မက်ဆီမီလျံ ရောဘတ်စပျဲသည် ပြင်သစ်တော်လှန်ရေး အတွင်းက ထင်ရှားသော တော်လှန်ရေးခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့လေသည်။


သူ့ကို ပြင်သစ် နိုင်ငံ အာရားမြို့၌ ၁၇၅၈ ခုနှစ် မေလ ၆ ရက်နေ့တွင် ဖွား မြင်ခဲ့၏။ ပါရစ်မြို့တွင် ဥပဒေပညာသင် ကျောင်းသားအဖြစ် ဖြင့်၎င်း၊ ရှေ့နေအဖြစ်ဖြင့်၎င်း နေထိုင်ခဲ့စဉ် သူ၏စွမ်းရည်နှင့် ကြိုးပမ်းမှုတို့ကြောင့် လူသိများခဲ့သည်။ ထိုနောက် သူသည် ဇာတိစြဖ်သော အာရားမြို့သို့ ပြန်သွားပြီးသော် ရှေ့နေလိုက်ကာ အသက် မွေးနေထိုင်ခဲ့သည်။ မကြာမီ ကျွမ်းကျင်သော ရှေ့နေ တစ်ဦးအဖြစ်၎င်း၊ ရိုးသားလှသူတစ်ဦး အဖြစ်၎င်း နာမည် ကျော်ကြားလာခဲ့၏။

ရောဘတ်စပျဲသည် ၁၇၈၉ ခုနှစ်မှ ၁၇၉၁ ခုနှစ်အထိ အမျိုးသားလွှတ်တော်သို့ အားရားနယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရသည်။ လွှတ်တော်အတွင်း ဒီမိုကရေစီအခွင့်အရေးများကို ကာကွယ်ပြောဆိုခဲ့ရာတွင် သူ့ကို ပါရစ်မြို့၌ လူသိများလာလေသည်။ ထိုမျှမကသေး ဂျက္ကဗင်း တော်လှန်ရေး ဂိုဏ်းဝင်များ၏ ထောက်ခံမှုကိုလည်း ရရှိခဲ့၏။ မကြာမီ သူ၏ရိုးသားလှသည်ဟူသော နာမည်ကောင်းကြောင့် ဂျက္ကဗင်းဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၁၆ ဆက်မြောက် လူဝီ ဘုရင် အသတ်ခံရသည်မှာ သူဦးစီးသော တော်လှန်ရေးသမားများ၏ ပယောဂကြောင့်ပင် ဖြစ်သည်။ ပြင်သစ်နိုင်ငံအတွက် အခြေခံဥပဒေသစ် ရေးဆွဲရန် ဖိတ်ခေါ်ခဲ့သော အမျိုးသား ကွန်ဗင်းရှင်း လွှတ်တော်တွင် သူခေါင်းဆောင်သော ဂျက္ကဗင်း တော်လှန်ရေးဂိုဏ်းသည် အင်အားအကြီးဆုံး ဖြစ်လေသည်။


၁၇၉၃ ခုနှစ်တွင် ရောဘတ်စပျဲသည် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်အဖြစ် တင်မြေ|ာက်ခြင်းခံခဲ့ရ၏။ ထိုအဖွဲ့မှာ ကွန်ဗင်းရှင်း လွှတ်တော်၏ အဖွဲ့ခွဲတစ်ခုဖြစ်၍ အမှန်စင်စစ်အားဖြင့် ပြင်သစ်နိုင်ငံကို အုပ်ချုပ်ရန် အာဏာကုန် ရထားသောအဖွဲ့ ဖြစ်လေသည်။ ထို့ပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ပြင်သစ်နိုင်ငံကြီး ဗရုတ် ဗယက်ဖြစ်နေစဉ် တော်လှန်ရေးကြီး၏ ပြည်တွင်းပြည်ပရန်များကို နှိမ်နင်းရှင်းလင်းပေးခဲ့လေသည်။ သို့သော် တော်လှန်ရေးကြီး၏ ရန်သူဟူသမျှကို သုတ်သင်ပစ်ရန် သန္နိဋ္ဌာန်ချမှတ်ခဲ့ပြီးဖြစ်သော ထိုအဖွဲ့သည် ကိုယ့်ဇာတ် ကိုယ်မနိုင် ဖြစ်ခဲ့သောကြောင့် လူသူအများ သွေးချောင်းစီးမျှ သေကြေပျက်ဆီးရလေသည်။ စပထမတွင် တော်လှန်ရေးကို မလို လားသူများကိုသာ ရှင်းလင်းသုတ်သင်ခဲ့သော်လည်း နောင်အခါတွင် အဖွဲ့ဝင်များသည် သူတို့၏ နိုင်ငံရေးရန်သူများနှင့် သူတို့နှင့် ကိုယ်ရေးကိစ္စများတွင် မသင့်မြတ်သူများကိုပါ သတ်ဖြတ်ခဲ့လေရာ၊ ၁၇၉၄ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့မှ ဇူလိုင် လ ၂၈ ရက်နေ့အထိ အဖွဲ့က လူပေါင်း ၁၃ဝဝ ခန့်ကို သေဒဏ်ပေးခဲ့လေသည်။

အမှန်စင်စစ် ရောဘတ်စပျဲသည် အဖွဲ့၏ အစည်းအဝေးကို မှန်မှန်တက်လေ့ မရှိသည့်ပြင်၊ ကော်မီတီ၏ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လေ့ မရှိခဲ့သော်လည်း ထိုသို့ မလိုလားအပ်သူများကို ရှင်းလင်းပစ်ခြင်းဖြင့် သူ၏မြော်မှန်းချက်ကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့လေသည်။ သူသည် ရူးဆိုး၏ တော်လှန်ရေးစာပေများကို ဖတ်ရှုလေ့လာသဘောကျ နှစ်ခြိုက်သူ ဖြစ်သည့်အတိုင်း လူမှုဆက်ဆံရေးစံနစ်ကို ပြောင်းလဲပစ်ရန် အလွန်စိတ်အားထက်သန်ခဲ့၏။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ရက်စက် ကြမ်းကြုတ်မှုများကြောင့် တန်ခိုးကြီးလာခဲ့ရာ ရောဘတ်စပျဲသည် လည်း အာဏာရှင်တမျှ တန်ခိုးကြီးမားလာခဲ့လေသည်။ ရောဘတ်စပျဲသည် သူနှင့် သဘောကွဲလွဲခဲ့သောကြောင့် သူ၏ ရဲဘော် ဒန်တွန်ကိုလည်း သေဒဏ်ပေးခဲ့သည်။

သို့ဖြစ်၍ သူ၏ ရဲဘော်များပင် သူ၏ တန်ခိုးအာဏာကို မနာလို ဖြစ်လာကြသည့်ပြင် သတ်ဖြတ်မှု များကိုလည်း ငြီးငွေ့လာကြပြီ ဖြစ်၏။ ထိုနောက်တွင်လည်း သူ၏သဘောတရားများကြောင့် သူ့ကို မုန်းတီးသူ ပိုမိုများပြားလာခဲ့လေသည်။

ထိုကြောင့် ၁၇၉၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် သူ၏ရန်သူများက သူ့ကို ဖမ်းဆီးခဲ့လေသည်။ နောက်တစ်နေ့တွင် ကွန်ဗင်းရှင်းလွှတ်တော်၏ အမိန့်ဖြင့် အသတ်ခံရလေ သည်။ ထိုနောက် ရက်စက်ကြမ်း ကြုတ်မှုများလည်း ပပျောက် သွားလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)