လက်နှိပ်စက်ဟူသည်မှာ ခလုတ်များစွာ ပါဝင်ပြီး ခလုတ်များကို ရိုက်လိုက်သောအခါ စက္ကူအစရှိသော ကြားခံပစ္စည်းတွင် မင်များပေါ်စေသည့် စက်ပစ္စည်း (သို့) လျှပ်စစ်ပစ္စည်းဖြစ်သည်။

လက်နှိပ်စက်

စာရွက်ပေါ်တွင် ပုံနှိပ်စာလုံးကလေးများ ထင်လာ အောင် လက်ဖြင့်ရိုက်နှိပ်နိုင်သော စက်တစ်မျိုးကို လက်နှိပ်စက်ဟုခေါ် လေသည်။ ယခုခေတ်အသုံးပြုနေကြသည့် လက်နှိပ်စက်မျိုးဖြစ်လာအောင် လက်နှိပ်စက်ပုံစံများကို အဆင့်ဆင့်တိုးတက်တီထွင်ခဲ့ရပေသည်။ ခရစ် ၁၈ဝဝ ပြည့်နှစ် တစ်ခိုလောက်ဆီက အင်္ဂလန်နှင့်အမေရိကန်ပြည်ထောင်စု တို့တွင် လက်နှိပ်စက် အမျိုးမျိုးကို တီထွင်လုပ်ကိုင်ခဲ့ကြသည်။ ၁၇၁၄ ခုနှစ်က အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာ မီးဆိုသူသည် ပထမဦးဆုံး လက်နှိပ်စက်ပုံစံအတွက် မူပိုင်ခွင့်မှတ်ပုံတင်ခဲ့သည်။ သို့ရာတွင် သူ၏ လက်နှိပ်စက် ပုံစံသည် ထိထိရောက်ရောက်အသုံးမပြုနိုင်သဖြင့် နောက်၌ တိမ်ကောသွား ၏။ ၁၈၆၈ ခုနှစ်၌ လက်တွေ့ အသုံးချနိုင်သော လက်နှပ်စက်တစ်မျိုးကို စီအယ်ရှိုးနှင့် ကားလော့ဂလစ်ဒင် ဆိုသူတို့ကတီထွင်ပြန်၏။ သူတို့နှစ်ဦးသည်လည်း မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ကြ၏။ ယင်းလက်နှိပ်စက်ကို ၁၈၇၄ ခုနှစ်၌ အီးရီမင်တန်နှင့်သားများကုမ္ပဏီမှ နယူးယော့မြို့တွင် ကုန်ပစ္စည်း အဖြစ်ဖြင့် စတင်ရောင်းချခဲ့လေသည်။

ယခုအခါတွင် လက်နှိပ်စက်များသည် အစိုးရအလုပ်၊ ကိုယ်ပိုင် အလုပ်စသော အလုပ်အကိုင် အသီးသီးတို့တွင် အလွန်အသုံးဝင်၍ မရှိလျှင် မဖြစ်သောပစ္စည်းတစ်ခု ဖြစ်လာခဲ့လေသည်။ အရောင်းအဝယ်လုပ်ငန်းများ တွင် စာရင်းအင်းတွက်ချက်ရာ၌ အသုံးချသော တွက်ချက်သည့် စက်ကလေးများသည် လက်နှိပ်စက်များမှအစပြု၍ ပေါ်ပေါက်လာခဲ့သည်။

အချို့လက်နှိပ်စက်များတွင် စာရင်းတွက်သော စက်များပါပူးတွဲပါရှိ၏။ အချို့လက်နှိပ်စက်များကား စက္ကူရိုးရိုးပေါ်တွင်သာမဟုတ်ဘဲ ကပ်ပြားစက္ကူ များနှင့် စာအုပ်များပေါ်တွင်ပင် ရိုက်နှိပ်နိုင်ရန် ပြုလုပ်ထားလေသည်။ပထမဦးဆုံးပေါ်သော ရီမင်တန်လက်နှိပ်စက်များသည် ယခုခေတ် သုံးလက်နှိပ်စက် ပုံစံမျိုးနှင့်ခပ်ဆင်ဆင်ဖြစ်သည်။ ယင်းကို တန်းစာလုံးစီ စက်ဟုခေါ်သည်။ နောက်တစ်မျိုးမှာ လွန်းစက်ဖြစ်သည်။ တန်းစာလုံးစီစက် တွင် တစ်ဖက်အစွန်၌ ခဲစာလုံးများ တပ်ထားသော သံမဏိတန်းများရှိသည်။

