နတ်လှောင်ကျောင်း

ဘုရားလျောင်းကျောင်း မှ နတ်လျောင်းကျောင်း ၊ နတ်လျောင်းကျောင်းမှ နတ်လှောင်ကျောင်းဟု အဆင့်ဆင

နတ်လှောင်ကျောင်းသည် သဗ္ဗညုလိုဏ်ဂူ၏ အနောက်ဘက်၊ ပုထိုးသားများ လိုဏ်ဂူ၏ အရှေ့ဘက်တွင် တည်ရှိသည်။ ထို အဆောင်အအုံသည် ပုဂံရှိ ဗြဟ္မဏဟိန္နူဝါဒ၊ ဗိဿနိုးဂိုဏ်းဝင် အိန္ဒိယတိုင်းရင်းသားများ ဝတ်ပြုရာ ဘုရားကျောင်းပင်ဖြစ်သည်။ ထိုကျောင်းမျိုးသည် မြင်းကပါဘက်၌လည်း ရှိခဲ့ဖူးသည်။ ထို့ပြင် မြင်းကပါဘက်တွင် တွေ့ရသော တမီလ်ဘာသာထိုး ကျောက်စာတစ်ခုတွင်လည်း အိန္ဒိယတောင်ပိုင်း မလေမဏ္ဍအရပ်သားတစ်ဦးသည် ဗိဿနိုးဘုရားကျောင်းအတွက် အာရုံခံ (မဏ္ဍပ)၊ တံခါးဆီမီးတိုင်၊ ဝတ္တုပစ္စည်း ၁၉ ခု လှူဒါန်းခဲ့ကြောင်း ပါရှိလေသည်။ ဤသည်ကို ထောက်ထား၍ ပုဂံခေတ်၌ ဗုဒ္ဓဘာသာအပြင် ဗြာဟ္မဏဟိန္နူဝါဒ ဗိဿနိုးဂိုဏ်း လည်း ရှိခဲ့ဖူးကြောင်း သိရလေသည်။ ဗိဿနိုးဂိုဏ်းဆိုင်ရာ ထုံးတမ်းစဉ်လာများကို ပုဂံခေတ် ဗုဒ္ဓဘာသာဝင်များကလည်း လေးစားကြသည်။ ကျန်စစ်သားမင်း၏ နန်းတည် အခမ်းအနားတွင် ကြံ၊ ငှက်ပျော်၊ သင်ပုတ်၊ ဒေါင်းလန်း၊ ဆီမီးတိုင်တို့ဖြင့် ဗိဿနိုးနတ်မင်းကို ပူဇော်ကြောင်း ပါရှိသည်။ မင်းများ ဘိသိတ်ခံခြင်း၊ သင်္ကြန်တော် ခေါ်ခြင်း၊ အမှုများတွင်လည်း ဗိဿနိုးဂိုဏ်း ထုံးတမ်းအရ ဆောက်ရွက်ကြသည်။

နတ်လှောင်ကျောင်း
အချက်အလက်များ
တည်နေရာပုဂံ
ဘာသာရေး နှီးနွယ်မှုဟိန္ဒူဘာသာ
နိုင်ငံမြန်မာနိုင်ငံ
  • စေတီပုထိုးအမှတ်=၁၆၀၀/၉၀၈

ဗိသုကာလက်ရာများ ပြင်ဆင်ရန်

နတ်လှောင်ကျောင်း အဆောက်အအုံသည် နှစ်ကာလ ကြာညောင်းခဲ့သည်နှင့်အမျှ ဟောင်းမြင်းယိုယွင်းနေ၏။ မူလအာရုံခံ (မဏ္ဍပ) နှင့် အဝင်မှာ မရှိတော့ပြီ။ ကျန်ရှိနေသည်မှာ အတွင်းဆောင်နှင့် ကွမ်းတောင်စသော အပေါ်အလုပ် အဆောင်တို့ပင် ဖြစ်သည်။ အဆောက်အအုံ၏ အပြင်နံရံမှာ မူလက အတွင်း၌ ရှိခဲ့ဟန်တူ၏။ ထိုနံရံမုခ်ကပ်များတွင် ဗိဿနိုးနတ်မင်း၏ (ဖြစ်တော်ပေါင်း အဝတာရ) ကိုယ်ပွားရုပ်တုအချို့သည် ယခုတိုင် ရှိနေသေး၏။ ထိုရုပ်တုများသည် မစ္ဆ(ငါးမင်း)၊ ကုရ်မ(လိပ်မင်း)၊ ဝါရဟ(ဝက်မင်း)၊ နရသီဟ(လူခြင်္သေ့မင်း) စသည်တို့ ဖြစ်ကြသည်။ လူသတ္တဝါတို့ကို ကယ်ဆယ်စောင့်ရှောက်ရန် မိမိဘဝကို အခါအားလျော်စွာ စွန့်၍ လူ့အသွင် တိရစ္ဆာန်အသွင် ယူခဲ့ခြင်းသဘောပေ။

နတ်လှောင်ကျောင်းအတွင်းသို့ ဝင်လိုက်လျှင် စင်္ကြပတ်လမ်းကို တွေ့ရမည်။ အတွင်းဆောင်၌ အလယ်မဏ္ဍိုင်ရှိသည်။ အလယ်မဏ္ဍိုင် ပတ်လည် မုခ်ကပ်များအတွင်း၌ ကြာပလ္လင်ထက် (ပဒုမာသန) တင်ပျဉ်ခွေထိုင်နေသော သီဝနတ်ရုပ်နှင့် စက်(စကြာ)၊ ခရုသင်း(သင်္ခ)၊ ချွန်းတောင်း(ဂဒါ) စသည်များကို ကိုင်ဆောင်ထားသော မတ်ရပ်ဗိဿနိုးနတ်ရုပ်များကို တွေ့နိုင်သည်။ ထို့ပြင် ဂဠုန်ငှက်ပေါ်၌ ထိုင်နေသော ဗိဿနိုးနတ်ရုပ် နှစ်ခုအနက် တစ်ခုကိုလည်း တွေ့နိုင်လေသည်။ ဤတွင် အဓိကနတ်ရုပ်ကို တစ်စိတ်တပိုင်းသာ တွေ့နိုင်တော့မည် ဖြစ်သည်။ ထိုပုံမှာ ကမ္ဘာလောကကို ဗိဿနိုးနတ်မင်းကြီး အသစ်ဖန်ဆင်းပုံ သရုပ်ဖော်ခြင်း ဖြစ်လေသည်။ ထိုပုံကို အပြည်အစုံပုံဖော်ရလျှင် သမုဒ္ဒရာရေပြင်၌ ထာဝရတည်နေသော ကာလနဂါး(သေသျှ) အပေါ်၌ ဗိဿနိုးနတ်မင်းကြီး လဲလျောင်းနေသည်။ ထိုနတ်မင်းကြီး၏ ချက်မှ ကြာပေါက်ကာ (ဗြဟ္မာ၊ ဗိဿနိုး၊ သီဝ) နတ်သုံးပါး ပွားလာခဲ့လေသည်။ ထိုပုံတွင် ကျန်နေသော အစိတ်အပိုင်းသည် ကာလနဂါး၏ တွန့်လိမ်နေသော အမြီးပင် ဖြစ်သည်။[၁]

ဓာတ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