌ သစ်တောများ ဖုံးလွှမ်းလျက်ရှိ၏။ ပင်လယ်ကမ်းရိုးတန်းမှာ ကမ်းပါးစောက်များ ဖြစ်သည်။ တူးတုအီးလားကျွန်းရှိ ပါးဂိုးပါးဂိုးမြို့သည် ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းတွင် သင်္ဘောဆိပ်ကောင်းတစ်ခုဖြစ်၍ အမေရိကန်ရေတပ်စခန်းမြို့လည်း ဖြစ်လေသည်။ ထိုကျွန်းစု၏ ထွက်ကုန်များမှာ အုန်းသီးဆန်ခြောက်၊ ကိုကိုး၊ ကြက်ပေါင်စေး၊ ငှက်ပျောသီးနှင့် သစ်သီးများဖြစ်သည်။

ထိုကျွန်းစုကို ၁၇၂၂ ခုနှစ်က ပင်လယ်ခရီးသွား ဒပ်လူမျိုး တစ်ဦးက စတင်တွေ့ရှိခဲ့၏။ ၁၇၆၈ ခုနှစ်တွင် ဗူးဂင်ဗီးကနဲဗီ ဂေးတားကျွန်းစုဟု အမည်ပေးခဲ့သည်။ ၁၈၆၈ ခုနှစ်မှစ၍ ထိုကျွန်းစုရှိ တိုင်းရင်းသားအကြီး အကဲများသည် အချင်းချင်း တန်ခိုးအာဏာလုပွဲဖြစ်ကာ တိုက်ခိုက်ခဲ့ကြ၏။ ထိုအခါ ဂရိတ်ဗြိတိန်ဂျာမနီနှင့် အမေရိကန်တို့သည် တိုင်းရင်းသားများအရေးတွင် ဝင်ရောက်စွက်ဖက်ကြပြီးလျှင်၊ ထိုကျွန်းစုများကို ပိုင်ဆိုင်လွှမ်းမိုးနိုင်ရန်ကို ကြိုးစားလာကြလေ၏။ ၁၈၉၉- ၁၉ဝဝ ခုနှစ်များတွင်ကား သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ကြရာ၊ ထိုစာချုပ်အရ ဂရိတ်ဗြိတိန်သည် ဆမိုးဝါးကျွန်းစုများတွင် ရရှိထားသော အခွင့်အရေးများကို စွန့်လွတ်၍၊ ဂျာမနီနှင့် အမေရိကန်တို့ကို အလျှော့ပေးရလေ၏။ ယင်းသို့ဖြင့် ထိုနိုင်ငံကြီးနှစ်နိုင်ငံက ပထမကမ္ဘာစစ်ကြီးမဖြစ်မီအထိ ထိုကျွန်းစုများကို ကြီးစိုးနေခဲ့၏။

ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ၊ ဗြိတိသျှစစ်တပ်များသည် ဂျာမနီပိုင် အူပိုးလူကျွန်းရှိ အပီယာသင်္ဘောဆိပ်မြို့ကို သိမ်းပိုက်လိုက်ကြ၏။ ၁၉၂ဝ ပြည့်နှစ်တွင်ကား နိုင်ငံပေါင်းချုပ် အသင်းကြီးက ဆမိုးဝါး ကျွန်းစုထဲမှ ဂျာမန်တို့ကြီးစိုးခဲ့သော ကျွန်းအားလုံးကို နယူးဇီလန်၏ ဩဇာခံအဖြစ် ထားပေးခဲ့၏။ ထိုကျွန်းများကို အနောက်ဘက်ဆမိုးဝါးနယ်ဟု ခေါ်သည်။ အမေရိကန်ပိုင်သော ဆမိုးဝါးကျွန်းများကို အမေရိကန်ရေတပ်က စောင့်ကြပ်အုပ်ချုပ်လျက်ရှိ၏။ တူးတုအီးလားမှာ အမေရိကန်ပိုင် ဆမိုးဝါးကျွန်းစုထဲတွင် အရေးပါဆုံးကျွန်း ဖြစ်သည်။ ထိုကျွန်းသည် ပစိဖိတ်သမုဒ္ဒရာဖက်ရှိ အမေရိကန်စစ်စခန်းများ၊ ရေကြောင်းခံတပ်များနှင့် ဆက်သွယ်ရာ၌ အရာရောက်လှသော ရေတပ်စခန်းဖြစ်၏။

ဆမိုးဝါးကျွန်း ချိုင့်ဝှမ်းဒေသတို့မှာ မြေဩဇာကောင်း၏။ ရာသီဥတုလည်း သင့်တင့်မျှတသည်။ ဆမိုးဝါးတိုင်းရင်းသားများသည် ပေါ်လီနီးရှင်း လူမျိုးစုမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ အရပ် ထောင်ထောင်မောင်းမောင်းရှိ၍၊ အသားညိုလျက် ရုပ်ရည်တင့်တယ်သည်။ ရိုးရိုးနှင့် အေးအေးနေတတ်သည်။ စေတနာကောင်း၍ စိတ်ထားမြင့်မြတ်သူများလည်းဖြစ်ကြသည်။ များသောအားဖြင့် ခရစ်ယန်များ ဖြစ်ကြ၏။

အူပိုးလူကျွန်း၌ အင်္ဂလိပ်စာရေးဆရာကြီး ရောဗတ် လူဝီ စတီဗင်ဆန်သည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့၍၊ ထိုကျွန်း၌ပင် ကွယ်လွန်ခဲ့ရာ၊ အပီယာမြို့အနီးတွင် မြှုပ်နှံထားလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်