ဝီလျံ ဟောင်းဝဒ် တာ့ဖ်
William Howard Taft


မွေးနေ့ ၁၅၊ အောက်တိုဘာ၊ ၁၈၅၇
မွေးရပ် စင်စင်နာတီအိုဟိုင်းယိုးပြည်နယ် အမေရိကန်
ကွယ်လွန်နေ့ ၈၊ မတ်၊ ၁၉၃၀
ကွယ်လွန်ရပ် ဝါရှင်တန်ဒီစီ
အခြားအမည်
လူသိများရခြင်း အမေရိကန်ပြည်ထောင်စု၏ ၂၇ ဦးမြှောက်သမ္မတ နှင့် ၁၀ ဦးမြှောက် တရားသူကြီးချုပ်
အလုပ်အကိုင် ဥပဒေပညာရှင်၊ အမေရိကန်သမ္မတ၊ အမေရိကန်ပြည်ထောင်စု တရားသူကြီးချုပ်
ရာထူးသက်တမ်းကာလ ၄၊ မတ်၊ ၁၉၀၉- ၄၊ မတ်၊ ၁၉၁၃
ဒုတိယ သမ္မတ ဂျိမ်းစ် ရှာမန်
လွှဲအပ်သူ သီအိုဒို ရုစဗဲ့
ဆက်ခံသူ ဝုဒ်ရိုး ဝီလ်ဆင်
နိုင်ငံသား အမေရိကန် နိုင်ငံ

ငယ်စဉ်ဘဝ ပြင်ဆင်ရန်

အောက်တိုဘာ၊ ၁၅ ရက်၊ ၁၈၅၇ ခုနှစ်တွင် အမေရိကန်၏ ၂၇ဦးမြောက်သမ္မတနှင့် ၁၀ဦးမြှောက် တရားသူကြီးချုပ်ဖြစ်လာမည့် တာ့ဖ်ကို အိုဟိုင်းယိုးပြည်နယ်၊ စင်စင်နာတီအရပ်၌ဖွားမြင်သည်။ မိဘများမှာ အယ်လ်ဖွန်ဆိုနှင့် လွီဇာမာရီယာတော်ရေး တာ့ဖ်တို့ဖြစ်သည်။ ဖခင်မှာ စစ်ဝန်ကြီးအဖြစ်လည်းကောင်း၊ သမ္မတဂရန့်လက်ထက်တွင် ရှေ့နေချုပ်အဖြစ်လည်းကောင်း၊ သမ္မတအာသာ လက်ထက်တွင် ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ဖူးသဖြင့် တာ့ဖ်အနေဖြင့် နိုင်ငံရေးနှင့် မစိမ်းလှပေ။ ၁၈၇၈ခုနှစ်တွင် ယေးလ်တက္ကသိုလ်နှင့် ၁၈၈၀တွင် စင်စင်နာတီတက္ကသိုလ်တို့မှ ဘွဲ့များရရှိခဲ့ပြီး တစ်ဖက်တွင်လည်း စင်စင်နာတီမှ သတင်းစာများတွင် ဥပဒေဆိုင်ရာသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။

