ဗတိုလိုမေး အေစတေးဗန်း မျူရီလို

ဗတိုလိုမေးအေစတေးဗန်း မျူရီလိုသည် ထင်ရှားသော စပိန်အမျိုးသား ပန်းချီဆရာတစ်ဦးဖြစ်၏။ မဒေါနားရုပ်များ၊ သူတော်စင်ရုပ်များအစရှိသည့် အယူဝါဒဆိုင်ရာ ပန်ချီကားများ ရေးဆွဲရာတွင် ထင်ရှားသူဖြစ်သော်လည်း လမ်းပေါ်တွင် လေလွင့်နေသော အဝတ်ဗလချာနှင့် သူငယ်ကလေးများ၏ သရုပ်ကိုလည်း ထင်ရှားလေအောင် ဖော်ထုတ်ရေးခြယ်နိုင်စွမ်းရှိသူ ဖြစ်၏။ မျူရီလိုသည် ခရစ် ၁၆၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စပိန်နိုင်ငံ တောင်ပိုင်းရှိ ဆဲ့ဗီးမြို့၌ မွေးဖွားသည်။ မိဖများမှာ ဆင်းရဲနွမ်းပါး မထင်ရှားသူများဖြစ်၏။ မျူရီလိုအား သူ၏ ဖခင်က ဟွန်သေ ကက်စတီလို အမည်ရှိ မထင်ရှားသော ပန်းချီဆရာတစ်ဦးထံ အပ်နှံသည်တွင် လက်ဦး အခြေခံပန်းချီပညာကို ရရှိလေသည်။ ၁၆၃၉ ခုနှစ်၌ ကက်စတီလို အရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားသောအခါ မျူရီလိုသည် မိမိကိုယ်စွမ်း ကိုယ်စကို အားကိုးပြီးလျှင် ပန်းချီကား အကြမ်းများကို ရေးဆွဲခြင်းဖြင့် ဝမ်းရေးအတွက်ရှာကြံခဲ့ရ၏။ ရေးဆွဲသော ပုံကြမ်းများမှာ များသောအားဖြင့် 'မဒေါနား' ခေါ် ခရစ်၏ မယ်တော်ပုံများဖြစ်လျက် ပန်းချီ အဆင့်အတန်းလည်း မမြင့်၊ ဈေးလည်းမရပေ။ အဆင့်အတန်း မမြင့်ဟု ဆိုရသော်လည်း ထိုစဉ်က ဆဲ့ဗီးမြို့ရှိ သူ၏ ရောင်းရင်းများ၏ လက်ရာများထက်ကား အနုပညာ ဂုဏ်မြောက်ပေသည်။ မျူရီလို၏ ရောင်းရင်း ပန်းချီဆရာ တစ်ဦးသည် ခရီးလှည့်လည်ခြင်းအားဖြင့် ပန်းချီရေးဆွဲဟန်များ တိုးတက်ကောင်းမွန်လာကြောင်းကို တွေ့မြင်ရသောအခါ မျူရီလိုသည် အံ့ဩလျက် အားကျလာမိ၏။ ထိုကြောင့် မျူရီလိုသည် ၁၆၄၂ ခုနှစ်တွင် မိမိကို အားထား၍ နေသော နှစ်မငယ်ကို မိတ်ဆွေတစ်ဦးထံ အပ်နှံပြီး သကာလ မဒရစ်မြို့တော်သို့ ရှေးရှူးထွက်ခွာသွား၏။ မဒရစ်သို့ရောက်လျှင်မိမိနှင့် တစ်ရပ်တည်းနေ တစ်ရေတည်းသောက်သူ ဖြစ်သော ပန်းချီကျော် ဗေလက်ကတ်ထံ ချည်းကပ်ရလေ၏။


ထိုစဉ်အခါ၌ ဗေလက်ကတ်သည် ထင်ရှားကျော်ကြား ကောင်းစားနေခိုက် ဖြစ်၏။ ဗေလက်က်တ်သည် မျူရီလိုအား မိမိအိမ်တွင် တည်းခိုနေထိုင်စေပြီးလျှင် မြို့တော်တွင်းရှိ တော်ဝင်ပန်းချီပြခန်း၊ ပြတိုက်များသို့ ဝင်ခွင့်ရအောင် ဆောင်ရွက်ပေးသည်။ ထိုနောက် ၂ နှစ်အတောအတွင်းဝယ် မျူရီလိုသည် အီတလီနှင့် ဖလန်းဒါးမှ ပန်းချီကျော်တို့၏ ပြောင်မြောက်သော လက်စွမ်းပြပန်းချီကားများကို ကူးယူရေးဆွဲခဲ့၏။ ၁၆၄၄ ခုနှစ်တွင် ဗေလက်ကတ်သည် မျူရီလို၏ လက်ရာများကို စပိန်ဘုရင်ထံ ဆက်သလေသည်။ ဗေလက်ကတ်က မျူရီလိုကို ရောမသို့ သွားရောက်ရန် တိုက်တွန်းပါသော်လည်း မျူရီလိုသည် ဇာတိရပ်ရွာနှင့် နှစ်မငယ်တို့ကို သံယောဇဉ်တွယ်နေသောကြောင့် ဆဲ့ဗီမြို့သို့ ပြန်သွား၏။ ထိုအတောအတွင်း ဆဲ့ဗီးမြို့ရှိ စန်ဖရန်စစ္စကိုကျောင်းမှ ဘုန်းတော်ကြီးများသည်မိမိတို့၏ ကျောင်းမှ နံရံများပေါ်တွင် ပန်းချီရေးဆွဲ တန်ဆာဆင်လိုသော်လည်း နာမည်ရ ပန်းချီဆရာ တစ်ဦးအား ငှားရမ်းနိုင်လောက်အောင် ကြေးငွေ မတတ်နိုင်ဘဲ ရှိနေသောကြောင့် မျူရီလိုသည် ကျောင်း၏ နံရံတွင် အလွန်လှပပြောင်မြောက်သော ပန်းချီကားကြီး ၁၁ချပ်ကို လက်ခကြေးငွေ တစ်ပြားတစ်ချပ်မျှ မယူဘဲ ရေးဆွဲပေးလေသည်။ ယင်းပန်းချီကားများသည်ကား သူ၏ ရှေးဦးကျသော ပန်းချီဟန် ဖြစ်၍ သူ၏ လက်စွမ်းလက်စကို ထင်ရှားစေခဲ့လေသည်။