ထိုတန်းများသည် သုံးဆယ့်ရှစ်ခုမျှရှိ၍ အပြားလိုက်ချထားသော ကွင်းတစ်ခုကို လှည့်ပတ်ကာ ဆုံလည်ကဲ့သို့ တပ်ဆင်ထားသောကြောင့် သံမဏိတန်းကလေးများမှာ စက်ဝိုင်းသဏ္ဌာန်ဖြစ်နေသည်။ ထိုတန်းကလေးတစ်ခုစီ တစ်ခုစီကို ကြေးနန်းကြိုးဖြင့် မောင်းတစ်ခုကိုဆက်သွယ်ထား၏။ ထိုမောင်း သည် လက်နှိပ်စက်၌ရှိသော စာလုံးခလုတ်များနှင့်ဆိုင်၏။ ထိုကြောင့် ခလုတ်များကိုနှိပ်လိုက်သောအခါ စာလုံးတပ်ထားသော သံချောင်း (တန်း) သည် ကြွလာ၍ အလယ်တည့်တည့်နေရာရှိ စက္ကူထပ်ထားသော ရော်ဘာ လုံးပေါ်သို့ ရိုက်နှိပ်လိုက်သည်။ ထိုရော်ဘာလုံး၏ ရှေ့နားတွင် မင်ကြိုး ထည့်ထားသော ရိုက်လိုက်သောခဲစာလုံးကို ကြားဝင်ခံထားစေသည်။ ထိုအခါမှ စက္ကူပေါ်တွင် မင်သားထင်သည့် စာလုံးပေါ်လာလေသည်။ အလွန် ရှေးကျသော လက်နှိပ်စက်များ၌ ရိုက်ပြီးသားစာလုံးကို ရိုက်သူသည် မမြင်ရချေ။ နောက်ပေါ် လက်နှိပ်စက်များ၌ကား ခဲစာလုံးတင် တန်းကလေးများကို တစ်မျိုး တစ်ဖုံပြုပြင်ထားသဖြင့် ရိုက်သူသည် သူရိုက်ပြီးသော စာလုံးများကို ရိုက်နေရင်းပင် မြင်နိုင်ပေသည်။ လွန်စက်များမှာမူကားစာလုံးများနှင့် အမှတ်အသားများကို ရော်ဘာတစ်မျိုးဖြင့်ပြုလုပ်ထားသော အပြားတစ်ခုပေါ် တွင် တပ်ဆင်ထားလေသည်။ ထိုရော်ဘာပြားသည် ခပ်ကွေးကွေး သဏ္ဌာန်ရှိ၍ လွန်း ဟုခေါ်သည်။ ဆိုင်ရာခလုတ်ကို နှိပ်လိုက်သောအခါ စက္ကူကို ထိုစာလုံးနှင့် ထိမိအောင်တွန်းပေး၍ စားလုံးထင်စေသည်။ လွန်း များသည် တစ်ခုနှင့်တစ်ခု လဲလှယ်၍သုံးနိုင်သဖြင့်စက် တစ်လုံးတည်းနှင့်ပင် စာလုံးနှင့်ဂဏန်းအမျိုးမျိုးကို ရိုက်နှိပ်နိုင်လေသည်။ ဗလစ်ကင်ဒါဖာခေါ် စက်မျိုးမှာ ခဲစာလုံးများကို ဘီးပေါ်တွင် တပ်ဆင်ထား၍ ဘီးလည်သွားကာ လိုသောစာလုံးများကို စက္ကူပေါ်သို့ ရိုက်မိအမှတ်ထင်စေလေသည်။များသောအားဖြင့် လက်နှိပ်စက်များသည် တန်း များဖြင့် တပ်ဆင်သည့် စက်ပုံစံများကို အနည်းငယ်ပြောင်းလဲကာ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ရှေးကစက်များတွင် အသုံးပြုသည့် အပြားလိုက်ချားသော ကွင်းပုံမျိုးကိုမသုံးဘဲ စာလုံးများတပ်ဆင်ထား သည့်တန်းများကို စက်ဝိုင်းခြမ်းသဏ္ဌာန် တပ်ဆင်ထား၍ နှိပ်လိုက်သောအခါ စာလုံးများသည် ရော်ဘာ ဒလိမ့်တုံး၏ရှေ့သို့ ရိုက်မိအောင်စီမံထားလေသည်။ ဤသို့ပြုလုပ်ထားခြင်း အားဖြင့် ရိုက်နှိပ်ပြီးသောစာလုံးများကို အမြမြင်နေရလေသည်။ ယခုခေတ်အခါတွင် လက်နှိပ်စက်များ အထူးတိုးတက်ကောင်းမွန် နေသည်ကိုတွေ့ရ၏။ အချို့လက်နှိပ်စက်များ၌ စာကြောင်းတစ်ကြောင်းရိုက်၍ ပြီးဆုံးလုနီးလျှင် သတိပေးသည့်ခေါင်းလောင်းသံမြည်လာသည်။

