ဝက်လက်မြို့သည်မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တွင်တည်ရှိသည်။ မြို့ငယ်လေးတစ်မြို့ဖြစ်သည်။ ဝက်လက်မြို့နယ်သည်ကျေးရွာအုပ်စုပေါင်း၆၉အုပ်စု မြို့ပေါ်ရပ်ကွက်ကြီး ၃ရပ်ကွက်ဖြင့်ဖွဲ့စည်းထားပြီး အရှေ့ဘက်တွင်ဧရာဝတီမြစ်၊ အနောက်ဘက်တွင်မူးမြစ်၊ တောင်ဘက်တွင်စစ်ကိုင်းမြို့နယ်နှင့် မြောက် ဘက်တွင်ရွှေဘိုမြို့နယ်တို့နှင့် စပ်ဆက်လျက်ရှိသည်။ ဝက်လက်မြို့သည်မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပေါ်တွင်တည်ရှိပြီး လှတောသားစကားဟုနာမည်ကြီးသောလှတောကျေးရွာသည်ဝက်လက်မြို့နှင့် ရှစ်မိုင်အကွာမန္တလေး-မြစ်ကြီးနားကားလမ်းပေါ်တွင်တည်ရှိသည်။

ဝက်လက်မြို့

ဝက်လက်မြို့သည် ရွှေဘိုမြို့၏ တောင်ဘက် ၁၇ မိုင်အကွာ စစ်ကိုင်း·မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရုံးစိုက်မြို့ဖြစ်လေသည်။

မြန်မာနိုင်ငံအထက်ပိုင်းကို ဗြိတိသျှတို့ သိမ်းပိုက်စက ယခု ဝက် လက်မြို့နေရာသည် ဝက်လက်ရွာကလေးမျှသာဖြစ်၍ ရှိမ်းမကားမြို့နယ်တွင် ပါဝင်သည်။ ၁၈၉၈·၉၉ ခုနှစ်ခန့်တွင် စစ်ကိုင်း·မြစ်ကြီးနား မီးရထားလမ်း ဖောက်လုပ်ပြီးစီးခဲ့ရာ ရှိမ်းမကားမှ လူအများပင် ရထားလမ်းဘေးရှိ ဝက် လက်ရွာသို့ တဖြည်းဖြည်း ပြောင်းရွှေ့လာခဲ့ကြသည်။ ဤသို့ဖြင့် အစိုးရ ရုံးများကိုလည်း ရှိမ်းမကားမှ ဝက်လက်သို့ ရွှေ့ပြောင်းလိုက်ရတော့သည်။ တစ်ဖန် ၁၉ဝ၆ ခုနှစ်တွင် ရွှေဘိုတူးမြောင်းကို ဖောက်လုပ်ပြီးစီးသွားပြန် သောအခါ ဝက်လက်မြို့မှာ ပိုမိုစည်ကား၍လာပြန်သည်။

ဝက်လက်မြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ ၅၁၂ စတုရန်း မိုင်ဖြစ်၍ ကျေးရွာနယ်မြေပေါင်း ၉ဝ ခန့်ရှိသည်။ ဝက်လက်မြို့နယ်၌ လမ်း ပန်းအဆက်အသွယ်များ မကောင်းချေ။ တစ်နေရာမှ တစ်နေရာသို့ တူး မြောင်းဘောင်လမ်းများဖြင့်သာ သွားလာကြရ၍ မိုးရာသီ၌ အသွားအလာ မလွယ်ကူချေ။ ရွှေဘို·စစ်ကိုင်းသွား မော်တော်ကားလမ်းသည် ဝက်လက်မြို့ ၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင်ရှိလေသည်။ ဝက်လက်မှ ရွှေဘိုမြို့ သို့လည်း တူးမြောင်းဘောင်လမ်းအတိုင်းပင် သွားနိုင်သည်။ မြို့ပေါ်၌ အစိုးရရုံးများ၊ ဆေးပေးရုံ၊ ကြေးနန်းရုံး၊ စာပို့တိုက်များ ရှိသည့်အပြင် အစိုးရအထက်တန်းကျောင်းလည်းရှိ၏။ ဆန်စက်များလည်း အသင့်အတင့်ရှိသည်။

ရွှေဘိုတူးမြောင်း၏ကျေးဇူးကြောင့် ဆန်စပါးများ ပိုမိုစိုက်ပျိုးလာ ခဲ့ရာ ဝက်လက်မြို့နယ်သည် ရွှေဘိုခရိုင်၌ ဆန်စပါးအထွက်ဆုံး မြို့နယ် ဖြစ်၏။ ထိုမှတစ်ပါး နှမ်း၊ မြေပဲ၊ နှံစားပြောင်း၊ မတ်ပဲနှင့် ဝါဂွမ်းများ လည်း အသင့်အတင့်ထွက်သည်။ ဝက်လက်မြို့နယ်အတွင်း၌ ဆားချက်လုပ် ငန်းကိုလည်း လုပ်ကိုင်လျက်ရှိရာ ဟန်လင်းကြီးရွာသည် ထိုလုပ်ငန်းဖြင့် ထင်ရှားသည်။ မြို့နယ်အတွင်း၌ ထင်ရှားသော ဟန်လင်းနှင့် ကဒူးအင်းကြီး နှစ်ခုရှိသည်။[၁]


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဝက်လက်မြို့၌ လူဦးရေ ၁၀၈၁၄ ခန့်ရှိပါသည်။

အထင်ကရပုဂ္ဂိုလ် ပြင်ဆင်ရန်

  • မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ (သရိုင်ရွာ)
  • စာရေးဆရာ သပြေညိုမောင်ဦး (ယင်းတော)
  • စတုတ္ထတိပိဋကဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ (အင်ကြင်းပင်ရွာ)
  • ဒွါဒသမတိပိဋကဆရာတော် အရှင်အဘိဇာတာဘိဝံသ ( ဆင်နင်းရွာ)
  • သီတဂူကြယ်တစ်ပွင့်ဆရာတော် အရှင်ပညာနန္ဒ (ဖိုလ်ဝင်းတတ်)

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)