လား (တိရစ္ဆာန်)

မြည်းအထီးနှင့်မြင်းမတို့စပ်၍ဖြစ်လာသောသတ္တဝါ

လား (E. asinus + caballus) သည် မြည်းအထီး နှင့် မြင်းအမ ပေါင်း၍မွေးလာသော တိရစ္ဆာန်ဖြစ်သည်။ မြင်းအထီးနှင့် မြည်းအမ ပေါင်းမွေးတိရစ္ဆာန် ဟင်နီခေါ်သည်။ မြည်းအထီးနှင့် မြင်းအမကို မျိုးစပ်ပေးလိုက်လျှင် လား (Mule) ဟုခေါ်သော တိရစ္ဆာန်အစပ်မျိုးကို ရရှိလေသည်။ မြင်းအထီးနှင့်မြည်းအမ စပ်၍ ပေါက်ပွားလာ သော လား ကဲ့သို့ မျိုးစပ်တိရစ္ဆာန်လည်း ရှိပေသေးသည်။ သို့ရာတွင် ပထမဖော်ပြထားသော မျိုးဖက်အစုံမှ ပေါက်ပွားလာသည့် လားအစစ်လောက် အသုံးမဝင်သဖြင့် မြင်းအထီးနှင့် မြည်းအမများကို တမင်သက်သက် မျိုးစပ်ပေးလေ့မရှိ ကြချေ။

လား (Mule)
ယဉ်ပါးအောင် မွေးမြူထား
မျိုးရိုးခွဲခြားခြင်း edit
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Perissodactyla
မျိုးရင်း: Equidae
မျိုးဇာတ်: Equini
မျိုးစု: Equus
မျိုးစိတ်:
Synonyms

Equus mulus

လားတို့တွင် အညို၊ သို့မဟုတ် ညိုနီရောင် အသွေး အဆင်း ရှိကြသည်သာများ၏။ မြည်းနှင့်လားကို ပုံသဏ္ဌာန် ခွဲခြား၍ အမြန်သိနိုင်ရန် မှာ ထိုတိရစ္ဆာန်တို့၏ နားရွက်ကို ကြည့်ရှုရပေသည်။ လားတွင် မြင်းထက် ရှည်ဖားသော နားရွက် များရှိသည်။ လားသည် အမိအဘနှစ်ဘက်လုံးမှ ဂုဏ် အင်္ဂါ လက္ခဏာတို့ကို ဆက်ခံရယူထားသော သတ္တဝါမျိုးဖြစ်ရာ စိတ်ရှည် ခြင်း၊ သည်းခံခြင်း၊ စိတ်တည်ငြိမ်ခြင်းနှင့် လက်ခြေ မြဲမြံခြင်း စသော အင်္ဂါ ရပ်တို့ကို ဖခင်ဖြစ်သော မြည်းအထီးထံမှ ဆက်ခံထား၍ ခွန်အားဗလနှင့် သတ္တိကိုမူ မိခင်ဖြစ်သော မြင်းအမ ထံမှ ရရှိထားလေသည်။ ဝန်တင်ရန်ဖြစ်စေ၊ ခိုင်းစေရာ၌ဖြစ်စေ၊ လားသည် မြင်းထက်ပို၍စိတ်ချရသော တိရစ္ဆာန်ဖြစ်သည်။ မြင်းကို ခိုင်းစေ သည့်အခါ တင်နေကျ ဝန်ထက်ပို၍ တင်မိလျှင် ပေကတ်ကတ် လုပ်တတ်သောအလေ့ရှိ၏။ လားမှာမူ မြင်းထက်ပို၍ စိတ်ရှည် နိုင်သည်။ လား၏သားရေမှာ မြင်းထက်ပို၍ မာကျောသဖြင့် နေပူ မိုးရွာ မရှောင် ခိုင်းစေနိုင်သည်။ ထိုကြောင့် လူတို့သည် လားကို ရှေးကျသော ခေတ်အခါမှစ၍ ဝန်တင်ရန်၊ ဝန်ဆွဲရန်အတွက် အသုံးချခဲ့ကြသည်။

ပြင်သစ်နိုင်ငံတွင်မျိုးစပ်၍ လားအမြောက်အမြားကို မွေးမြူကြသည်။ ဥရောပတိုက် တောင်ပိုင်း၌ လားကို အသုံးများသည်။ ယခု ခေတ်တွင် စစ် ဘက်သယ်ယူပို့ဆောင်ရေး၌ လားကို လေးလံသော ဝန်များဆွဲရန်အတွက် အသုံးပြုကြသည်။ လားသည် ကိုယ်အရွယ် အစားနှင့်မမျှအောင် လေးလံသော ဝန်ကို ဆွဲနိုင်စွမ်းရှိသည့်အပြင် မြင်းထက်ကိုယ်ဟန်ကြော့ရှင်း၍ ဖျတ်လတ် သဖြင့် ဤကဲ့သို့ စစ်ဘက်တွင် အသုံးများသည်။ လားအချင်းချင်းကိုဖြစ်စေ၊ လားနှင့်မြည်း သို့မဟုတ် လားနှင့်မြင်းတို့ကိုဖြစ်စေ မျိုးတင်အောင် စပ်ပေး ၍မရချေ။ လားများကို မျိုးစပ်၍ တစ်ခါ နှစ်ခါ အောင်မြင်ခဲ့ကြောင်း ကြား သိရဖူးရုံမျှရှိသည်။ အခြေအမြစ် ခိုင်လုံသည်ဟူ၍ကား မဆိုနိုင်ပေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)