ထိုးမြဲလက်မှတ်

အထောက်အထားနှင့် ရည်ရွယ်ချက်တို့၏ သက်သေအဖြစ် ပြုလုပ်ထားသည့် လက်ရေးအမှတ်အသား

လူတစ်ဦး တစ်ယောက်အဖို့ သူ၏ ထိုးမြဲလက်မှတ်သည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးပါမကျန် တစ်သက်တာပတ်လုံး သူ၏ကိုယ်စားဖြစ်သည်သာမက တစ်ခါတစ်ရံ အဖွဲ့အစည်းတစ်ခုမှသည် လူမျိုးတစ်မျိုး တိုင်းပြည်တစ်ပြည်လုံးအတွက် ကိုယ်စားပြုရသည်အထိ တန်ဖိုးကြီးမားနိုင်သည်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးသောလူမျိုးတွင် စာပေဟူ၍ ဦးစွာပေါ်ပေါက်ခဲ့ပြီးနောက် မိမိ၏အမည်ကို ကမ္ပည်းရေးထိုးရာမှတစ်ဆင့် လက်မှတ်ရေးထိုးခြင်း အလေ့အထ ပေါ်ပေါက်လာခဲ့သည်။ အရေးပါအရာရောက်သော အကြောင်းတစ်ခု⁠ခုကို ခိုင်လုံတည်မြဲစေရန် ရေးမှတ်ကြရသည့်အခါ (စာမတတ်သူတို့အဖို့ လက်မနှိပ်ခြင်း၊ ကြက်ခြေခတ်ခြင်းများ ပြုကြသော်လည်း) စာတတ်သူအဖို့ ထိုးမြဲလက်မှတ်ကို သူ၏ ကိုယ်စားအဖြစ် ရေးထိုးကြသည်။

သီပေါမင်း၏ ထိုးမြဲလက်မှတ်

တန်ဖိုးအတက်အကျရှိသော ထိုးမြဲလက်မှတ် ပြင်ဆင်ရန်

လူတစ်ယောက်၏ အရည်အချင်း ငွေကြေးဥစ္စာ ရာထူးဌာန္တရမှ စ၍ တဖြေးဖြေး မြင့်တက်လာသည့်အခါ ထိုသူ၏ ထိုးမြဲလက်မှတ်တန်ဖိုးသည်လည်း မြင့်တက်လာရစမြဲ ဖြစ်သည်။ ဥပမာ - လူတစ်ယောက်သည် ဘဏ်တွင် ငွေသိန်းတစ်ထောင် အပ်နှံထားသည် ဆိုပါက သူ၏လက်မှတ်သည် ငွေသိန်းတစ်ထောင်တန်ပြီး အကယ်၍ ဘဏ်တွင် ငွေသန်းတစ်ထောင် အပ်နှံထားနိုင်သည်အထိ ကြွယ်ဝလာခဲ့လျှင် ထိုသူ၏ ထိုးမြဲလက်မှတ်သည်လည်း ငွေသန်းတစ်ထောင်တန်လာလေသည်။ လူမှုရေးနှင့် အခြားအရေးကိစ္စများတွင်လည်း ဤနည်းအတိုင်းပင် ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အနုပညာ၊ အတတ်ပညာ၊ အားကစားထင်ပေါ်ကျော်ကြားမှု၊ ကြည်ညိုလေးစားခံရမှု၊ ဩဇာအာဏာရှိမှု စသည်တို့ အပေါ်တွင် မူတည်၍လည်း ထိုပုဂ္ဂိုလ်၏ထိုးမြဲလက်မှတ်သည် တန်ဖိုးကြီးမားလာရပြန်သည်။

ရှားပါးသော ထိုးမြဲလက်မှတ်ကို ဝယ်ယူခြင်း ပြင်ဆင်ရန်

ကမ္ဘာလောကတွင် စားသောက်ဖွယ်ဖြစ်စေ၊ အထည်အလိပ်ဖြစ်စေ၊ လူသုံးပစ္စည်းဖြစ်စေ ရှားပါးလာလျှင် တန်ဖိုးကြီးမားလာသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခုအခါ ကမ္ဘာအရပ်ရပ်မှ ရှေးဟောင်းရှားပါးပစ္စည်း စုဆောင်းသူများသည် လက်ရာမြောက်ပစ္စည်းများ၊ အမှတ်တရ ပစ္စည်းများ၊ သမိုင်းဝင်ပစ္စည်းများသာမက အော်တိုများနှင့် ရှားပါးသော ထိုးမြဲလက်မှတ်များကိုပါ ဝယ်ယူစုဆောင်း နေကြသည်။ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တို့၏ ရှားပါးသော ထိုးမြဲလက်မှတ်များသည် တန်ဖိုးကြီးမားသည်သာမက အချိန်ကြာမြင့်သည်နှင့်အမျှ ငွေကြေးများစွာပေးမှ ဝယ်ယူရရှိနိုင်မည့် အကြောင်းကို လမ်းညွှန် ပြသသွားသူများအနက် ထင်ရှားသူတစ်ယောက်မှာ နာမည်ကျော် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဝတ္ထုများကို ရေးသားခဲ့သော စာရေးဆရာကြီး အိုင်ယင်ဖလင်းမင်း ပင်ဖြစ်သည်။