၁၆၄၈ ခုနှစ်တွင် မျူရီလိုသည် ချမ်းသာကြွယ်ဝသော အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ကျပြီးလျှင် ကျွမ်းကျင်သော ပန်းချီဆရာနှင့် တွေ့ဆုံ ရင်းနှီးလျက် ၊ သူ၏ အိမ်မှာအဆိုပါ ပုဂ္ဂိုလ်တို့ စတည်းချရာဖြစ်လာ၏။ မျူရီလို၏ ပန်းချီ လက်ရာများသည်လည်း ပိုမို၍ တိုးတက်ကောင်းမွန်လာ၏။ သူ၏ ပန်းချီရုပ်များသည် ပို၍ ပြေပြစ်လာကာ အရောင်ခြယ်ရာ၌ ပို၍ ကြည်လင်လာ၏။ ၁၆၅၅ ခုနှစ်တွင်မျူရီလိုသည် သူ၏ ထင်ရှားလှသော ပန်းချီကား ၂ ချပ် ဖြစ်သည့် 'စန်လီယန်ဒရို' နှင့် 'စန်အီစီဒိုရို' တို့ကို ရေးဆွဲလေသည်။ ထိုပန်းချီကားများသည် ယခုအခါ ဆဲ့ဗီးကသီဒရယ် ဘုရားရှိခိုးကျောင်းကြီးတွင် ချိတ်ဆွဲထားလျက် ရှိ၏။ မျူရီလို၏ ပန်းချီဟန် ဒုတိယအဆင့်ကို ဖော်ပြသော ပန်းချီကားများလည်း ဖြစ်ပေသည်။ မျူရီလိုသည် ၁၆၅၈ ခုနှစ်တွင် အနုပညာတံခွန်ကျောင်းတည်ထောင်ရေးကို တာဝန်ယူလျက် ၁၆၆ဝ ပြည့်နှစ်တွင် ထိုကျောင်းကို ဖွင့်လှစ်ခဲ့၏။ မျူရီလိုသည် ဥက္ကဋ္ဌတစ်ဦးအဖြစ်ဖြင့် ရွေးချယ်တင်မြောက်ခြင်း ခံရလေသည်။


၁၆၆၅ ခုနှစ်တွင် မျူရီလိုသည် စန်တာ မာရီယာ လာဗလန်ကာ ဘုရားရှိခိုးကျောင်းတွင် တန်ဆာဆင်ရန် စက်ဝိုင်းခြမ်းကြီး ၂ ခုပေါ်တွင် ပန်းချီကားများ ရေးဆွဲလေသည်။ ထို ပန်းချီကားများနှင့် ထိုနောက်တွင် ရေးခြယ်သော ပန်းချီလက်ရာများသည် သူ၏တတိယနှင့် နောက်ဆုံးပန်းချီဟန်ကို ဖော်ပြသော ပန်းချီကားများ ဖြစ်ကြလေသည်။ မျူရီလိုသည် ပန်းချီကားပေါင်း အမြောက်အမြားရေးဆွဲခဲ့ရာ၊ အများအပြားမှာ ဘုရားရှိခိုးကျောင်းများအတွက် အယူဝါဒဆိုင်ရာ ကားများသာ ဖြစ်၏။ ၁၆၈၁ ခုနှစ်၌ သူသည် ကာဒစ်မြို့ရှိ ဘုရားရှိခိုးကျောင်းတစ်ခုတွင် ပန်းချီရေးဆွဲ တန်ဆာဆင်ရန် ငြမ်းပေါ်တက်ရာတွင် ငြမ်းပေါ်မှ လိမ့်ကျ၍ ရရှိသော ဒဏ်ရာမှ နာလှန်မထူတော့ဘဲ ၁၆၈၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ကွယ်လွန်လေသည်။ မျူရီလို၏ လက်ရာ များကို လေ့လာလိုသူတို့သည် သူ၏ ဇာတိချက်ကြွေရာ ဆဲ့ဗီးမြို့သို့ သွားရောက်၍ လေ့လာနိုင်လေသည်။ သို့သော် မဒရစ်မြို့ရှိ ပရာဒို ပြတိုက်တွင်လည်းကောင်း၊ ပြင်သစ်နိုင်ငံရှိ လူးဗရပြတိုက်တွင်လည်းကောင်း၊ လန်ဒန်မြို့ရှိ အမျိုးသား ပန်းချီပြတိုက်တွင် လည်းကောင်း သူ၏ လက်ရာများကို တွေ့မြင်နိုင်ပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)