ထမ်းဆောင်ခဲ့သည့် တာဝန်များ ပြင်ဆင်ရန်

၁၈၈၁-၁၈၈၂ခုနှစ်တို့တွင် လက်ထောက်အစိုးရရှေ့နေ၊၁၈၈၅ခုနှစ်တွင် ကောင်တီတရားရုံးရှေ့နေ၊ ၁၈၈၇ခုနှစ်တွင် အထက်ရုံးတရားသူကြီး၊ ၁၈၈၉ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တရားရုံးရှေ့နေချုပ်၊ ၁၈၉၂ခုနှစ်တွင် နယ်လှည့်ဖယ်ဒရယ်တရားသူကြီး စသဖြင့် အဆင့်ဆင့်တာဝန်များထမ်းဆောင်ခဲ့သည်။ ၁၉၀၀ပြည့်နှစ်တွင် အမေရိကန်-ဖိလစ်ပိုင် ကော်မရှင်၏အကြီးအကဲဖြစ်လာပြီး ၁၉၀၁-၁၉၀၄ခုနှစ်အထိ ပထမဆုံးအရပ်သားဖိလစ်ပိုင် ဘုရင်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၁၉၀၄ခုနှစ်တွင် စစ်ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ပြီး ၁၉၀၆ခုနှစ်တွင် ကျူးဘားတွင် စပိန်တို့နှင့် စစ်မက်ဖြစ်မည့်အရေးကို တားဆီးနိုင်ရန်အတွက် စေလွှတ်ခံခဲ့ရသေးသည်။ သမ္မတရုစဗဲ့အနေဖြင့် တာ့ဖ်အားသူ့နေရာတွင် ဆက်ခံမည့် သမ္မတလောင်းအဖြစ် လေ့ကျင့်ပျိုးထောင်ပေးခဲ့သလို ထောက်ခံမှုများလည်းပေးခဲ့သည်။ ထို့ကြောင့် ၁၉၀၈ခုနှစ် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဝီလျံဂျင်းနင်းဘရိုင်ယန်ကို အနိုင်ယူကာ သမ္မတဖြစ်လာခဲ့သည်။

သမ္မတ သက်တမ်း ပြင်ဆင်ရန်

သမ္မတဖြစ်လျှင် ရုစဗဲ့လမ်းစဉ်အတိုင်း အထက်လွှတ်တော်အမတ်များကို တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်စေခြင်း၊ အလုပ်သမားဝန်ကြီးဌာန တည်ထောင်ခြင်းနှင့် ဝင်ငွေခွန်ဆိုင်ရာပြုပြင်ရေးများကို လုပ်ဆောင်နိုင်ခဲ့သော်လည်း သွင်းကုန်ခွန်မူဝါဒနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများတွင်မူ ရုစဗဲ့၏ အမြင်များနှင့်ခြားနားခဲ့သဖြင့် ၁၉၁၂ခုနှစ်ရွေးကောက်ပွဲတွင် ပါတီတွင်းမှ ရုစဗဲ့ဦးဆောင်မှုဖြင့် ဆန့်ကျင်မှုများခံခဲ့ရသည်။ တာ့ဖ်၏ ရီပါပလီကန်ပါတီနှင့် ရုစဗဲ့၏ ပရိုဂရက်ဆစ်ပါတီတို့အားပြိုင်မှုများကြောင့် မဲကွဲပြီး ဒီမိုကရက်တစ်ပါတီမှ ဝုဒ်ရိုး ဝီလ်ဆင်အနိုင်ရသွားခဲ့သည်။

ထိုစဉ်ကဖွဲ့စည်းခဲ့သည့် နိုင်ငံပေါင်းချုပ် အသင်းကြီးအား သံသယစိုးရိမ်စိတ်များဖြင့် ထောက်ခံခဲ့သည်။

တရားသူကြီးချုပ်သက်တမ်းနှင့် ဘဝနိဂုံး ပြင်ဆင်ရန်

သမ္မတရာထူးမှထွက်လျှင် ယေးတက္ကသိုလ်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ ပါမောက္ခအဖြစ် ၁၉၁၃-၁၉၂၁အတွင်း တာဝန်ယူခဲ့သည်။ ၁၉၂၁ခုနှစ်မှ ၁၉၃၀ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် တာဝန်ယူခဲ့သေးသဖြင့် လူတစ်ဦးထဲအနေဖြင့် အမေရိကန်သမ္မတအဖြစ်လည်းကောင်း၊ တရားသူကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည့် တစ်ဦးတည်းသော သမိုင်းဝင် ထူးခြားသူ အနေဖြင့် မှတ်တမ်းဝင်ခဲ့လေသည်။ မတ်လ၊ ၈ရက်၊ ၁၉၃၀ခုနှစ်တွင် ဝါရှင်တန် ဒီစီမြို့တော်၌ တာ့ဖ်ကွယ်လွန်ခဲ့သည်။