အိုင်ယင်ဖလင်းမင်းသည် ဆိုဗီယက်ခေါင်းဆောင်ကြီး စတာလင်၏ လက်မှတ်၊ အီတလီအာဏာရှင် မူဆိုလိုနီ၏ လက်မှတ်၊ ပန်းချီကျော် ပီကာဆို၏ လက်မှတ်၊ သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း၏လက်မှတ်၊ ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ၏ လက်မှတ် စသည်တို့ကို ခဲခဲယဉ်းယဉ်းရယူ စုဆောင်းခဲ့လေသည်။ ထိုပုဂ္ဂိုလ်များ ကွယ်လွန်သွားပြီးနောက် သူတို့၏ထိုးမြဲလက်မှတ်များသည် တန်ဖိုးအဆမတန် ကြီးမားလာခဲ့သည်။

ယခုအခါ ကမ္ဘာပေါ်တွင် ထင်ရှားသောပုဂ္ဂိုလ်များ ကိုယ်တိုင်ရေးထားသော အတွေးအခေါ် စာတိုပေစကလေးများနှင့် ထိုးမြဲလက်မှတ်ပါဝင်သည့် စာရွက်စာတမ်းများသည် အမှတ်တရ စုဆောင်းလိုသူများအတွက် တန်ဖိုးကြီး⁠ကြီးပေး၍ ဝယ်ယူမှရနိုင်သော ပစ္စည်းများဖြစ်လာလေသည်။ အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတကြီး ဂျော့ဝါရှင်တန်၊ သမ္မတ အီဗာရာဟင်လင်ကွန်း၊ သမ္မတ သောမတ်ဂျက်ဖာဆန်၊ ရုပ်ရှင်သရုပ်ဆောင် ဂျိမ်းဒင်း၊ စာရေးဆရာကြီး မတ်တွိုင်း၊ ဂျာမန်စစ်ဗိုလ်ချုပ် အာဝင်ရွမ်းမဲလ်၊ သမ္မတ ဂျွန်အက်ဖ် ကနေဒီတို့၏ ထိုးမြဲလက်မှတ်ပါသော စာရွက်စာတမ်းများကို ယခုအခါ တန်ဖိုးများ⁠များပေး၍ ဝယ်ယူနေကြသည်။ ၁၉⁠၉၄-ခုနှစ်၊ ဧပြီလအတွင်းက သမ္မတ ဂျော့ဝါရှင်တန်၏ လက်မှတ်ထိုးထားသော စာရွက်ဟူသမျှကို အနည်းဆုံး ဒေါ်လာ ၆၅၀၀ ပေး၍ ဝယ်ယူနေကြသလို သမ္မတလင်ကွန်း၏ ထိုးမြဲလက်မှတ်တစ်ခုသည် ဒေါ်လာ ၄၅၀၀ ပေါက်ဈေးရှိသည်။

နာမည်ကြီး ဆိုးသွမ်းသူတို့၏ လက်မှတ်များ ပြင်ဆင်ရန်

သမိုင်းဝင် ထင်ရှားသော ပုဂ္ဂိုလ်များသာမဟုတ် နာမည်ကြီး ဆိုးသွမ်းသူများ၏ စာနှင့် သူတို့၏ထိုးမြဲလက်မှတ်များကိုလည်း ယခုအခါ ဈေးကြီး⁠ကြီးပေး၍ ဝယ်ယူစုဆောင်းနေကြသည်။ သမ္မတလင်ကွန်းကို လုပ်ကြံသော တရားခံ ဂျွန်ဝီလ်စီဘုသ်၏ စာနှင့် လက်မှတ်ကို ဒေါ်လာ ၂၀⁠၀၀ ဖြင့်၎င်း၊ နာမည်ကျော် ဝရမ်းပြေး လူဆိုးကြီးဂျက်ဆီဂျိမ်းစ်၏ လူသိများသော ၎င်းလက်မှတ်ထိုးထားသည့် စာနှစ်စောင်ကို ဒေါ်လာ ၅၀⁠၀၀ နှင့် ဒေါ်လာ ၁၀⁠၀၀၀ အသီးသီးပေး၍ လေလံတင်ယူခဲ့ကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. သန်းဝင်းလှိုင်၏ စကားပြောနေသော လက်ရေးကလေးများနှင့် လက်မှတ်ကိုကြည့်၍ လူကဲခတ်ခြင်း စာအုပ်မှ