မီးသတ်ကား

မီးငြိမ်းသတ်ရန် ရည်ရွယ်တည်‌ဆောက်ထားသော အရေးပေါ်ယာဉ်

မီးသတ်ကားဆိုသည်မှာ အဓိကအားဖြင့် မီးငြိမ်းသတ်ခြင်းတွင် ပါဝင်အသုံးပြုရန် ရည်ရွယ်၍ ပုံစံထုတ် တည်ဆောက်ထားသော ယာဉ်တစ်မျိုး ဖြစ်သည်။

ယူနိုက်တက်ကင်းဒမ်းတွင် လန်ဒန်မီးသတ်တပ်ဖွဲ့မှ အသုံးပြုနေသော မီးသတ်ကား
အမေရိကန်ပြည်ထောင်စုမှ လှေကားပါသော မီးသတ်ကား
၂၀၁၀ ခုနှစ် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဟွာချူကာမြို့တွင် မီးသတ်ကားတစ်စင်း အလုပ်လုပ်နေပုံ

မီးသတ်ကား၏ အဓိက လုပ်ငန်းဆောင်တာများမှာ မီးသတ်သမားများအား အခင်းဖြစ်ပွားရာသို့ သယ်ယူပို့ဆောင်ပေးရန်၊ မီးငြိမ်းသတ်ရန်အတွက် ရေရရှိစေရန် နှင့် မီးသတ်သမားများ လိုအပ်သော အခြားကိရိယာပစ္စည်းများကို သယ်ဆောင်ပေးရန် အတွက် ဖြစ်သည်။ အန္တရာယ်ဖြစ်စေနိုင်သော အရာများကို ဖယ်ရှားရန်နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် အထူးပြုလုပ်ထားသော ကိရိယာများကိုလည်း တပ်ဆင်ထားလေ့ ရှိသည်။ ယနေ့ခေတ်မီးသတ်ကားများတွင် မီးသတ်ခြင်းနှင့် ပတ်သက်သော လုပ်ငန်းဆောင်တာ အမျိုးမျိုးအတွက် ကိရိယာများ ပါဝင်ပြီး ယေဘုယျအားဖြင့် ပါဝင်သော ကိရိယာများမှာ ရေစုပ်စက်၊ ရေစည်၊ မီးသတ်ပိုက်၊ မြေပြင်သုံး လှေကား၊ လက်ဖြင့် ကိုင်တွယ် အသုံးပြုရသော ကိရိယာတန်ဆာပလာများ၊ အသက်ရှုစက်တပ်ဆင်ထားသော ဝတ်စုံများ၊ အခြေခံ အသက်ကယ် ကိရိယာများ နှင့် ရှေးဦးသူနာပြုပစ္စည်းများတို့ ဖြစ်ကြသည်။