မန္တလာမြင့်(၁၉၀၀-၁၉၉၀)သည် ​ခေတ်​ဟောင်းဓာတ်ပြားအဆို​တော်ကြီးတစ်ဦးဖြစ်သည်။နန်း​တော်​​ရှေ့ဆရာတင်ရေး​သော ရွှေဘိုသနပ်ခါး​သီချင်းသည် မန္တလာမြင့်၏အ​ကျော်ကြားဆုံး သီချင်းဖြစ်သည်။

မန္တလာမြင့်
မွေးဖွားမ​ငွေ
(1900-03-16)၁၆ မတ်၊ ၁၉၀၀
​ရေကြည်ရပ်၊ [မန္တ​လေးမြို့]]၊ ဗြိတိသျှဘားမား
ကွယ်လွန်၃ မေ၊ ၁၉၉၀(1990-05-03) (အသက် ၉၀)
မန္တ​လေးမြို့မြန်မာ
အလုပ်အကိုင်အဆို​တော်
အိမ်ထောင်ဖက်(များ)မရှိ
မိဘ(များ)ဦးမျှင် + ဒေါ်ဆင့်
ဂီတခရီးလမ်း
တေးသံသွင်း ကုမ္ပဏီကိုလံဘီယာဓာတ်ပြားကုမ္ပဏီ

မန္တလာမြင့် ပြင်ဆင်ရန်

မန္တလာမြင့်သည် မြန်မာနိုင်ငံရှိ ခေတ်ဟောင်းဓာတ်ပြား အဆိုတော်ကြီးဖြစ်သည်။ ဒေါ်မန္တလာမြင့်ကို ၁၉၁၀-ခုနှစ်၊ မတ်လ(၁၆)ရက်နေ့၌ အဖဦးမျှင်နှင့် အမိဒေါ်ဆင့်တို့မှ မန္တလေးမြို့ ရေကြည်အရပ်တွင် (ရေကြည်ရပ်သည် မန္တလေး ၈၅ လမ်းနှင့် ၂၅ လမ်း အပြ)ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ မငွေ ဖြစ်ပြီး မွေးချင်းငါးဦးအနက် တတိယသမီး ဖြစ်သည်။ မငွေ၏ ဘဝက ဆန်းကြယ်လှသည်။ ရင်နင့်စရာလည်း ကောင်းလှသည်။ မငွေ ခုနှစ်လသမီးအရွယ်ကပင် မျက်စိကွယ်ခဲ့လေသည်ဟု ဆို၏။ သို့သော် မျက်မမြင် ဒုက္ခိတကလေးအဖြစ် ကြီးပြင်းလာရသူ မငွေသည် မိမိဘဝကို အရှုံးမပေးခဲ့ပေ။ အသက် ၁၁-နှစ်အရွယ်တွင် မန္တလေးဈေးချိုတော် ပိုးတန်း၌ သီချင်းဆိုပြရင်း ဘဝလောကဓံကို ရုန်းကန်ရင်ဆိုင်ခဲ့ရသည်။ မျက်စိနှစ်ကွင်း အလင်းမရရှာသော်လည်း အသံပါရမီကလေးက ပါလာသည်။ မငွေ၏ ချိုမြသောအသံကို ကြားရသူတိုင်း စိတ်ဘဝင် ကြည်လင်အေးမြကြရသည်။ မိဘများ ချို့တဲ့ကြသော်လည်း မငွေက ငယ်စဉ်ကပင် မိဘကို အကျိုးပြုနိုင်ခဲ့သည်။ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာပေးနိုင်ခဲ့သည်။

ဘဝတစ်ကွေ့ ပြင်ဆင်ရန်

မငွေ အသက် ၂၅-နှစ်အရွယ်တွင် ဘဝလမ်းကြောင်းက ပြောင်းလဲသွားသည်။ မန္တလေး ရိုးကုမ္ပဏီ၏ တိုက်ခွဲမှတစ်ဆင့် ရန်ကုန် ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီ၌ ဓာတ်ပြားသွင်းရန် မငွေကို လာခေါ်သည်။ သို့ဖြင့် မငွေ ရန်ကုန်သို့လိုက်သွားရသည်။ ထိုစဉ်က ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီသည် ယခု မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံထောင့် ရိုးကုမ္ပဏီတိုက်တွင် တည်ရှိသည်။ မငွေ ရန်ကုန်ဂီတလောကသို့ ရောက်လာသောအခါ မန္တလေးသူဖြစ်သဖြင့် မန္တလာမြင့်ဟု အမည်ပေးခဲ့ကြသည်။ ၁၉၃၅-ခုနှစ်တွင် မန္တလာမြင့်တို့ စတင် သီချင်းဓာတ်ပြား သွင်းကြရသည်။

