မုတ်သုန်

မြေပြင်နှင့်ပင်လယ် အပူရရှိမှု မတူညီသောကြောင့် ရာသီအလိုက်ဖြစ်ပေါ်သော လေကြောင်းပြောင်းလဲခ

ရာသီအလိုက် အချိန်မှန်ကန်စွာ ပြောင်းလဲတိုက်ခတ်နေသော လေများကို မုတ်သုန်(မွန်ဆွန်း) သို့မဟုတ် ရာသီလေဟုခေါ်သည်။ မုတ်သုန်လေ ဖြစ်ပေါ်လာရခြင်းအကြောင်းမှာ မတ်လမှ စက်တင်ဘာလအထိ နေ၏ တိုက်ရိုက်အပူရှိန်သည် အီကွေတာမြောက်ဖက်၌ တည့်မတ်စွာ ကျရောက်၏။ ထိုလများ၌ အာရှတိုက်အလယ်ပိုင်းရှိ ကျယ်ပြန့်သော ကုန်းမြေများသည် အလွန်ပူပြင်း၍ တောင်ဖက် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့ဖက် ပစိဖိတ်သမုဒ္ဒရာ တို့သည် များစွာအေး၏။ ထိုအခါ အိန္ဒိယအလယ်ပိုင်းရှိ လေတို့သည် ပူသဖြင့် အထက် ကောင်းကင်သို့ အမြောက်အမြား လွင့်တက်ကြ၏။ ထိုလွင့်တက်သွားသော နေရာသို့ တောင်ဖက်အိန္ဒိယသမုဒ္ဒရာမှ လေအေးများသည် အာရှတိုက် အတွင်းဖက်သို့ အဟုန်ပြင်းစွာဖြင့် တိုက်ခတ် ဝင်ရောက်လာကြသည်။ ယင်းလေတို့သည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အနောက်တောင်ဖက်မှ တိုက်ခတ်လာသောကြောင့် အနောက်တောင်ရာသီလေဟုလည်းခေါ်သည်။


မုတ်သုန်လေ တိုက်ခတ်သောအခါ လေထဲတွင် ရေခိုးရေငွေ့များ ပါလာ၏။ ထိုလေသည် ကုန်းမြေသို့ ရောက်သောအခါတောင်တန်းများနှင့် တွေ့ဆုံကာ အထက်ကောင်းကင်သို့ ထိုးထက်သွားကြရာလေ၌ ပါသော ရေခိုး ရေငွေ့များတို့သည် အထက်ကောင်းကင်၏ အအေးဓာတ်ကြောင့် အရည်ဖွဲ့ပြီးလျှင် မိုးအဖြစ် သည်းထန်စွာ ရွာသွန်းလေသည်။ ထိုကြောင့် ပင်လယ် ကမ်းရိုးတန်းတစ်လျှောက် တောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းလေ့ရှိသည်။ မြန်မာနိုင်ငံတွင် အနောက်တောင် မုတ်သုန်လေသည် နှစ်စဉ် မေလမှ အောက်တိုဘာလအထိ တိုက်ခတ်ရာ၊ ထိုအချိန်တွင် မိုးများစွာ ရွာသွန်းသဖြင့် မိုးဥတုဟု ခေါ်ကြသည်။ တစ်ဖန် စက်တင်ဘာလမှ မတ်လအထိ နေ၏ တိုက်ရိုက် အပူရှိန်သည် အီကွေတာ တောင်ဖက်၌ တည့်မတ်စွာ ကျရောက်၏။ ထိုအခါ အိန္ဒိယသမုဒ္ဒရာ ပေါ်ရှိ လေပူတို့သည် အေး၍ ကောင်းကင်သို့လွင့်တက်ကြ၏။ ထိုလေပူနေရာသို့ အာရှတိုက်အလယ်ပိုင်းမှ လေအေးတို့သည် တိုက်ခတ်ဝင်လာကြသည်။ ထိုမုတ်သုန်လေသည် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင် အရှေ့မြောက်ဖက်မှ တိုက်ခတ်သောကြောင့် အရှေ့မြောက်နိုင်ငံတွင် မိုးမရွာချေ။ ရာသီဥတုမှာ အေးသောကြောင့် ဆောင်းဥတုဟု ခေါ်သည်။


အရှေ့မြောက် မုတ်သုန်လေသည် အနောက်တောင် မုတ်သုန်လေလောက် အဟုန်မပြင်းထန်ချေ။ အဘယ်ကြောင့် ဆိုသော် အိန္ဒိယသမုဒ္ဒရာကြီးသည် နေပူရှိန်ကြောင့် ပူသည်ဟုဆိုရသော်လည်း အီကွေတာ မြောက်ဖက်၌ အပူရှိန် တည့်မတ်စွာ ကျရောက်စဉ်က အာရှတိုက် အလယ်ပိုင်း ကုန်းမြေကြီးများ ပူသလောက် အပူအားမကြီးသဖြင့် လေပူတို့သည် အထက်သို့ အမြောက်အမြား မတက်ကြချေ။ ထိုကြောင့် ယင်းတို့နေရာသို့ ဝင်ရောက်လာသော အာရှတိုက် အလယ်ပိုင်းမှ လေအေးတို့သည် ပင်လယ်ဖက်သို့ ညင်သာစွာသာ တိုက်ခတ်လာကြသည်။ မြန်မာနိုင်ငံ၌ ယင်းမုတ်သုန်လေတို့သည် အထူးအချိန်မှန်သဖြင့် စိုစွတ်သော မိုးဥတုနှင့် ခြောက်သွေ့၍ အေးသောဆောင်းဥတုတို့ကို ဖြစ်ပေါ်စေလေသည်။ မုတ်သုန်လေ ရရှိသော ဒေသများမှာ အိန္ဒိယနိုင်ငံ ၊ မြန်မာနိုင်ငံ ၊ အင်ဒိုချိုင်းနား၊ ဩစတြေးလီးယားတိုက်အနောက်မြောက်ပိုင်း၊ အာဖရိကတိုက် အရှေ့ကမ်းရိုးတန်းဒေသအချို့နှင့် တောင်အမေရိက အနောက်မြောက်ပိုင်းဒေသတို့ ဖြစ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)