တာဝတိံသာဘုံ

(တာဝတိံသာ မှ ပြန်ညွှန်းထားသည်)

မာဃလုလင် အမှူးရှိသော အတူတကွ ကုသိုလ်ကောင်းမှုပြုဖော်ပြုဖက် ဖြစ်သော (၃၃) ယောက်သော သူတို့၏နေရာဖြစ်သော ဘုံကို တာဝတိံသာနတ်ဘုံဟု ခေါ်သည်။

တာဝတိံသာနတ်ပြည်သည် မြင်းမိုရ်တောင်ထိပ်၌ တည်သောကြောင့် စတုမဟာရာဇ်နှင့် ယူဇနာ ၄၂,၀၀၀ ကွာဝေးသည်ဟု ဆိုကြသည်။

တာဝတိံသာနတ်ပြည်၏ တည်နေပုံမှာ ယူဇနာတစ်သောင်း ကျယ်ပြန့်သည်။

ထိုနတ်ပြည်၌ တံခါးပေါင်း တစ်ထောင်ရှိ၍ အရှေ့တံခါးနှင့် အနောက်တံခါး၊ တောင်နှင့် မြောက်တံခါးတို့သည် ယူဇနာတစ်သောင်း ကွာဝေးသည်။

နတ်ပြည်၏အလယ်တွင် ရတနာခုနှစ်ပါးနှင့် စီခြယ်ထားသော ယူဇနာတစ်ထောင် မြင့်သော ဝေဇယန္တာပြာဿဒ်ကြီး တစ်ခုရှိသည်။ ထို ပြာဿဒ်ကြီးကို ယူဇနာသုံးရာ မြင့်သော ထီးတံခွန်တို့ဖြင့် ဝိုင်းရံထားလျက် ရှိလေသည်။

ထို့ပြင် ယူဇနာငါးဆယ်ကျယ်သော နန္ဒာရေကန်နှင့် နတ်သစ်ပင်၊ ပန်းပင်တို့ဖြင့် ဝေဆာသော ယူဇနာခြောက်ဆယ်ရှိသော ဥယျာဉ်ကြီး(၅)ခု တို့သည်လည်း သာယာကြည်နူးဖွယ် ရှိသည်။

ဥယျာဉ်ကြီး(၅)ခု ပြင်ဆင်ရန်

(၁) နန္ဒဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၁ဝဝဝ)ကျယ်၍ နတ်တို့နှစ်သက်စွာပျော်ပါးရာ ဥယျာဉ်တော်။

(၂) ဖာရုသက ဥယျာဉ်၊ မြို့၏တောင်ဘက် ယူဇနာ (၇ဝဝ)ကျယ်၍ ဖက်သက်အဖျော်ယမကာတို့သောက်စားကာ အသူရာတို့အား ကြိမ်းဝါးခြိမ်းခြောက်ရာ ဥယျာဉ်တော်။

(၃) စိတ္တလတာ ဥယျာဉ်၊ မြို့၏ အနောက်မျက်နှာ၊ ယူဇနာ (၅ဝဝ)ကျယ်၍ အာသာဝတီနွယ်နီနတ်ပန်းဆွတ်လှန်းပျော်ပါးရန်၊ ဆန်းကြယ်သောအဝတ်တန်ဆာ ယာဉ်ရထားတို့ဖြင့်ဝင်ထွက်ရာဥယျာဉ်တော်။

(၄) မိဿက ဥယျာဉ်၊ မြို့၏မြောက်ဘက် ယူဇနာ (၅ဝဝ)ကျယ်၍ နတ်သားနတ်သမီးတို့ယှဉ်တွဲပျော်မြူးရာ ဥယျာဉ်တော်။

(၅) မဟာဝန် ဥယျာဉ်၊ မြို့၏အရှေ့ဘက် ယူဇနာ (၇ဝဝ)ကျယ်၍ လှပဆန်းကြယ်နှစ်သက်ဖွယ်ရာ သုနန္ဒာ ရေကန်တော်ကြီးရှိသည်။[၁]

