မက်ဂျာလူမျိုး ပြင်ဆင်ရန်

မက်ဂျာ်လူမျိုးသည်ကား ဥရောပတိုက်ရှိ ဟန်ဂေရီနိုင်ငံတွင် နေထိုင်သော ဟန်ဂေးရီးယန်း လူမျိုးတွင် အများစုဖြစ်၏။ ဟန်ဂေးရီးယန်းတို့သည် မိမိတို့အား ဟန်ဂေးရီးယန်းလူမျိုး ဟုခေါ်ကြသည်ထက် မက်ဂျာလူမျိုးဟုခေါ်သည်ကို ပို၍ နှစ်သက်ကြလေသည်။ မက်ဂျာလူမျိုးတို့သည်ကား ဥရောပ တိုက်ရှိ အခြားမည်သည့် လူမျိုးနှင့်မျှမတူပေ။ မက်ဂျာလူမျိုး သည် မွန်ဂိုးလီးယားနှင့် ဆိုက်ဗီးရီးယား အနောက်ရှိ အာလတိုင်း တောင်တန်းတလျှောက်တွင် နေထိုင်သော လူမျိုးစုများမှ ပေါက် ဖွားဆင်းသက်လာသူများ ဖြစ်၍ တူရကီသွေး၊ မွန်ဂိုသွေး၊ နှော လျက်ရှိ၏။ ဤသို့အားဖြင့် မက်ဂျာလူမျိုးတို့မှာ အိမ်ခြေယာခြေ မတည်ထောင်ဘဲ လှည့်လည်သွားလာနေသော လူမျိုးစုတို့မှ ဆင်းသက်ပေါက်ဖွားလာလျက် လွန်ခဲ့သည့် နှစ်ပေါင်း ၁ ဝဝဝ ကျော်က ယခု ဟန်ဂေရီနိုင်ငံတည်ရာသို့ အရှေ့အရပ်ဆီမှ ဝင် ရောက်နေထိုင်ကြလေသည်။ ထိုသို့ ဥရောပတိုက်တွင်းသို့ ဝင်ရောက်လာခဲ့ရာ၌ ခရီးလမ်းတလျှောက်တွင် အခြားလူမျိုး အများအပြားကို အောင်မြင်နှိမ်နင်းခဲ့သည်။ ဤသို့ဖြင့် ထိုစဉ်က ဥရောပတိုက်အရှေ့တောင်ဘက် တခွင်ဝယ် ထိတ်လန့်ကြောက်ရွံ့ဖွယ် ရာ လူမျိုးဖြစ်ခဲ့လေသည်။ ယင်းတို့သည် မိမိတို့၏ နှိမ်နင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်လူတမျိုးဖြစ်သော အူဂရီယန်တို့၏ ဘာသာစကားသည် ဖီနီ-အူဂရီဘာသာစကားစုတွင် အဝင်အပါ ုဖြစ်၏။ ခရစ် ၉ ရာစုနှစ် အကုန်လောက်တွင် မက်ဂျာလူမျိုးတို့သည် ဟန်ဂေရီတည်ရာမြေပြန့်သို့ ရောက်ရှိလာပြီးလျှင် တာတာသွေး နှောသော ရှိရင်းစွဲလူမျိုးတို့နှင့် ပေါင်းသင်း၍ အိုးအိမ်တည်ကြ သည်။ ၁၁ ရာစုနှစ်ခန့်တွင် ခရစ်ယန် အယူဝါဒီများ ဖြစ်လာ ကြကာ အနောက်တိုင်းယဉ်ကေးမှု အဝဝကို ခံယူခဲ့ကြသော်လည်း မိမိတို့ဘာသာ စကားဖြစ်သော အူဂရီယန်ဘာသာကိုပင် ပြောဆို ခဲ့ကြလေသည်။ မက်ဂျာတို့သည် နှစ်ပေါင်းများစွာပင် ရှေးဩစတြီးယန်းအင်ပိုင်ယာ ၏ အုပ်ချုပ်ခြင်းကိုခံခဲ့ရ၏။ မက်ဂျာများသည် ဤသို့အုပ်ချုပ်ခံရ သည်ကိုမကျေနပ်သဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပြင်းပြင်းထန်ထန် တောင်ဆိုခဲ့ရာ၊ တောင်းဆိုသည့်အတိုင်း ရရှိခဲ့ပေသည်။ ၁၈၆၇ ခုနှစ် တွင် ဟန်ဂေရီသည် ဩစတြို-ဟန်ဂေရီယန်နိုင်ငံကြီးအတွင်း စည်း မျဉ်းခံနိုင်ငံတခုအဖြစ်သို့ ရောက်ရှိခဲ့လေသည်။ ၁၉၁၄ ခုနှစ်တွင် ဟန်ဂေရီတွင် မက်ဂျာလူမျိုး ၁ဝ သန်းမျှရှိ၏။ ပဌမကမ္ဘာစစ်ကြီးအတွင်းက ဗဟိုနိုင်ငံများ ရှုံးနိမ့်သွားသောအခါ ဟန်ဂေရီသည်လည်း ထရီအေနွန် စာချုပ်ကို လက်မှတ် မရေးထိုး လိုဘဲ ရေးထိုးလိုက်ရခြင်းဖြင့် မိမိပိုင်နယ်မြေ ၃ ပုံ ၂ ပုံနှင့် မက်ဂျာ လူဦးရေ ၃ ပုံ ၁ ပုံ ဆုံးရှုံးသွားရလေသည်။ ၁၉၃၈ ခုနှစ်နှင့် ၁၉၄ဝ ပြည့်နှစ်များတွင်မူ ချက်ကိုဆလိုဗားကီးယား နှင့် ရူမေးနီးယားမှ နယ်မြေအများအပြားကို ဟန်ဂေရီက ပြန်လည် ရရှိခဲ့သော်လည်း ၁၉၄၅ ခုနှစ်တွင် ပြန်လည်ပေးအပ်ခဲ့ရလေသည်။ မက်ဂျာလူမျိုးတို့၏ အသွင်အပြင်မှာ အရပ်မနိမ့်မမြင့်၊ ဦးခေါင်းလုံး၍ ကျယ်ပြန့်သောမျက်နှာရှိသည်။ အသားရောက်ညို၍ မျက်လုံးနှင့် ဆံပင်ညိုမည်းမည်းအရောင်ရှိသည်။ မက်ဂျာတို့သည် ယေဘုယျ အားဖြင့် အမျိုးဂုဏ်မောက်၍ လွတ်လွတ်လပ်လပ် နေလိုသော ဆန္ဒရှိကြသည်။ ဝတ်စားဆင်ယင်ရာတွင်လည်း ကျွနု်ပ်တို့ မြန်မာ လူမျိုးများ ကဲ့သို့တောက်ပသော အရောင်အဆင်းများကို နှစ်သက် ကြသည်။ ၁၉၁ဝ ပြည့်နှစ်က မက်ဂျာလူမျိုးဦးရေမှာ ၁ဝဝ၅ဝ ၆ဝဝ ဖြစ်၍ ရှေးဟန်ဂေရီပြည်ရှိ လူဦးရေ၏ ထက်ဝက်ဖြစ်သည်။ ၁၉၄၁ ခုနှစ် တွင်ကား ၈ ၆၅၇ ၁၇၂ ယောက်ဖြစ်၍ ဟန်ဂေရီနိုင်ငံရှိ လူဦးရေ၏ ၉၂.၈ ရာခိုင်နှုန်းဖြစ်ပေသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)