ဝါးတာလူးတိုက်ပွဲ

၁၈၁၅ခုနှစ်ကဖြစ်ပွားခဲ့သော နပိုလီယန် ခုနှစ်ကြိမ်မြှောက်ဆန့်ကျင်ရေးစစ်ပွဲမှ တိုက်ပွဲတစ်ခု

ပြင်သစ် စစ်သူရဲကောင်းကြီးနပိုလီယန် ဗိုနာပတ်၏ အဆုံးစွန်သောတိုက်ပွဲမှာ နာမည်ကျော် ဝါးတာလူးတိုက်ပွဲ (အင်္ဂလိပ်: Battle of Waterloo) ပင်ဖြစ်လေသည်။ ၁၈၁၅ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ဘယ်ဂျီယမ်နိုင်ငံ မြို့တော်ဘရပ်ဆဲလ်အနီး ဝါးတာလူးရွာအနီး ၌ တိုက်ပွဲဖြစ်ပွားခဲ့၏။ စစ်တလင်းကား ဘရပ်ဆဲလ်မြို့ အရှေ့တောင်ဘက် ဆယ်မိုင်ခန့်အကွာတွင်ဖြစ်၏။ ဝါးတာလူးတိုက်ပွဲ၌ နပိုလီယန်၏ စစ်တပ် များသည် ရန်သူဖြစ်သော ဗြိတိသျှ၊ ဒပ်ချ်၊ ဘယ်ဂျီယမ်နှင့် ပရပ်ရှင်း စစ်တပ်တို့ကို တိုက်ခိုက်ရလေသည်။ ဗြိတိသျှဘက်မှ ဗိုလ်ချုပ်ကြီးဝယ်လင် တန်မြို့စားသည် သူ၏တပ်များကို ဝါးတာလူးရွာ တောင်ဘက်ရှိ ကုန်းပြင်မြင့်ပေါ်တွင် တပ်စွဲထားစေခဲ့၏။ နပိုလီယန်ကလည်း မိမိ၏တပ်မတော်ကို ဝယ်လင်တန်၏ တပ်စခန်းနှင့် မျက်နှာချင်းဆိုင်ရှိ တောင်ကုန်းများပေါ်တွင် ချထားလေသည်။ ထိုအခိုက် ပရပ်ရှင်းစစ်တပ်ကြီးသည် ဗြိတိသျှတပ်များကို ကူညီရန် ချီတက်လာနေဆဲဖြစ်လေသည်။ နပိုလီယန်သည် စစ်ကူပရပ်ရှင်းတပ်များ မရောက်လာခင် ဝယ်လင်တန်၏စစ်တပ်ကို အလျင်ချေမှုန်းတိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ခဲ့၏။

ဝါးတာလူးတိုက်ပွဲ
ဝါးတာလူးတိုက်ပွဲ

ထို့ကြောင့် ဇွန်လ ၁၈ ရက်နေ့တွင် ပြင်သစ်တပ်များက ပြင်းထန်စွာ တိုက်စစ်ဆင်ခဲ့လေသည်။ သို့ရာတွင် ဗြိတိသျှတပ်များက ကြံ့ကြံ့ခံနေခဲ့သဖြင့် ပြင်သစ်တို့ နောက်ဆုတ်သွားခဲ့ရလေသည်။ ညဉ့်အချိန်ရောက်လျှင် တစ်နေ့လုံး နှစ်ဦးနှစ်ဖက် ပြင်းထန်စွာ တိုက်ခိုက်ရသည့်အတွက် အကျအဆုံးလည်းများ တပ်သားများလည်း ပင်ပန်းလျက်ရှိကြ တော့၏။

ယင်းသို့ဖြစ်နေခိုက် ဗိုလ်ချုပ်မှူး ဘလူကာ ဦးစီးကွပ်ကဲသော ပရပ်ရှင်းစစ်ကူတပ်ကြီး ရောက်လာလေသည်။ ဝယ်လင်တန်၏ တပ်သားများမှာအားတက်လာကာ စစ်ကူတပ်များနှင့်အတူ ပူးပေါင်းပြီးလျှင် ပြင်သစ် တပ်ကို တိုက်ခိုက်ခဲ့ပြန်ရာ ပြင်သစ်တို့ အရေးနိမ့်သွားလေတော့သည်။ နပိုလီယန်သည် တိုက်ပွဲကြီးအောင်မြင်ရေးအတွက် နောက်ဆုံးအကြိမ် ကြိုးပမ်းခဲ့သေး၏။ သူသည် လက်ရွေးစင်ကိုယ်ရံတော်တပ်သားများအား ဗြိတိသျှတို့ကို တိုက်ခိုက်စေခဲ့သည်။ ကိုယ်ရံတော်တပ်ရင်း သုံးခုလည်း ရှေ့သို့ချီတက်ပြီးလျှင် ရန်သူတို့ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်လေသည်။ သို့ရာတွင် ရန်သူ့အင်အားကို မဖြိုနိုင်အောင် ရှိခဲ့၏။ ထိုအခိုက် ဝယ်လင်တန်၏ တပ်သားများက လှံစွပ်တိုက်ပွဲ ဆင်နွှဲလေရာ ပြင်သစ်တို့ ပရမ်းပတာ ဆုတ်ခွာထွက်ပြေးရလေသည်။ နှစ်ဖက်စလုံးမှာ အကျအဆုံးအလွန်ပင် များပြားခဲ့၏။ ပြင်သစ်တို့ဘက်မှ လူ ၄ဝဝဝဝ ခန့်ကျဆုံး၍ ဗြိတိသျှနှင့် မဟာမိတ်ဘက်မှ ၂၃ဝဝဝ ခန့် ကျဆုံးလေသည်။ တိုက်ပွဲမှာ အလွန်ပြင်းထန်သော လူသတ်ပွဲကြီးဖြစ်သည်ဟု ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် စတုရန်းမိုင် သုံးမိုင်အတွင်း စစ်သားပေါင်း ၄၅ဝဝဝ ခန့် ကျဆုံးပြန့်ကျဲနေခဲ့သောကြောင့်ဖြစ်လေသည်။

ဝါးတာလူးတိုက်ပွဲကြီး ပြီးဆုံးသွားသောအခါ နပိုလီယန်သည် ခြေကုန်လက်ပန်းကျသကဲ့သို များစွာအားလျော့သွားခဲ့ပေ၏။ တိုက်ပွဲတိုင်း အောင်ပန်းဆွတ်ခူးခဲ့သည့် အောင်ပွဲမှူးသခင် နပိုလီယန်သည် ဝါးတာလူး၌ စစ်ရှုံးခဲ့ပြီးနောက်တွင် မည်သည့်အခါတွင်မျှ နာလန်မထူတော့ချေ။ သမိုင်း ဝင် ဝါးတာလူးတိုက်ပွဲကို ကဗျာဖြင့်တစ်ဖုံ၊ ပုံဝတ္ထုဖြင့်တစ်သွယ် မှတ်တမ်း တင်ခဲ့ကြလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)