ပထမဆုံး ဓာတ်ပြားသီချင်း ပြင်ဆင်ရန်

ဒေါ်မန္တလာမြင့်၏ ပထမဆုံး ဓာတ်ပြားသီချင်းမှာ ဂီတစာဆို ဆရာရွှေတိုင်ညွန့် ရေးစပ်သည့် ဘောလယ်သံဆန်း ဖြစ်သည်။ ဓာတ်ပြားသွင်းသည့် အတွေ့အကြုံ မရှိသေးသူ မန္တလေးသူ မငွေ (ခေါ်) မန္တလာမြင့်အား အမေဒေါ်အောင်ကြည်က အစစအရာရာ ကူညီပြသပေးခဲ့သည်။ ဤသီချင်းကပင် မငွေအား မန္တလာမြင့်အဖြစ် ထင်ပေါ်ကျော်ကြား လာစေခဲ့သည်။ အောင်မြင်သော အဆိုတော်တစ်ဦးဘဝသို့လည်း ပို့ဆောင်ပေးခဲ့သည်။

ရွှေဘိုသနပ်ခါး ပြင်ဆင်ရန်

ရွှေဘိုသနပ်ခါး သီချင်းကို မန္တလာမြင့်၏ အကျော်ကြားဆုံးတေးဟု ဆိုကြသည်။ `အစကတော့ဖြူဖြူ ညိုသွားပြီ၊ အခုတော့ ညိုသွားပြီ၊ ပျိုမှားပါပီရှင် ခေါ်လာမိတယ်´ အစချီ ၎င်းသီချင်းကို နန်းတော်ရှေ့ ဆရာတင်က ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ ဆရာတင်က သူ၏ထုံးစံအတိုင်း `ကြံကြံဖန်ဖန်ရန်ကုန်သူ၊ မန္တလာမြင့်တို့ ရန်ကုန်သူ၊ မန္တလေးရောက်မှ အသားမည်း ပြန်သတဲ့ဆူ´ စသည်ဖြင့် တေးဆိုသူ မန္တလာမြင့်၏ အမည်ကို တေးသီချင်းတွင် ထည့်သွင်းစပ်ဆိုခဲ့သည်။ ဤသီချင်းကို ၁၉၃၈-ခုနှစ်၊ ဇွန်လတွင် ဓာတ်ပြားသွင်းခဲ့၏။ နောင် အဆိုတော် ကိုအံ့ကြီးက ရန်ကုန်သူ အမည်ဖြင့် ပြန်လည်သီဆိုခဲ့သည်။ သို့သော် `အသားရယ်ဖြူ လူပေမို့လား´အစချီစာပိုဒ် တစ်ပိုဒ် မပါဝင်ခဲ့ပေ။

ရန်ကုန်သူသီချင်းကိုနန်း​တော်ရှေ့ဆရာတင်ကိုယ်တိုင် ဦးစွာသီဆိုခဲ့သည်ဟုယူဆမိပါသည်။

ဗိမ္မိသာရ ပြင်ဆင်ရန်

ဗိမ္မိသာရ သီချင်းမှာမူ ဂီတစာဆို ဆရာ ရွှေတိုင်ညွန့်၏ လက်ရာဖြစ်သည်။ ဤသီချင်းပါ တေးစာသားများမှာ မန္တလာမြင့်၏ ကရုဏာသံ အဆွဲအငင် အတက်အကျတို့ကြောင့် နားဆင်ရသူ တေးပရိသတ်တို့ အဖို့ စူးနစ်ခံစားစေခဲ့သည်။ ဤ ဗိမ္မိသာရ သီချင်းကို မကြည်အောင်က ဦးစွာသီဆို ဓာတ်ပြားသွင်းခဲ့သည်။ သို့သော် ထိုစဉ်က လည်ချောင်းနာနေသဖြင့် ဓာတ်ပြားပြန်ဖွင့်ကြည့်ရာ အသံကို အားရကျေနပ်မှု မရှိဖြစ်ခဲ့ရသည်။ သို့ဖြင့် မန္တလာမြင့်ကို သီဆိုစေပြီး ဓာတ်ပြားထပ်မံ သွင်းခဲ့ခြင်း ဖြစ်သည်။ မန္တလာမြင့်ဆိုခဲ့တဲ့ သီချင်းပေါင်း (၂၁)ပုဒ်ရှိသည်။ ၁၉၃၅ -ခုနှစ်မှ ၁၉၃၈ ခုနှစ်အထိ သီချင်းဆိုခဲ့သည်။ ဒေါ်မန္တလာမြင့်သည် အဆိုအတီး ပညာရှင်များဖြစ်သော ရွှေပြည်အေးဂီတာစိမ်းမောင်၊ ဦးသောင်းဖေ (ဂီတာသောင်း)၊ စောင်းဦးဘသန်း၊ ဦးဘထင်၊ ဦးအုန်းမောင်၊ ဦးအောင်ချင်း (ဂီတာဦးစိမ်းမောင်၏ ဖခင်) စသည့် ပုဂ္ဂိုလ်များနှင့် တွဲဖက်သီဆိုခဲ့ရသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ခေတ်ဟောင်း အဆိုတော်ကြီး ဒေါ်မန္တလာမြင့်သည် တူ၊ တူမများနှင့် နေထိုင်ရင်း မျက်မမြင် ဒုက္ခိတတစ်ဦးအဖြစ် သီချင်းလှည့်လည် သီဆိုရင်း အသက် ၈၁-နှစ်အရွယ် ၁၉၉၀-ခုနှစ်၊ မေလ (၃)ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ မြင်းစာရေးကြီးဝင်း နေအိမ်၌ ကွယ်လွန်သွားခဲ့သည်။

