ဒေါ်ဆွေဇင်ထိုက် (၁၃ ဇွန် ၁၉၅၃ မွေးဖွား၊ Grace ဟုလည်း သိကြ) သည် မြန်မာရုပ်ရှင် အကယ်ဒမီသရုပ်ဆောင်တစ်ဦး ဖြစ်သည်။

ဒေါ်ဆွေဇင်ထိုက်
မွေးဖွား (1953-06-13) ၁၃ ဇွန်၊ ၁၉၅၃ (အသက် ၇၀)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
အခြား အမည်များGrace
မိခင်ကျောင်းရန်ကုန်စီးပွားရေးတက္ကသိုလ်
အ.ထ.က(၂)စမ်းချောင်း
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၁–၁၉၉၁
ရရှိသည့်ဆုများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (အမျိုးသမီးဇာတ်ပို့ ၁၉၇၇)
ဝက်ဘ်ဆိုဒ်graceswezinhtaik.blogspot.com

အစောပိုင်းဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ဒေါ်ဆွေဇင်ထိုက်ကို ရန်ကုန်မြို့တွင် ၁၉၅၃ ခုနှစ်၊ ဇွန်လ ၁၃ နေ့ရက်က မွေးဖွားခဲ့သည်။ အ.ထ.က(၂)စမ်းချောင်းမှ ၁ဝ တန်း အောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ် မှ B.Com. (I.T.) ဘွဲ့ ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် Burma Council of Account မှ စာရင်းကိုင် ဒီပလိုမာ ရခဲ့သည်။

ဒေါ်ဆွေဇင်ထိုက် ၁၉၈၉ တွင် Alliance Francaise မှ ပြင်သစ်ဘာသာ ဒီပလိုမာ (Diplome de Langue Francaise) ရရှိခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုလော့စ်အိန်ဂျယ်လိစ် ရှိ University of Southern California က ပို့ချသော မီဒီယာ ခေါင်းဆောင်သင်တန်းကို (Media Leadership Training Program, specialization in Social Content Media Production Course) တက်ရောက် လေ့လာခဲ့သူလည်း ဖြစ်သည်။

သရုပ်ဆောင်ဘဝ ပြင်ဆင်ရန်

ဒေါ်ဆွေဇင်ထိုက်သည် ၇ တန်း ဖြေဆိုပြီးနောက် နွေရာသီ ကျောင်းပိတ်ရက်တွင် ရှုမဝ ဦးကျော်၏ 'ရှုမဝ သရုပ်ဆောင် သင်တန်း' ကို တက်ရောက် သင်ကြားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဒေါ်ဆွေဇင်ထိုက်သည် ရှုမဝဦးကျော် ရိုက်ကူးမည့် စေလိုရာစေရုပ်ရှင် ဇာတ်ကားအတွက် သရုပ်ဆောင်သစ် လျှောက်လွှာခေါ်ရာမှစ၍ အနုပညာလောကထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် ဇော်ဝမ်း၊ လင်းထင်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ခဲ့သည်။ ဒေါ်ဆွေဇင်ထိုက်သည် ရုပ်ရှင် ဇာတ်ကူး မရိုက်ကူးမီ ၁ဝ တန်း စာမေးပွဲ ဖြေဆိုပြီးမှ ပထမနှစ် တက္ကသိုလ် ကျောင်းသူဘဝတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

မင်းသား ညွန့်ဝင်း၊ မင်းသမီးများအဖြစ် ဝါဝါဝင်းရွှေမေဝင်းမောင် တို့နှင့် တွဲဖက် သရုပ်ဆောင် ရိုက်ကူးခဲ့သော မိန်းကလေးရှင်ရဲ့ဆန္ဒ ရုပ်ရှင်ဇာတ်ကားဖြင့် ၁၉၇၇ ခုနှစ် အတွက် အကယ်ဒမီဆု (အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့) ကို ဒေါ်ဆွေဇင်ထိုက်က ရရှိခဲ့သည်။

ဒေါ်ဆွေဇင်ထိုက်သည် အောင်မြင်နေချိန်တွင် ရုပ်ရှင် သရုပ်ဆောင် တစ်ဦးဖြစ်သော စိန်မြင့် နှင့် ခိုးရာ လိုက်ပြေးခဲ့သည့်အတွက် ဟိုးလေးတကျော် ဖြစ်ခဲ့သည်။ ထိုကာလတွင် ထုတ်ဝေခဲ့သော သတင်းစာများ၏ မျက်နှာဖုံးတွင် "ကိုကို့ကို ကျမက ခိုးတာပါ" ဟူသော ခေါင်းစဉ်များဖြင့် ကျော်ကြားခဲ့သည်။

၁၉၇၇ ခုနှစ်တွင် ရုံတင် ပြသခဲ့သော အဖေတခု သားတခု ဇာတ်ကားတွင် စိန်မြင့်၊ ဇော်လင်းအောင်ထွန်းလေး၊ ဆွေဇင်ထိုက်တို့ သရုပ်ဆောင်ခဲ့ကြပြီး မိန်းကလေးရှင်ရဲ့ ဆန္ဒ ဇာတ်ကားတွင် ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ဆွေဇင်ထိုက်၊ မေဝင်းမောင်၊ နန်းဝေဝေ ၊ မိုးမမမျိုး တို့ ပါဝင် သရုပ်ဆောင်ခဲ့ကြသည်။

