ပင်လယ်မှိုကောင်
Temporal range: 570–0 Ma
Late Ediacaran to recent
Coral outcrop on the
မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး
Gorgonian with polyps expanded
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Cnidaria
မျိုးပေါင်း: Anthozoa
Ehrenberg, 1834
မျိုးပေါင်းခွဲ

ပင်လယ်ကမ်းခြေတစ်လျှောက် ရေအောက်ကျောက်ဆောင်များအကြားတွင်၊ ပန်းပွင့်၊ အထူးသဖြင့် မှိုပွင့်တူသော အရာများကို တွေ့ရတတ်သည်။ ပဌမတွင် ယင်းတို့ကို အပင်များဟု ထင်ရသော်လည်း၊ စင်စစ် အပင်မဟုတ်ဘဲ၊ ပင်လယ်မှိုကောင်ဟုခေါ်သော ပင်လယ်သတ္တဝါ တစ်မျိုးသာဖြစ်ပေသည်။ ယင်းသတ္တဝါတို့သည် ရေအောက် ကျောက်ဆောင်များ၊ ခရုခွံများတွင် မြဲမြံစွာ တွယ်ကပ်နေတတ်၍၊ ဆွဲနုတ်လျှင် အပိုင်းပိုင်းပြတ်၍ပါလာတတ်လေသည်။

ပင်လယ်မှိုကောင်ဆိုသည်မှာ ပင်လယ်ရေခူ(ငထီး)နှင့် အမျိုးနွယ်သော ပင်လယ် အနီမိုနီများနှင့် သန္တာကောင်များပါဝင်သော အက်တိုဇိုဝါဟုခေါ်သည့် တိရစ္ဆာန်မျိုးပေါင်းတစ်ခုဖြစ်သည်။ ပင်လယ်မှိုကောင်မျိုးပေါင်းတွင်ပါဝင်သော တိရစ္ဆာန်များ၏ပုံပန်းသဏ္ဌာန်မှာ တို၍တုတ်သောပင်စည်နှင့်တူသည်။ ပင်စည်၏ထိပ်တွင် ပါးစပ်ရှိသည်။ ပါးစပ်၏ပတ်လည်တစ်ဝိုက်တွင် ဂန္ဓမာပန်း၏ ပွင့်ဖတ်များနှင့်တူသော အာရုံမှင် (စမ်းလက်ဖမ်းလက်) အမြောက်အမြားရှိတတ်သည်။

ပင်လယ်မှိုကောင်တို့သည် အရွယ်အစားစားရှိကြသည်။ ထိပ်ဝ၏အချင်းသည် ၁ လက်မ၏ ၄ ပုံ ၁ ပုံမှ တစ်ပေကျော် (အချို့ဒေသတွင် ၃ ပေကျော်အထိရှိသည်။ အစိမ်း၊ အဝါ၊ အဖြူ၊ အညို၊ မရမ်း၊ လိမ္မော် စသည်ဖြင့် အရောင်မျိုးစုံလည်းရှိသည်။ တစ်ခါတစ်ရံ တစ်ကောင်တည်းမှာပင် အရောင် နှစ်မျိုး သုံးမျိုးရှိတတ်သည်။ အထူးသဖြင့် အပူပိုင်းဒေသမှ ပင်လယ်မှိုကောင်တို့သည် တောက်ပသော အရောင်များရှိကြသည်။ ထိုကြောင့် ပင်လယ်မှိုကောင်များရှိရာ ပင်လယ်ရေအောက်ကို မြင်လိုက်ရလျှင်၊ ရောင်စုံပန်းများပွင့်နေသော ဥယျာဉ်တစ်ခုကို မြင်တွေ့ရဘိသကဲ့သို့ မှတ်ထင်ရလေသည်။

ပင်လယ်မှိုကောင်တို့သည် အသားစားသတ္တဝါများ ဖြစ်ကြသည်။ ယင်းတို့၏ အာရုံမှင်များ၏ အဖျားတွင် အဆိပ်ရှိသော အမျှင်များရှိသည်။ ယင်းတို့ အနီးသို့ ပုစွန်ဆိတ်ငါး စသည်တို့ ရောက်လာလျှင် အဆိပ်မျှင်များကို ထုတ်၍ အဆိပ်ထိစေပြီးသော်၊ ယင်းတို့၏ ပါးစပ်တွင်းသို့ ရစ်ပတ်သိမ်း သွင်း၍ စားသောက်ကြလေသည်။

ပင်လယ်မှိုကောင်တို့ကို ရေတိမ်ရေနက်နှစ်မျိုးလုံးတွင် တွေ့နိုင်သည်။ အုပ်ဖွဲ့၍သော်လည်းကောင်း၊ ထီးတည်းသော်လည်းကောင်း နေတတ်သည်။ မျိုးပြန့်ပွားရေးအတွက် နည်းအမျိုးမျိုးဖြင့် ပေါက်ပွားကြရာ၊ များသောအားဖြင့် ဥမှ ပေါက်ပွားကြသည်။ အခြားပေါက်ပွားနည်းမှာ ကွဲပွားခြင်းဖြစ်သည်။ ကွဲပွားရာ၌ အရွယ်ရောက်ပြီး ပင်လယ်မှိုကောင်၏ အလယ်တည့်တည့် အလယ်မှ အောက်သို့ နှစ်ခြမ်းကွဲသွား၍၊ နှစ်ကောင်ဖြစ်လာသည်။ ထိုနှစ်ခြမ်းကွဲသွားသော အခြမ်းမှ နောက်ထပ် နှစ်ခြမ်းကွဲပြီးလျှင်၊ နှစ်ကောင် ဖြစ်လာပြန်လေသည်။ ယင်းသို့ဖြင့် တစ်ခြမ်းတစ်ခြမ်းမှ နှစ်ကောင်ပွားသွားလေသည်။ အခြား တစ်နည်းမှာ အဖူးကူးခြင်းဖြစ်၍၊ ပင်လယ်မှိုကောင်၊ အောက်ခြေမှ အဖူးထွက်သကဲ့သို့ ထွက်လာပြီးလျှင်၊ သီးခြား ဖြစ်သွားကာ အကောင်ပွားခြင်းဖြစ်လေသည်။

ယင်းတို့သည် တစ်နေရာတည်းတွင် တစ်သမတ်တည်း မြဲမြံစွာ တွယ်၍သာ နေမည်မဟုတ်ချေ။ တဖြည်းဖြည်း ရွေ့သွားနိုင်ကြပေသည်။ ပင်လယ်မှိုကောင်တို့တွင် အရိုးအသားဟူ၍ မရှိဘဲ၊ ပျော့အိပျော့နဲ့ ခန္ဓာကိုယ် ရှိကြသည်။ ယင်းတို့ သေသည့်အခါ အစအန မကျန် ကြေမွ ပျက်စီးသွားသည်။ ပင်လယ်မှိုကောင် တို့သည် နှစ်ပေါင်း ၅ဝ မှ ၆ဝ အထိ အသက်ရှည်ကြလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)