ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်

မြန်မာနိုင်ငံရေးပါတီ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အင်္ဂလိပ်: Shan Nationalities League for Democracy; ရှမ်း: ငဝ်ႈငုၼ်းတီႇမူဝ်ႇၶရေႇၸီႇၸိူဝ်ႉၶိူဝ်းတႆး; အတိုကောက် SNLD) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ရှမ်းလူမျိုး အခွင့်အရေး နှင့်  ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်သည်။ ပါတီမူဝါဒမှာ ဒီမိုကရေစီ စနစ်နဲ့အညီ ကျင့်သုံးသော ဖက်ဒရယ် ပြည်ထောင်စုစနစ် ထူထောင်ရေးဖြစ်သည်။[၁] လက်ရှိဥက္ကဋ္ဌမှာ ရှမ်းပြည်နယ်အစိုးရ အတွင်းဝန် စဝ်ကြာဇုံ၏ မွေးစားသား ခွန်ထွန်းဦးဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ စိုင်းညွန့်လွင်ဖြစ်သည်။[၂]

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်
အင်္ဂလိပ် အမည်Shan Nationalities League for Democracy
ရှမ်း အမည်ငဝ်ႈငုၼ်းတီႇမူဝ်ႇၶရေႇၸီႇၸိူဝ်ႉၶိူဝ်းတႆး
နာယကစိုင်းညွန့်လွင်
အတွင်းရေးမှူးစိုင်းလိတ် (ခ) စိုင်းလ
ဆောင်ပုဒ်တန်းတူညီမျှမှုမရှိရင်ငြိမ်းချမ်းရေးမရဘူး၊ ငြိမ်းချမ်းရေးမရှိရင်ဒီမိုကရေစီကိုတည်ဆောက်လို့မရဘူး။ Without equality we cannot have peace, without peace we cannot build democracy
တည်ထောင်ခြင်းအောက်တိုဘာ ၂၁၊ ၁၉၈၈ (၁၉၈၈-၁၀-၂၁)
ဌာနချုပ်မရမ်းကုန်းမြို့နယ်ရန်ကုန်မြို့
နိုင်ငံရေး သဘောတရားရှမ်းလူမျိုး အခွင့်အရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်
အမျိုးသားလွှတ်တော် အမတ်နေရာ
၃ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၁၄ / ၄၄၀
ရှမ်းပြည်နယ် လွှတ်တော် အမတ်နေရာ
၂၈ / ၁၄၇
ကချင်ပြည်နယ် လွှတ်တော် အမတ်နေရာ
၁ / ၅၃
ဝက်ဘ်ဆိုဒ်
တရားဝင် ဝက်ဘ်ဆိုဒ်
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ရှမ်းလူမျိုးများ၏ အကျိုးကို ဆောင်ရွက်ရန် ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြီးလျှင် ဒုတိယအများဆုံး ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့ပြီး ရွေးကောက်ပွဲ မဝင်ခဲ့ပေ။ ၂၀၁၂တွင် ပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအပြီးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်ထောင်စုလွှတ်တော်တွင် အင်အားအကြီးမားဆုံးရှမ်းပါတီ တစ်ခု ဖြစ်လာခဲ့သည်။[၃] ရှမ်းပြည်နယ်တွင်းရှိ မြို့နယ်အများစုတွင် ရုံးခွဲများ ဖွင့်လှစ်ထားပြီး ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း ရုံးခွဲအချို့ ဖွင့်လှစ်ထားသည်။

သမိုင်း ပြင်ဆင်ရန်

၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်အမှတ်စဉ် (၄၅) ဖြင့် ခွင့်ပြုခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၆ နေရာတွင် ဝင်ရောက်အရွေးခံရာ ၂၃ နေရာတွင် အနိုင်ရရှိခဲ့သည်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ပင်လျှင် ရှမ်းပြည်နယ်၌ SNLD ထက် မဲဆန္ဒနယ်တစ်နယ်လျော့၍ ၂၂ နေရာတွင်သာ အနိုင်ရရှိခဲ့သည်။ မူဆယ်မဲဆန္ဒနယ်အမှတ် (၁) မှ ဝင်ရောက်အရွေးခံသူ စိုင်းလှဖေသည် မဲရာခိုင်နှုန်း ၉၁.၄၅ ဖြင့် တစ်နိုင်ငံလုံးတွင် ခိုင်လုံမဲ ရာခိုင်နှုန်း အများဆုံး ရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဥက္ကဋ္ဌ ခွန်ထွန်းဦးမှာ သီပေါမဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးရုံးခန်းကို အမှတ် (၅၈)၊ ပထမထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း (ယခင်ဘားလမ်း)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၌ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် အမျိုးသားညီလာခံကို ရန်ကုန်မြို့ သမ္မတအိမ်တော်အတွင်း၌ စတင်ကျင်းပခဲ့သည်။ အဆိုပါ အမျိုးသားညီလာခံသို့ SNLD မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ ပါတီဗဟိုဦးစီးအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၀ ဦး တက်ရောက်ခဲ့သည်။ သို့သော် နဝတ အစိုးရ၏ အမျိုးသားညီလာခံသည် နိုင်ငံရေးပြဿနာကို ပြေလည်အောင် ဆွေးနွေးဖြေရှင်းခြင်း မရှိဘဲ ၎င်းတို့စိတ်တိုင်းကျ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို အပူတပြင်း ရေးဆွဲရုပ်လုံးဖော်နေခြင်းသာ ဖြစ်သည့်အတွက် ၂၀၀၄ ခုနှစ် မေလ ၁၄ ရက်နေ့တွင် SNLD သည် အမျိုးသားညီလာခံမှ ကျောခိုင်းထွက်ခွာခဲ့သည်။ SNLD သည် အမျိုးသားညီလာခံမှ ကျောခိုင်းထွက်ခွာခဲ့သဖြင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်နေရာတွင် သိသာသော ဟာကွက် ဖြစ်ပေါ်ခဲ့သည်။ ထိုလစ်ဟာချက်ကို ကုစားရန်အတွက် နအဖ သည် စစ်ထောက်လှမ်းရေးအဖွဲ့၏ ဩဇာခံဖြစ်သည့် တပ်မတော်နှင့် ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ခြိမ်းခြောက်အကျပ်ကိုင်၍လည်းကောင်း၊ အခွင့်အရေးပေးကာ ဆွဲဆောင်၍လည်းကောင်း ကမ်းလှမ်းစည်းရုံးခဲ့သည်။

၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နှင့် ၅ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စိန်ကျော့ဒေသရှိ SSA ဗဟိုဌာနချုပ်တွင် သက်ဆိုင်ရာဒေသ စစ်တိုင်းမှူး၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်အစိုးရနှင့် ရှမ်းပြည် တပ်မတော် (SSA) တို့ ငြိမ်းချမ်းရေးရယူခဲ့သည့် (၁၅) နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ တက်ရောက်ရန် SNLD ပါတီအား ဖိတ်ကြားခဲ့သည့်အတွက် ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်၊ ဗဟိုဦးစီးအဖွဲ့ဝင်များဖြစ်သော စိုင်းလှအောင်၊ စဝ်သာဦး တို့ တက်ရောက်ခဲ့ကြသည်။ ထိုအခမ်းအနားတွင် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေး ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ ထိုနောက် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ (ရှမ်းပြည်နယ်နေ့) တွင် ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံကောင်စီ ကို ဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းပြီး နောက်တစ်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်စောစောအချိန်တွင် တောင်ကြီးမှ ရန်ကုန်သို့ ထွက်ခွာလာသော ခရီးသည်တင် အဝေးပြေးကားပေါ်တွင် SNLD ဗဟိုဦးစီးအဖွဲ့ဝင်များဖြစ်သော စိုင်းလှအောင်နှင့် စဝ်သာဦး တို့ကို တောင်ငူမြို့အရောက်တွင် အထူးသတင်းတပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်တို့အား ၎င်းတို့၏ နေအိမ်အသီးသီးတွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြသည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် အမျိုးသားညီလာခံအား ဖျက်ဆီးနှောင့်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေပုဒ်မအပြင် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု စသည့် ဥပဒေပုဒ်မပေါင်းများစွာဖြင့် အင်းစိန်အထူးတရားရုံး၌ လျှို့ဝှက်တရားစီရင်ချက်အမိန့်ဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ထိုသို့ချမှတ်ရာတွင် ခွန်ထွန်းဦးအား ထောင်ဒဏ် ၉၃ နှစ်ဖြင့် ကချင်ပြည်နယ် ပူတာအိုထောင်သို့လည်းကောင်း၊ စိုင်းညွန့်လွင်အား ထောင်ဒဏ် ၈၅ နှစ်ဖြင့် စစ်ကိုင်းတိုင်း ကလေးထောင်သို့လည်းကောင်း၊ စိုင်းလှအောင်အား ထောင်ဒဏ် ၇၉ နှစ် ချမှတ်၍ ရခိုင်ပြည်နယ် ကျောက်ဖြူထောင်သို့ လည်းကောင်း ပို့ဆောင်ခဲ့သည်။ အစိုးရသက်သေအဖြစ် ဆောင်ရွက်ခဲ့သော စဝ်သာဦးကိုမူ အစိုးရက ပြန်လွှတ်ပေးခဲ့သည်။

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများထဲမှ တရားဝင်တည်ရှိနေသည့် လက်ကျန်နိုင်ငံရေးပါတီ ၁၀ ပါတီကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် (၄/၈၈) ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရမည်။ ယင်းသို့ လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟု ကြေညာခဲ့သည်။ သို့သော် SNLD ပါတီသည် ပါတီတည်ထောင်ခွင့် ဆက်လက်လျှောက်ထားခြင်း မရှိ၍ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ၁၄ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၉၇/၂၀၁၀) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။

ထိုနောက် အစိုးရသစ် တက်လာပြီးနောက်ပိုင်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက် နေ့တွင် SNLD ခေါင်းဆောင်များသည် ပြန်လည်လွတ်မြောက်လာခဲ့ကြသည်။ SNLD ခေါင်းဆောင်များ လွတ်မြောက်လာပြီးနောက်တွင်၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့၌ ပြုလုပ်သော အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်အရ SNLD ပါတီအား တရားဝင်ပါတီအဖြစ် ပြန်လည်ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပါတီတည်ထောင်လိုသူ ၁၅ ဦး၏ အမည်စာရင်းနှင့်အတူ ပထမခေါင်းဆောင်အဖြစ် ခွန်ထွန်းဦး၊ ဒုတိယခေါင်းဆောင် အဖြစ် စိုင်းညွန့်လွင် တို့ကို သဘောတူရွေးချယ်ခဲ့ကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် မှတ်ပုံတင်ခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ ရက်စွဲဖြင့် ပါတီမှတ်ပုံတင်အမှတ်စဉ် (၅၆) ဖြင့် ခွင့်ပြုကြောင်း အကြောင်းပြန်ခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ပါတီဌာနချုပ်ကို ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ရပ်ကွက်(၅)၊ ကိုးမိုင် ပြည်လမ်းနှင့် စော်ဘွားလမ်းထောင့်၊ အမှတ် (၂၆) တွင် ဖွင့်လှစ်ထားရှိပြီး ပါတီဌာနချုပ် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ၂၀၁၂ ဩဂတ်လ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လေ့လာရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်