နွဲ့နွဲ့မူသည် မြန်မာ့ရုပ်ရှင် လောက၏ အနုပညာ ငွေကြယ်တစ်ပွင့်ဟု ဆိုနိုင်သည့် ရုပ်ရှင်ထူးချွန်ဆုရ သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ၁၉၇၀ ပြည့်နှစ်မှစ၍ လူသိများ ကျော်ကြားခဲ့သည်။

ရုပ်ရှင်ထူးချွန်ဆုရ သရုပ်ဆောင် နွဲ့နွဲ့မူ

ငယ်စဉ်ဘဝ ပြင်ဆင်ရန်

မင်းသမီးကြီး နွဲ့နွဲ့မူကို ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၁၈ ရက်နေ့က ဟင်္သာတမြို့တွင် မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူ ဦးသော် (ပညာရေးဌာနဝန်ထမ်း)နှင့် မိခင်ဖြစ်သူ အကယ်ဒမီ ဒေါ်သိန်းရှင်တို့၏ တတိယမြောက်သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်မြသန်းနွဲ့ဖြစ်သည်။ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ဖြစ်သည်။

နွဲ့နွဲ့မူသည် အသက် ၁၅-နှစ်အရွယ် ၁၉၆၅ ခုနှစ်တွင် အနုပညာလောကထဲသို့ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် ရွှေမြင်းမိုရ်ရုပ်ရှင်ကုမ္ပဏီမှ ဒါရိုက်တာ ဦးဝင်းဖေရိုက်ကူးသော“မေတ္တာမိုးမြေ” ဇာတ်ကားဖြင့် စတင်ဝင်ရောက်ခဲ့ပြီးနောက် ဇာတ်ကားရိုက်ကူးမှုများ မရှိခဲ့သော်လည်း အသက် ၁၆ နှစ် အရွယ်တွင် အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာသိန်းထွဋ်နှင့် သန်းထွဋ် ရိုက်ကူးသော “သမန်းကျား” ဇာတ်ကားဖြင့် အနုပညာလောကသို့ တကျော့ ပြန်လည်ရောက်ရှိကာ ပရိသတ်များ၏ အသိအမှတ်ပြုမှု ရရှိခဲ့သည်။ ဆက်လက်၍ မေတ္တာစိမ်းစိမ်း၊ မေတ္တာအကျဉ်းသား၊ ပြင်ဦးလွင်မှ စိန်တစ်ပွင့်၊ ယောဆရာကြီး၊ စံရွှေမြင့်ရဲ့မာမာ၊ ဘဝသစ္စာ၊ သစ္စာရှင်မလေးနှင့်သူ၊ ကျွန်တော့်ချစ်သဲ မာနခဲ၊ ငယ်ကျွမ်းဆွေ၊ အသည်းဖြူမလေး နော်မေဖော၊ မြတ်ဆုဝင်းရဲ့ချစ်စံအိမ်၊ ဒူးမထောက်လက်မမြှောက်၊ ပျဉ်းမငုတ်တို စသည့်ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်သည်။

အနုပညာသက်တမ်း ပြင်ဆင်ရန်

၁၉၇၀ ပြည့်နှစ် ဝန်းကျင်ကာလက မြန်မာ့ရုပ်ရှင်လောကတွင် ဝင်းဦးခင်သန်းနုမြင့်မြင့်ခင်ဝါဝါဝင်းရွှေညွန့်ဝင်းဒေစီကျော်ဝင်းထွန်းဝေကျော်ဆွေချိုပြုံးကောလိပ်ဂျင်နေဝင်းအောင်လွင် အစရှိသည့် မင်းသားမင်းသမီးများနှင့်အတူ နွဲ့နွဲ့မူသည်လည်း မြန်မာရုပ်ရှင်ကြည့် ပရိသတ်များ အကြား ရေပန်းစား အောင်မြင်ကျော်ကြားသည့် သရုပ်ဆောင်တဦး ဖြစ်သည်။

ဒရာမာ (ဘဝအလွမ်းအမော) ဇာတ်ကားများတွင် သရုပ်ဆောင်ရာ၌ အားသန်သည့် မင်းသမီးတဦး ဖြစ်သူ နွဲ့နွဲ့မူသည် သရုပ်ဆောင်ရာတွင်လည်း လိုအပ်သည့် အခန်း၌ လိုအပ်သလို ပိုင်နိုင်စွာ ခံစားချက် ထည့်သွင်း သရုပ်ဆောင် တတ်ကြောင်း၊ သဘာ၀ကျကျ သရုပ်ဆောင်တတ်သူ တဦးဖြစ်သည်။

