ပြောက်ကျားစစ်ဆင်ရေး (အင်္ဂလိပ်: Guerrilla warfare) ဆိုသည်မှာ ပုံမှန်မဟုတ်သော စစ်တိုက်ခြင်း တစ်မျိုးဖြစ်ပြီး နိုင်ငံ၏ စစ်တပ်မဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့များ၊ လက်နက်ကိုင်ထားသော အရပ်သားများ သို့မဟုတ် အမြဲတမ်းစစ်မှုထမ်း မဟုတ်သောသူများ အစရှိသည်တို့ ပါဝင်သည့် တိုက်ခိုက်ရေးသမားများ ပါဝင်သော အစုငယ်ကလေးများသည် စစ်ရေးဗျူဟာများ ဖြစ်သော ခြုံခိုတိုက်ခိုက်ခြင်း၊ အဖျက်အမှောင့် ပြုလုပ်ခြင်း၊ ဝင်ရောက်စီးနင်းခြင်း၊ ထောက်ပို့များကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ပစ်ပြီးပြေးခြင်း နှင့် ရွေ့လျားတိုက်ခိုက်ခြင်းတို့ကို အသုံးပြု၍ ကြီးမားပြီး ရွှေ့ပြောင်းရန် မလွယ်သော ပုံမှန်စစ်တပ်ကို တိုက်ခိုက်ခြင်းပင် ဖြစ်သည်။

'ပေါ်တူဂီပန်းချီဆရာ Roque Gameiro ရေးဆွဲထားသည့် ကျွန်းဆွယ်စစ်ပွဲအတွင်းက ပြောက်ကျားစစ်ဆင်ရေးသရုပ်ဖော်ပုံ၊ "guerrilla" ( ပြောက်ကျား) ဆိုသည့် ဝေါဟာရကို ၁၉ ရာစု အစောပိုင်းတွင် ဖြစ်ပွားခဲ့သော ဤစစ်ပွဲအတွင်း၌ တီထွင်သုံးစွဲခဲ့သည်။

"Guerrilla warfare" ဟူသောဝေါဟာရကို ၁၉ ရာစု၌ ကျွန်းဆွယ်စစ်ပွဲ နှင့် ပတ်သက်၍ စတင် အသုံးပြုခဲ့သော်လည်း ပြောက်ကျားစစ်ဆင်ရေး၏ နည်းဗျူဟာနည်းစနစ်များကို ရှေးယခင်ကပင် အသုံးပြုလျက်ရှိသည်။ ဘီစီ ၆ ရာစုတွင် ဆွန်ဇူး ၏ စစ်သေနကဗျူဟာကျမ်း စာအုပ်တွင် ပြောက်ကျားနည်းဗျူဟာများကို အသုံးပြုမှုအကြောင်းကို ဖော်ထုတ်ရေးသားခဲ့သည်။ အေဒီ ၃ ရာစုရောမ ဗိုလ်ချုပ်ကြီး ကွင်းတပ်စ် ဖေးဘီးယပ်စ် မက်စီမတ်စ် ဗာရူကိုးဆပ်သည် ပြောက်ကျားစစ်ဆင်ရေး နည်းဗျူဟာများစွာကို တီထွင်ခဲ့သည်။ ပြောက်ကျားစစ်ဆင်ရေးကို သမိုင်းတစ်လျှောက်တွင် အဖွဲ့အမျိုးမျိုးက အသုံးပြုခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှုများနှင့် ကျူးကျော်သည့် သို့မဟုတ် နယ်မြေ သိမ်းဆည်းထားသည့် စစ်တပ်များကို ဆန့်ကျင်ရာတွင် အသုံးပြုခဲ့ခြင်းကြောင့် ရေပန်းစားခဲ့သည်။

ပြောက်ကျားနည်းဗျူဟာများသည် ရန်သူစစ်တပ်များနှင့် ထိပ်တိုက်ဆုံတွေ့မှုကို ရှောင်ရှားရန် အာရုံစိုက်လေ့ရှိသည်။ တိုက်ပွဲငယ်များစွာကို တိုက်ခိုက်ခြင်းဖြင့် ရန်သူအား ခြေကုန်လက်ပန်းကျစေပြီး သူတို့အား ဆုတ်ခွာရန် ဖိအားပေးခြင်း ဖြစ်သည်။ ပြောက်ကျားအုပ်စုများသည် များသောအားဖြင့် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသော်လည်း ပြောက်ကျားအုပ်စု၏ ကြိုးပမ်းမှုများကို စာနာထောက်ထားသော ဒေသခံပြည်သူလူထု သို့မဟုတ် နိုင်ငံရပ်ခြားမှ ထောက်ခံသူများ၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် နိုင်ငံရေးအထောက်အပံ့များပေါ်တွင် များစွာ မှီခိုလျက် ရှိသည်။