မန္တလာမြင့်၏ တေးများ ပြင်ဆင်ရန်

ဒေါ်မန္တလာမြင့်သည် ၁၉၃၅-ခုနှစ်မှစ၍ ၁၉၃၈-ခုနှစ်အထိ (၁၃၀၀-ပြည့် အရေးတော်ပုံကာလတိုင်) သုံးနှစ်ခန့် ဓာတ်ပြားသွင်းခဲ့ရသည်။ မန္တလာမြင့် အမည်ဖြင့် ဓာတ်ပြားသွင်းခဲ့ရသော သီချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

  1. ဘောလယ်သံဆန်း (ရွှေတိုင်ညွန့်)
  2. ဘာသာတရား (ရွှေတိုင်ညွန့်)
  3. အပျော်ဆုံးနေ့ (ရွှေတိုင်ညွန့်)
  4. သောင်းသောင်းညံ (ယိုးဒယား) (ဦးအောင်ချင်း)
  5. တင်လွှာတော် (ဦးအောင်ချင်း)
  6. အပျို့ဂုဏ်ရည် (ဇေယျာနိုင်)
  7. မြိုင်တောစွယ် (ဦးအောင်ချင်း)
  8. နတ်ပန်းမဉ္ဖူ (ဦးအောင်ချင်း)
  9. ထမနဲပါတီ (၁၂-လမ်း ဆရာဖောင်)
  10. မေတ္တာရေ (ဦးအောင်ချင်း)
  11. ကိန္နရီ မောင်နှံ (ရွှေတိုင်ညွန့်)
  12. ငါးပွင့်ဆိုင် (၁၂-လမ်း ဆရာဖောင်)
  13. ဝေဿန္တရာ (ရွှေတိုင်ညွန့်)
  14. လွတ်လပ်ရေး (ဦးအောင်ချင်း)
  15. ပါတော်မူ (ရွှေတိုင်ညွန့်)
  16. အညာသားစုံတွဲ (ဥဩဘသောင်နှင့် တွဲဆို) (ရွှေတိုင်ညွန့်)
  17. ဗိမ္မသာရ (ရွှေတိုင်ညွန့်)
  18. ရွှေဘိုသနပ်ခါး (နန်း​တော်​​ရှေ့ဆရာတင်)
  19. ရွှေပြည်ကြီး (နန်း​တော်​​ရှေ့ဆရာတင်)
  20. ရွှေနန်းတော် (ဦးအောင်ချင်း)
  21. လယ်သမား (ရွှေတိုင်ညွန့်)
  22. ရက်ရာဇာ (ဦးအောင်ချင်း)
  23. အပျိုကြီး စိတ်ကူး (ဇေယျာနိုင်)
  24. သာသနာ့ဒါယကာ နှင့် ပုဗ္ဗမင်္ဂလာ (ရတု) တို့ ဖြစ်ကြသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ပုဂ္ဂိုလ်ထူးတို့၏ ဘဝတစ်ကွေ့ Weekly Eleven ဂျာနယ်
  • ခေတ်ဟောင်းသီချင်း ပေါင်းချုပ် (သန်းလှိုင်)
  • မြန်မာစွယ်စုံကျမ်း အနှစ်ချုပ် (၁၉၉၁-ခု)
  • အသိရယ် ကြည်ပါရဲ့ ဘဝရယ် မကြည်ရှာတဲ့ အမေ (အေးအေးမွန်) ရွှေဝတ်ရည် မဂ္ဂဇင်း (၁၉၉၀)
  • သတင်းဂျာနယ် (၂၄.၁.၁၉၇၀)