အချို့လက် နှိပ်စက်များမှာ နားမငြီးရအောင် အသံမမြည်သောစနစ်ဖြင့် လုပ်ထားလေ သည်။ ထိုလက်နှိပ်စက်မျိုးကို ၁၉ဝ၉ ခုနှစ်တွင် စတင်ရောင်းချလေသည်။ အချို့ခရီးဆောင်လက်နှိပ်စက်ကလေးများမှာ သေတ္တာနှင့်ထည့်၍ လိုရာအရပ် သို့ အလွယ်တကူ ဆောင်ကျဉ်းသွားနိုင်၏။ လက်နှိပ်စက်တစ်မျိုးမှာ အပ်ချွန်သဏ္ဌာန် ခဲစာလုံးတပ်ဆင်ထား၏။ ယင်းကို ရိုက်ပြီးသော စာလုံးများ နောက်ထပ် မည်သည့်နည်းနှင့်မျှ မပြောင်းလဲနိုင်အောင် လုပ်ထားသည်။ မျက်စိမှုန်သူများအတွက် လက်နှပ်စက်မှာ စာလုံးကြီးများထင်အောင် ခဲစာလုံးကို တစ်မျိုးတစ်ဖုံ စီမံထားသေး၏။ စာလုံးနှင့် အမှတ်အသားများကို စီစဉ်ထားရာတွင် လက်နှိပ်စက် အားလုံးပင် တစ်မျိုးတည်း စီစဉ်ထားလေသည်။ လက်နှိပ်စက်ရိုက်သူများ သည် လက်နှိပ်စက်ရိုက်နည်း သင်ယူရာတွင် လက်ထားပုံ သိုပုံ၊ မည်သည့် လက်ချောင်းဖြင့်ရိုက်လျှင် မည်သည့်စာလုံးထင်သည်ကို ပုံသေသင်ယူရလေ သည်။ ထို့ကြောင့် လက်နှိပ်စက်များ၏ ခလုတ်များကို အစီအစဉ်တစ်မျိုးတည်း ပြုလုပ်၍ထားကြရသည်။ စာလုံးတပ်ဆင်ထားသည့် သံချောင်းများ တွင် စာလုံးသေး၊ စာလုံးကြီး စသည်ဖြင့် တစ်မျိုးထက်ပို၍ တပ်ထားလျက် ရှိရာ ခလုတ်နှိပ်ကာ လိုရာစာလုံးကို ရိုက်ယူရသည်။ လက်နှိပ်စက်များဖြင့်အမျိုးတူစာမူ စာရွက်ပေါင်းများစွာကို မင်စက္ကူခံ၍ ရိုက်ယူနိုင်သည်။

လက်နှိပ်စက်ရိုက်နည်းကို သင်ယူတတ်မြောက်ပြီးဖြစ်သော သူသည် မိမိ၏ လက်ဆယ်ချောင်းကို ခလုတ်များပေါ်တွင်တင်ကာ စာလုံးများကို မကြည့်ဘဲ စမ်း၍ လျင်မြန်စွာရိုက်သွားနိုင်လေသည်။ လက်နှိပ်စက်သည် အရောင်းအဝယ်လောကတွင် အရေးကြီးသော ကုန်ပစ္စည်းတစ်ရပ်ဖြစ်၍ ထိုလက်နှိပ်စက်ကို အကြောင်းပြုကာ ရုံးနှင့် အလုပ်တိုက်များတွင် အမျိုးသမီးပေါင်းမြောက်မြားစွာ ဝင်ရောက်လုပ်ကိုင်နိုင်လာခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)