၁။ စံတော်မီ ဝိသေသလက္ခဏာ

မာလခိသည် Malá’k- îyyoah၏ အတိုကောက်စကားလုံးဖြစ်၍ သတင်းစကားသယ်ဆောင်သူ၊ သံတော် ဆင့်ဟု အနက်ရသည်။ ဓမ္မဟောင်းကျမ်း၏နောက်ဆုံးပိတ်ပရောဖက်ပြုချက်ဖြစ်၍ ဓမ္မသစ်နှင့် ဓမ္မဟောင်းကျမ်း နှစ်စောင်၏ ပေါင်းကူးတံတားလည်း ဖြစ်သည်။ ဗတ္တိဇံယောဟန်နှင့် သခင်ယေရှုပေါ်ထွန်းလာမည့်အကြောင်း ပရောဖက်ပြုထားသည်။

မာလခိအနာဂတ္တိကျမ်း၏နက်နဲဆန်းကျယ်မှုကြောင့် ကျမ်းရှင်အမည်မှာ မထင်ရှားလှပေ။ အချို့က ဧဇရ သို့မဟုတ် တစ်စုံတစ်ဦးကိုပေးသည့် အမည်ကွဲတစ်ခုအဖြစ်ယူဆကြသည်။ ဂရိ(ဟေလသ)နှင့် ဟေဗြဲဝေါဟာရတွင် မာလခိအမည်သည် သံတော်ဆင့်နှင့်၎င်း၊ ကောင်းကင်တမန်နှင့်၎င်း အတူတူဖြစ်သဖြင့် ကနဦးအသင်းတော် ဖခင်ကြီးများက ကောင်းကင်တမန်တစ်ပါးရေးသားခဲ့သည်ဟု ထင်မှတ်ကြသည်။၁

မာလခိအနာဂတ္တိကျမ်းကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမေးဖြေစကား ပြောပုံစံဖြင့် ရေးသားထား သောကြောင့် အခြားကျမ်းများနှင့်မတူ။ တမူထူးခြားသည်။ ထို့ကြောင့် အချို့က ဂရိဆော့ခရက်တိကျမ်း Socrate နှင့်ပုံခိုင်းကာ “​ဟေဗြဲဆော့ခရက်တိကျမ်း”ဟု သမုတ်ကြသည်။

၂။ ကျမ်းရေးသူ

ဗာဗုလုန်နယ် သုပအရပ်ရှိ ယုဒတရားစရပ်ကြီးတစ်ဆောင်မှ လေဝိမျိုးနွယ် ရဗ္ဗိဆရာတစ်ပါးဖြစ်သည်ဟု အစဉ်အဆက်ယုံကြည်လက်ခံခဲ့ကြသည်။ သို့သော်လည်း မာလခိအနာဂတ္တိကျမ်းစာကလွဲလျှင် မာလခိ၏အခြား အကြောင်းအရာ အချက်အလက်ကို တိကျရေရာစွာ မသိရပေ။ ကျမ်းစာသားတွင် မာလခိ၏ရဲရင့်ပြတ်သားမှုကို တွေ့မြင်နိုင်သည်။ ဟဂ္ဂဲ၊ ဇာခရိတို့နှင့်အတူ မာလခိသည် သုံ့ကျွန်ဘဝမှ လွတ်မြောက်ကာ နေရင်းဒေသသို့ ပြန်လာသော ဣသရေလလူမျိုးတို့အား ဘိုးဘေးတို့ပြုခဲ့သော ပဋိညာဉ်ကို စောင့်ထိန်းလျက် ထာဝရဘုရားထံ ပြန် လှည့်ကြဖို့ဆော်ဩတိုက်တွန်းခဲ့သော ပရောဖက်တစ်ပါးဖြစ်သည်။

၃။ အချိန်ကာလ

“ဘုရင်ခံ (မြို့ဝန်)”၂ဟူသော ပြည်တော်ပြန်ခေတ် ဝေါဟာရအား အသုံးပြုခြင်းကိုထောက်လျှင် ဘီစီ၅၃၈ နောက်ပိုင်းမှ ရေးသားကြောင်း ထင်ရှားသည်။ ဗိမာန်တော်တည်ဆောက်ပြီးခြင်း၊ ဘာသာရေးထုံးတမ်းပွဲများခံ ခြင်း၊ မြို့ရိုးနံရံ ပြန်လည်ဆောက်လုပ်ပြီးခြင်း စသောအခြေအနေများကို ထောက်ရှုလျှင် ဟဂ္ဂဲနှင့်ဇာခရိအနာဂတ္တိ ကျမ်းများထက် နောက်ကျသည်။

ထို့ကြောင့် ဘီစီ ၄၇၀နှင့် ၄၆၀အကြားတွင် ရေးသားခြင်းဖြစ်နိုင်သည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

မာလခိကြုံတွေ့ရသော ပြဿနာမှာ နေဟမိနှင့် ဆင်တူသည်။ လူမျိုးခြားနှင့် ထိမ်းမြားသွေးနှောခြင်း၊ မစင်ကြယ်သောစီးပွားရှာစားခြင်း၊ ဘုရားသခင်၏အိမ်တော်ကို ပေးလှူရမည့် ဆယ်ဖို့တစ်ဖို့ခိုင်ကြေးကို ထိန်ချန် ခြင်းနှင့် ဝိညာဉ်ရေးရာ၌ စိတ်အားယုတ်လျော့ခြင်းများ ဖြစ်သည်။ ထိုအချက်များကို ထောက်ရှုလျှင် နေဟမိသည် မာလခိကြုံရသလို ထပ်မံကြုံတွေ့ရခြင်း၊ သို့မဟုတ် တဆက်တစပ်တည်းကြုံရခြင်း သို့မဟုတ် အချိန်မဝေးကွာ သေးခြင်းတို့ ဖြစ်ဖွယ်ရှိသည်။

