Carassius auratus
Aquarium scene with a bright orange goldfish swimming, tail at lower left, head at upper right, with some driftwood and another goldfish, white and orange, behind.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Cypriniformes
မျိုးရင်း: Cyprinidae
မျိုးရင်းသေး: Cyprininae
မျိုးစု: Carassius
မျိုးစိတ်:
C. auratus
ဒွိနာမ
Carassius auratus
Synonyms

ရွှေငါးဟူသည်မှာ အသွေးအရောင်လှပသည့် ယဉ်ပြီးဖြစ်သော အိမ်မွေးငါးငယ်ကလေးများ ဖြစ်သည်။ ငါးမွေးကန်ထဲ၌ ရွှေရောင်တလက်လက်နှင့် လူးလာပျော်ပါး ကူးခတ်သွားလာနေသော ရွှေငါးကလေးတို့သည် ကရပ်စီးယပ်ဩရတပ် (ခေါ်) ငသိုင်းတစ်မျိုးမှ ပေါက်ပွားလာကြောင်းကိုမူ လူတိုင်းမသိကြချေ။


ရွှေငါးသည် အာရှတိုက်အရှေ့ပိုင်းမှ စ၍ မျိုးပြန့်ပွားလာသည်ဟု ဆိုသည်။ လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာကပင် တရုတ်နိုင်ငံ၌ ရွှေငါးမွေးမြူမျိုးစပ်မှု ပြုခဲ့ကြလေသည်။ သို့ရာတွင် ယခု ကျွနု်ပ်တို့ တွေ့မြင်နေကြရသော ရွှေငါးကို ဂျပန်နိုင်ငံမှ များသောအားဖြင့် ဖောက်၍ ရောင်းကြသည်။ အချို့ရွှေငါးသည် အလွန်လှပ၍ အချို့သည် အကြည့်ရ ဆန်းသည်။ အချို့ရွှေငါးသည် နှစ်လက်မမှ သုံးလက်မခန့်သာရှိ၍ အချို့မူ တစ်ပေအထိပင် ရှည်ကြသည်။ အချို့တွင် အလွန်ပါးသော အကြေးခွံပါသော်လည်း အကြေးမပါသကဲ့သို့ပင် မှတ်ထင်ရသည်။


ရွှေငါးအရိုင်း၏ အဆင်းသည် ညိုပုပ်၏။ သို့ရာတွင် အချို့ရွှေငါးအရိုင်း၏ အရောင်သည် တောက်ပြောင်သော လိမ္မော်ရောင်၌ အမဲစက် အညိုစက်များ ပါသည်။ ရွှေငါးအရိုင်းကောင်များကို လူတို့ ကြိုက်သလို မျိုးစပ်မွေးမြူခဲ့သဖြင့် ယခုခေတ်တွင် တွေ့မြင်ရသကဲ့သို့ အရောင်အမျိုးမျိုး အရွယ်အမျိုးမျိုး ပြောင်းလဲ ရရှိခဲ့ခြင်းဖြစ်ရာ ငွေကွက်ကလေးများဖြင့် တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ငါးကလေးမျိုးများပင် မျိုးပွားလာခဲ့လေသည်။ ရွှေငါးအမျိုးပေါင်း ၂ဝ ခန့် ရှိလေသည်။ အဝေးကြည့်မှန်ပြောင်း ကဲ့သို့ ပြူးထွက်နေသော မျက်လုံးရှိ၍ ကျောဆူးတောင်မရှိသော ရွှေငါးမျိုးလည်း ရှိသေးသည်။ ယင်း၏အမြီးတောင်သည် အခြားငါးများကဲ့သို့ နှစ်ခွမဟုတ်ဘဲ သုံးခွဖြစ်နေ၏။ ရွှေငါးတိုင်းသည် ရွှေရောင်ချည်း ရှိသည်မဟုတ်ချေ။ အနီ၊ လိမ္မော်၊ ကြေးညို၊ မီးခိုး၊ အနက်၊ အဖြူရောင်တို့ပင် ရှိကြသည်။ မွေးစရွှေငါးသည် အရောင် မတောက်လှသော်လည်း ကြီးလာသည်နှင့်အမျှ ချစ်စဖွယ် တင့်တယ်သောအရောင်များ ဖြစ်ပေါ်လာသည်။


ရွှေငါးများသည် ပိုးမွှားနှင့် အပင်ကလေးများကို စားသောက်ကြသဖြင့် သူတို့အား မွေးမြူသောကန်တွင် ရေညှိပင်များ ထားပေးရသည်။ ရေကိုလည်း သန့်ရှင်းအောင် လဲလှယ်ပေးရသည်။ နွေးလွန်းသော ရေ၊ အေးလွန်းသောရေများ၌ မနေနိုင်ကြချေ။ ရွှေငါးတို့အတွက် အစာပြုပြင်စီမံရောင်းချကြသဖြင့် ရွှေငါးကို အလှမွေးမြူသူတို့သည် ယင်းအစာဘူးကိုဝယ်၍ ရက်ခြား အစာကျွေးရသည်။ ရွှေငါးကို မွေးမြူသည့်အခါ အဝကျဉ်းသော ဖန်ဘူးထက် အဝကျယ်သော မှန်သေတ္တာနှင့် ထည့်မှ ပိုကောင်းသည်။


ရွှေငါးပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ နှစ်စဉ် ကျင်းပကြ၍ တစ်ကိုယ်လုံး နီလွင်သောငါးများကို ပထမတန်း ထားကြသည်။ ကိုယ်လုံးဝိုင်းဝိုင်း၊ ဦးခေါင်းပြားပြားပေါ်တွင် အချွန်အထစ်များ ထွက်လျက် ကျောဆူးတောင် မရှိသော ရွှေငါးမျိုးကို လူများ အလွန်နှစ်သက်ကြ၍ တစ်စုံလျှင် ငွေ ၃ဝဝ မှ ၄ဝဝ အထိပင် ပေးဝယ်လေ့ ရှိကြသည်။


အလှမွေးမြူသည့် ရေကန် ရေအိုင်များမှ လွတ်ထွက်ကာ မြစ်ချောင်းများသို့ ရောက်ရှိပေါက်ပွားကြသော ရွှေငါးများကို မပြုပြင်ဘဲ အရိုင်းလွှတ်ထားသောအခါ နဂိုညိုပုပ်ရောင် ပြန်ဖြစ်၍ ခြောက်လက်မမှ ၁၂ လက်မအထိပင် ကြီးလာတတ်သည်။ အချို့ဒေသတို့၌ ရွှေငါးအများအပြား ပေါက်ပွားနေကြသောကြောင့် ဟင်းလျာအဖြစ်ပင် ဖမ်း၍ ရောင်းချကြလေသည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. NatureServe (2016). "Carassius auratus ". IUCN Red List of Threatened Species 2016. IUCN. 
  2. USGS-NAS, Non-indigenous Aquatic Species။ 2015-04-29 တွင် ပြန်စစ်ပြီး။
  3. Carassius auratus (Linnaeus, 1758)။ Fishbase။ 2015-04-29 တွင် ပြန်စစ်ပြီး။
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)