၁၉၉၁ ခုနှစ်တွင် ရုပ်ရှင်လောကမှ အနားယူခဲ့သည်။ ဒေါ်ဆွေဇင်ထိုက်သည် ၁၉၇၁ ခုနှစ်မှ ၁၉၉၁ ခုနှစ် အတွင်း ရုပ်ရှင် ဇာတ်ကားပေါင်း ၂၀ဝ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး၊ ဇာတ်လမ်းပေါင်း ၅ဝ ကျော်ကို ထုတ်လုပ်သူ သို့မဟုတ် ဒါရိုက်တာ အဖြစ် ရိုက်ကူး တင်ဆက်ခဲ့သူ ဖြစ်သည်။

နိုင်ငံတကာ ခရီးစဉ်များ ပြင်ဆင်ရန်

၁၉၉၅ နှင့် ၁၉၉၇ နှစ်များတွင် ဟောင်ကောင် တက္ကသိုလ်တွင် ကျင်းပသော အသိဉာဏ်ပညာ ဆိုင်ရာ တီထွင်မှုများနှင့် ပတ်သက်သော မူပိုင်ခွင့် အခွင့်အရေးများ (Intellectual Property Rights Seminar) စီမီနာကို မြန်မာ ရုပ်ရှင်ထုတ်သူများ ကိုယ်စား တက်ရောက်ရန် ရွေးချယ်ခြင်း ခံခဲ့ရသည်။

၂၀၀ဝ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံ Natal University တွင် ကျင်းပခဲ့သော (၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံကို လေ့လာသူ အဖြစ် တက်ရောက်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့ ဆိုဘုန်း တက္ကသိုလ် (Sorbonne University) နှင့် သုတေသန ဝန်ကြီးဌာန (Ministry of Research) တို့ ပူးတွဲ ကျင်းပသော အရှေ့တောင် အာရှ ဒေသအတွင်း ရွှေ့ပြောင်း အလုပ်သမားများ အတွက် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ 'Health Information for Migrants in South East Asia' ဆွေးနွေးပွဲကို တက်ရောက်ပြီး စာတမ်း တင်သွင်းခဲ့သလို၊ ရုပ်ရှင် ထုတ်လုပ်သူများ ကိုယ်စား ကွာလာလမ်ပူ ကမ္ဘာ့ ရုပ်ရှင်ပွဲတော် (KL World Film Festival) ကို တက်ရောက်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် ကျင်းပသော (၅) ကြိမ်မြောက် အာရှရုပ်ရှင် ပွဲတော် (Fifth Asian Eye Film Festival) ကို တက်ရောက်ပြီး 'Myanmar movies: Past, Present & Future' စာတမ်းကို ဖတ်ကြားခဲ့သလို၊ မြန်မာနိုင်ငံ အကြောင်း မီးမောင်း ထိုးပြနိုင်သော ဇာတ်ကား ရှစ်ကားကိုလည်း အင်္ဂလိပ် စာတန်းထိုးကာ ပြသနိုင်ခဲ့သည်။

အလုပ်အကိုင် ပြင်ဆင်ရန်

၁၉၇၈ မှ ၁၉၈၁ ခုနှစ် အထိ Commerce Graduate Association (Myanmar) ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၈၉ မှ ၁၉၉၁ အထိ ရုပ်ရှင် အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၉ဝ မှ ၁၉၉၂ အထိ ရန်ကုန် ယူနီဆက် (UNICEF)၊ IDD project သတင်း ပြန်ကြားရေး အရာရှိ၏ အတိုင်ပင်ခံ၊ ၁၉၉၃ မှ ၂၀၀၃ အထိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း (Myanmar Maternal & Child Welfare Association) ၏ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၉၉ မှ ၂၀၀၆ အောက်တိုဘာ အထိ Population Services International Myanmar (PSI - Myanmar) ၏ ဆက်သွယ်ရေး အရာရှိ (အသံလွှင့် ဌာနများ၊ Broadcast Media)၊ ၂၀၀၅ ဖေဖော်ဝါရီ မှ ၂၀၀၇ ဖေဖော်ဝါရီ အထိ မြန်မာ ခရစ်ကက် ဖက်ဒရေးရှင်း အထွေထွေ အတွင်းရေးမှူး၊ ၂၀၀၅ ဇွန် မှ ၂၀၀၇ ဇူလိုင် အထိ ရုပ်ရှင် အစည်းအရုံး တွဲဖက် အတွင်းရေးမှူး (၃) အစရှိသော တာဝန်များကို ထမ်းဆောင်ခဲ့သလို၊ ၂၀၀၇ မှစ၍ မြန်မာ ဟော်ကီ ဖက်ဒရေးရှင်း၏ အတွင်းရေးမှူး (အမျိုးသမီးရေးရာ) အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိပြီး အတွေ့အကြုံ နှင့် အမြင်များကို ဘလောက်ရေးသားခြင်းဖြင့် မျှဝေနေလေသည်။

ကိုးကား ပြင်ဆင်ရန်