ထို့အပြင် တာဝတိံသာနတ်ပြည်တွင် ပင်လယ်ကသစ်ပင်ဟူ၍ ရှိသည်။ ပင်လယ်ကသစ်ပင်မှာ အဝန်း ယူဇနာသုံးရာ၊ လုံးပတ် တစ်ဆယ့်ငါးယူဇနာ၊ အမြင့် ယူဇနာတစ်ရာရှိသည်။ ထိုအပင်ရင်း၌ ယူဇနာအားဖြင့် အလျားခြောက်ဆယ်၊ အနံငါးဆယ်၊ ထု တစ်ဆယ့်ငါးယူဇနာရှိသော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ တည်ရှိသည်။ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ သည် လယ်ခေါင်ရမ်းပွင့် အရောင်အသွေးကဲ့သို့ နီတွေးသောအရောင် အဆင်းရှိသည်။ ၎င်းသည် အလွန်နူးညံ့သော ကမ္ဗလာဖြစ်၍ သိကြားမင်းထိုင်လျှင် ကိုယ်တစ်ဝက်မြုပ်၍ ထလျှင်ပြန်၍ ပြည့်မြဲပြည့်သော ကမ္ဗလာ ဖြစ်သည်။

တာဝတိံသာ၌ ကုသိုလ်ကောင်းမှုပြုရန် စူဠာမဏိစေတီတော် ရှိသည်။ ထိုစေတီတော်သည်ယူဇနာတစ်ရာမြင့်သော မြသားစေတီတော်ဖြစ်သည်။ မြတ်စွာဘုရား၏ ဆံတော်၊ မကိုဋ်တော်သာမက လက်ယာအထက်စွယ်တော်ပါ ကိန်းဝပ်တည်ရှိပေသည်။

သုဓမ္မာ ဓမ္မာရုံ ပြင်ဆင်ရန်

သုဓမ္မာ အမည်ရှိ နတ်သဘင် ဓမ္မာရုံကြီးလည်း ရှိသည်။ သုဓမ္မာဇရပ်ကြီး၌ နတ်တို့၏ အစည်းအဝေးများကို အောက်ပါအကြောင်းလေးပါးကြောင့် ကျင်းပပြုလုပ်ကြသည်။

(၁) ဝဿူပနာယိက သင်္ဂဟတ္ထံ၊ ဝါဆိုသံဃာတော်တို့ကို ချမ်းသာစွာတရား အားထုတ်နိုင်ရေးအတွက် စောင့်ရှောက် ပေးဖို့ရန် ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့၌စည်းဝေးကာတိုင်ပင်စေခြင်း၊

(၂) ပဝါရဏာသင်္ဂဟတ္ထံ၊ ပဝါရဏာပွဲတို့၌ သံဃာတော်များချမ်းသာစွာပြုနိုင်ရေးအတွက် တာဝန်ပေးရန်အစည်းအဝေးပြုခြင်း၊

(၃) ဓမ္မ သဝနတ္ထံ- တရားနာရန်အလို့ငှာ အစည်းအဝေးကြီးပြုလုပ်ခြင်း၊

(၄) ပါရိ စ္ဆတ္တက ကိဠာနု ဘဝနတ္ထံ၊ ပင်လယ်ကသစ်ပန်းပွင့်ချိန်၌ ပန်းဆွတ်ပျော်ပွဲကြီး ဆင်ယင်ကျင်းပရေးအတွက် သုဓမ္မာဇရပ်ကြီး၌ အစည်းအဝေး ပြုလုပ်ကြခြင်း။

တာဝတိံသာမှ အထက်ယာမာ စသောနတ်ပြည်များ၌ကား အာကာသဋ္ဌ (ဝါ) “အာကသဇိုဝ်း” နတ်များသာ ရှိကြသည်။ဤဘုံတွင် သိကြားမင်းနှင့် ပဇာပတိ၊ ဝရုဏ ဤသာန စသော (၃၃)ပါးသော နတ်မင်းကြီးတို့ စံနေကြသည်။ တာဝတိံသာနတ်သက်သည် အနှစ်(၁၀၀၀)ဖြစ်သည်။

လူတို့၏ နှစ်အရေအတွက် သုံးကုဋေခြောက်သန်းရှိသည်။

လူတို့၏ နှစ်(၁၀၀)သည် တာဝတိံသာနတ်၌ (၁)ရက် ဖြစ်သည်။ [၂][၃]

ကျမ်းကိုး ပြင်ဆင်ရန်

  1. သုတ်မဟာဝါ အဋ္ဌကထာ
  2. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  3. တက္ကသိုလ်သျှင်သီရိ“နတ်ပြည်ရောက်လူသားတို့၏ ဘဝအတွေ့အကြုံများ”