ဒုတိယကမ္ဘာစစ်အတွင်းက ထင်ရှားခဲ့သော ဆိုဗီယက်စစ်သူကြီး ရိုဒီယွန် ယာကော့လီဗစ် မာလီနော့စကီးသည် အိုဒက်ဆာနယ်တွင် ခရစ် ၁၈၉၈ ခုနှစ်က မွေးဖွားသည်။ ပထမကမ္ဘာစစ်အတွင်းက ပြင်သစ်စစ်မျက်နှာ၌ ပါဝင်တိုက်ခိုက်ခဲ့သော ရုရှတပ်မဟာတွင် အမှုထမ်းခဲ့သည်။ ရုရှနိုင်ငံ၌ ပြည်တွင်းစစ် ဖြစ်ခဲ့စဉ်က တပ်နီတော်တွင် ဝင်ရောက်အမှုထမ်းခဲ့ရာ စစ်ဗိုလ်အဆင့် အတန်းသို့ တိုးတက်ခန့်ထားခြင်း ခံရလေသည်။ ထိုနောက် ၁၉၃ဝ ပြည့်နှစ်တွင် စစ်တက္ကသိုလ်သို့ တက်ရောက်၍ စစ်အတတ် သင်ကြားခဲ့ရ၏။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဆိုဗီယက် ရုရှကို ဂျာမန်တို့ စတင် တိုက်ခိုက်သောအချိန်တွင် မာလီနော့စကီးမှာ ဗက်ဆာရေးဗီးယားနယ်ရှိ တပ်ဖွဲ့များကို ကွပ်ကဲရသော ဗိုလ်ချုပ် အဖြစ် ဆောင်ရွက်နေရလေသည်။ သူ၏တပ်များသည် နာဇီတို့ တစ်ရှိန်ထိုး ချီတက်လာခဲ့သည်ကို နှောင့်နှေးအောင် ပြုလုပ်နိုင်ခဲ့ လေသည်။ ထိုပြင် ယူကရိန်းနယ်တွင် ဂျာမန်တို့ ဝိုင်းဝန်းထားစဉ်က လွတ်မြောက်အောင် ချိုးဖောက်ထွက်နိုင်ခဲ့၏။ ထိုနောက်တွင် ဆိုက်ဗီးရီးယန်း တပ်များကို ဦးစီးကာ ဂျာမန်တို့ လက်တွင်းသို့ စတာလင်ဂရက်မြို့ မကျစေရန် ကူညီတိုက်ခိုက်ပေးခဲ့ရာ အောင်ပွဲရခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ရော့စတော့မြို့ကို သိမ်းယူခဲ့သည်။ ထိုနှစ်တွင်ပင် ဗိုလ်ချုပ်မှူး အဆင့်အတန်းသို့ တိုးမြှင့်ခန့်ထားခြင်းခံ ရ၍ တတိယယူကရိန်းစစ်တပ်ကို အုပ်ချုပ်ကာ ရူမေးနီးယား၊ ဟန်ဂေရီနှင့် ချက်ကိုဆလိုဗားကီးယားနိုင်ငံများအတွင်းသို့ ချီတက်တိုက်ခိုက်ခဲ့ရာ အောင်ပွဲများ ခံရသဖြင့် စစ်သူကြီး အဆင့်အတန်းသို့ တိုးမြှင့်ခန့်ထားခြင်းခံရလေသည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် မန်ချူးရီးယားပြည်ရှိ ရုရှစစ်တပ်တစ်တပ်ကို အုပ်ချုပ်ခဲ့ရသည်။

ရိုဒီယွန် မာလီနော့စကီး

ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါတွင် အရှေ့ဖျားရှိ ရုရှစစ်တပ်များ၏ စစ်သေနာပတိဖြစ်လာလေသည်။ ၁၉၅၇ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)