ပြည်တော်ပြန်ဂျူးတို့သည် ဝိညာဉ်ရေးရာ၌ စိတ်အားထက်သန်မှုမရှိ လျော့နည်းနေသောကြောင့် မာလခိက သူ၏ပြောင်မြောက်သော အပြန်အလှန်စကားပြောဟန်ဖြင့် နှိုးဆွလှုံဆော်ပေးသည်။

ဤအနာဂတ္တိကျမ်းကို အခန်းကြီး(၄)ခန်းဖြင့်သာ ခပ်တိုတိုရေးသားသော်လည်း “ငါ၏သံတော်ဆင့်” “ယေဟောဝါဘုရား (NKJV-၌:၏”သခင်”)၏ သတင်းစကားသယ်ဆောင်သူ” ပီပီ ပရောဖက်ပြုချက်(၃)ခု ပါရှိ သည်။ ဘုရားသခင်၏ယဇ်ပုရောဟိတ် (၂:၂)၊ ဗတ္တိဇံယောဟန် (၃:၁)က၊ ဘုရားသခင်ကိုယ်တော်တိုင် (၃:၁၆) အကြောင်းတို့ကို ပရောဖက်ပြုထားသည်။

ဘုရားသခင်က သူ့လူမျိုးတော်သို့ ဓမ္မဟောင်းကာလအတွက် နောက်ဆုံးစကားတော်များကို မာလခိ အနာဂတ္တိကျမ်းတွင် မှတ်တမ်းတင်ခဲ့သည်။ မာလခိနောက်ပိုင်း ဗတ္တိဇံယောဟန်ပေါ်လာသည်အထိ နှစ်ပေါင်း လေးရာခန့် တိတ်ဆိတ်ငြိမ်သက်ခဲ့သည်။

မာလခိကျမ်းရေးသားချိန်ကို နှောင်းကာလသို့ ရက်စွဲရွေ့စရာအကြောင်း မရှိပါ။ နှစ်ပေါင်းရှည်ကြာမှ မာလခိနှင့် အခြားအနာဂတ္တိကျမ်း ပရောဖက်ပြုချက်ပြည့်စုံလာခြင်းမှာ ဗတ္တိဇံယောဟန်နှင့် သခင်ယေရှုပေါ်ထွန်း မည်ဟူသော ဘုရားသခင်ဖော်ပြချက်သည် စစ်မှန်သောပရောဖက်ပြုချက်ဖြစ်ကြောင်း ပြသခြင်းဖြစ်သည်။ အချို့ မလိုတမာဝေဖန်ကြသကဲ့သို့ သမိုင်းကို ပရောဖက်ပြုချက်အဖြစ် ပြောင်းထားခြင်းမဟုတ်။ မှန်သောဗျာဒိတ်စကား ဖြစ်သည်။

ပါဝင်သည့်အချက်များ

၁။ ဣသရေလလူမျိုးအားအပြစ်ဆိုခြင်း၊ ဣသရေလတို့၏တုံ့ပြန်ခြင်းနှင့် တရားစီရင်မည့်အကြောင်း (၁:၁–၃:၁၅)

(က) ကျေးဇူးကန်းကြခြင်း (၁:၁-၅)

(ခ) ယဇ်ပုရောဟိတ်များက ဘုရားကို ပြစ်မှားခြင်း (၁:၆-၁၄)

(ဂ) ယဇ်ပုရောဟိတ်များအား ပြစ်တင်ရှုတ်ချခြင်း (၂:၁-၉)

(ဃ) ကွာရှင်းခြင်းနှင့် သွေးနှောလက်ထပ်ခြင်း (၂:၁၀-၁၆)

(င) ဘုရားသခင်၏ စင်ကြယ်ခြင်းနှင့် တရားမျှတမှုကို ငြင်းဆန်ခြင်း (၂:၁၇)

(စ) စကားညှပ် = တရားစီရင်ရန် မေရှိယ ကြွလာမည့်အကြောင်း (၃:၁-၆)

(ဆ) လူတို့ဖောက်ပြန်ကျဆင်းခြင်း (၃:၇)

(ဇ) ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေ မပေးခြင်းဖြင့် ဘုရားဘဏ္ဍာကို လုယူခြင်း(၃:၈-၁၂)

(ဈ) ဘုရားသခင်အား လွဲမှားစွာအပြစ်တင်ကြခြင်း (၃:၁၃-၁၅)

၂။ ရွေးကောက်သူများအဖို့ ကောင်းကြီးမင်္ဂလာ၊ ဆိုးယုတ်သူများအဖို့ အပြစ်စီရင်ခြင်း (၃:၁၆–၄:၆)

(က) ရွေးကောက်ထားသော ယုံကြည်သူများ ပြန်လည်စုစည်းခြင်း (၃:၁၆-၁၈)

(ခ) ဆိုးယုတ်သူများထံသို့ အပြစ်စီရင်ခြင်း (၄:၁)

(ဂ) ရွေးကောက်ထားသူများထံသို့ မေရှိယသခင်ကြွလာခြင်း (၄:၂-၃)

(ဃ) ပရောဖက်ဧလိယ ကြွလာမည့်အကြောင်း ကတိတော်နှင့် နာခံခြင်းရှိဖို့သတိပေးခြင်း (၄:၄-၆)

TAGS: မာလခိအနာဂတ္တိကျမ်း

ကိုးကား ပြင်ဆင်ရန်