ဒေါ်နွဲ့နွဲ့မူသည် ၁၉၇၀ ခန့်တွင် စတင် အောင်မြင်ခဲ့သူဖြစ်သည်။ ၎င်း၏ နာမည်ကြီး ဇာတ်ကားများဖြစ်သော “နော်ကူးမ” နှင့် မင်းသားကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်း ၊ အံ့ကျော် တို့ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အေဝမ်းမောင်လှမျိုး ရိုက်ကူးခဲ့သော "ပျဉ်းမငုတ်တို” ဇာတ်ကားမှာ အောင်မြင်မှုရရှိခဲ့သည့် ဇာတ်ကားကြီးများ ဖြစ်သည်။

၁၉၇၄ ခုနှစ်တွင် ရွှေလမင်းရုပ်ရှင် မှ ဒါရိုက်တာ ကိုငြိမ်းငြိမ်းရိုက်ကူးသော "နော်ကူးမ" ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ရာ ၁၉၇၄ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီဆု) အမျိုးသမီးဇာတ်ဆောင်ဆုရရှိသည်။ နွဲ့နွဲ့မူသည် ဒါရိုက်တာကြည်စိုးထွန်း ရိုက်ကူးခဲ့သည့် သမီးနှင့်အမေများ (၁၉၉၁ ခုနှစ်) ဇာတ်ကား အပါအဝင် ချစ်သူငယ်ချင်း (ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ ခင်သီတာထွန်း)၊ ချစ်တဲ့ရက်ကိုကြိုနေမယ် (ကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ စံရှားတင်)၊ နေခြည်ဖြာမှနွေးသောကြောင့် (အောင်လွင်၊ နွဲ့နွဲ့မူ)၊ ချစ်လှိုင်းဂယက် (ညွန့်ဝင်း၊ နွဲ့နွဲ့မူ) ၊ စံရွှေမြင့်ရဲ့လေးခင်ခင် (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ နော်ကူးမ (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ ဒူးမထောက်လက်မမြှောက် (ညွန့်ဝင်း၊ မြင်းစိုင်းသားအောင်အောင်၊ ဆွေဇင်ထိုက်၊ နွဲ့နွဲ့မူ) အစရှိသည့် ဇာတ်ကားများမှာ ထိုခေတ်အခါက အောင်မြင်ခဲ့ပြီး ပရိသတ်များ လက်ခံ အားပေးခဲ့သည့် ဇာတ်ကားများဖြစ်သည်။

မြန်မာ့ရေခဲတောင်အလှအပများနှင့် မြန်မာ့တိုင်းရင်းသားယဉ်ကျေးမှုကို ဖော်ညွှန်းရိုက်ကူးထားသည့် "နေခြည်ဖြာမှနွေးသောကြောင့်" ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်သည်။ ရွှေဝါမြေစစ်ဆင်ရေး ဖျော်ဖြေပွဲ၊ ရှေ့တန်းရောက်စစ်သည်တော်များ ဖျော်ဖြေပွဲ၊ပြည်ထောင်စုနေ့ဖျော်ဖြေပွဲများ၌လည်း ပါဝင်ဖျော်ဖြေသည်။ ဗီဒီယိုခေတ်၌ နော်ကူးမ ဗီဒီယိုထုတ်လုပ်ရေးဖြင့် အချစ်ဟောင်းကို လှည့်ကြည့်ပါ၊ လောဘမာန်ဟုန်၊ သိပါပြီ၊ ညကဝေ၊ သံယောဇဉ်နုနု၊ သားဗေတားစသည့် ဗီဒီယိုဇာတ်ကားများကို ဇာတ်ညွှန်း၊ ဒါရိုက်တာ၊သရုပ်ဆောင်အဖြစ် ရိုက်ကူးသည်။[၁]

ဘဝနိဂုံး ပြင်ဆင်ရန်

အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ် ကားပေါင်း ၁၀ဝ ကျော်နှင့် ဗီဒီယိုဇာတ်ကားပေါင်း မြောက်မြားစွာ၌ ပါဝင်သရုပ်ဆောင်ခဲ့သော အကယ်ဒမီ နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ် ဇွန် ၁၃ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၅၀ အချိန်က ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး) ပေါ်တွင် အစာအိမ် သွေးကြောပေါက်၍ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားတစ်ဦး၊ သမီးတစ်ဦးနှင့် မြေးသုံးဦးကျန်ရစ်သည်။[၂]


ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 17 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 June 2011 တွင် ပြန်စစ်ပြီး။