ကိန်းများကိုမြှောက်ခြင်း၊ စားခြင်း၊ ကိန်းရင်းရှာခြင်း၊ ထပ်ကိန်းတွက်ခြင်း စသည်တို့ကို လော့ဂရစ်သမ်နည်းအရ တွက်ချက်ယူနိုင်ရန် ပြုလုပ်ထားသော မျဉ်းတံကိုသင်္ချာလျှောတံ(ဆလိုက်ရှုး)ဟုခေါ်၏။

လျှောတံ


သင်္ချာလျှောတံကိုခရစ် ၁၆၅၄ခုနှစ်တွင်တီထွင်ခဲ့၏။ ယင်းဖြင့်အနုစိတ်၍ တိုင်းတာ ယူနိုင်သည့်အပြင် အဖြေကိုတိကျစွာရနိုင်သောကြောင့် သင်္ချာ ပညာရှင်များ၊ အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များအတွက် အလွန်အသုံးဝင်သောကရိယာဖြစ်သည်။ သင်္ချာလျှောတံသည် အမြင်အားဖြင့် ရိုးရိုးမျဉ်းတံနှင့်တူ၏။ သို့ရာတွင် ထူးခြားချက်မှာ ယင်း၏ အလယ်တစ်လျှောက်တွင် ရှေ့နောက်လျှောယူနိုင်သော စကေးရှိခြင်းဖြစ်သည်။ ထိုလျှောစကေးတွင် မူသေအမှတ်အသား ရှိ၍ စကေးအမှတ်ခြင်းတိကျစွာ တေ့ဆိုင်ကြည့်ရှုနိုင်ရန် ဆံချည်မျှင်မျဉ်းကြောင်းလည်းပါရှိသည်။ မျဉ်းတံကြီးတွင်လည်း မူသေအမှတ်အသားများရှိသည်။ လျှောစကေးတွင်လည်းကောင်း၊ မျဉ်းတံကြီးတွင်လည်းကောင်း ရှိသောအမှတ်အသားတို့မှာ မတူညီကြချေ။ ထိုအမှတ်အသားတို့ကိုဂဏန်း ၁မှ ၁ဝဝ အထိခွဲ စိတ်ထားသည်။ ထိုအမှတ်အသားများမှာ အတိုအရှည် အကွာအဝေးကို တိုင်းတာသောအမှတ်များမဟုတ်၊ ကိန်းဂဏန်း တို့၏အမှတ်အသားများသာဖြစ်ကြသည်။ မျဉ်းတံများတွင် သတ်မှတ်ထားသောစကေး အမှတ်အသားအကွာအဝေး တို့မှာတစ်ခုနှင့်တစ်ခုမတူကြချေ။ ပုံစံအားဖြင့် စကေး တစ်ခုရှိအမှတ် ၁ မှ၂အထိ အကွာအဝေးသည်အခြားစကေးရှိ အမှတ် ၁ဝမှ ၂ဝအထိအကွာအဝေးနှင့်တူလိုကတူပေမည်။ သင်္ချာလျှောတံကို အသုံးပြုပုံမှာ ဤသို့ဖြစ်၏။

အကယ်၍ ၃နျင့်၂တို့၏ မြှောက်ရကိန်းကို ရှာလိုသည် ဆိုကြပါစို့။ လျှောစကေးတံမှ၁ ဂဏန်းကိုမျဉ်းတံကြီးမှ ၃ဂဏန်းနေရာနှင့် တေ့ဆိုင်မိနေစေရန် လျှောစကေးကို ရွှေ့ပေးရ၏။ ထိုအခါလျှောစကေးမှ ၂ဂဏန်းသည် မျဉ်းတံကြီးမှ ၆ဂဏန်းနှင့်ဆိုင်မိနေသည် ကိုတွေ့ရမည်။ ထို့ကြောင့် ၃နှင့် ၂တို့၏မြှောက်ရကိန်းသည် ၆ဖြစ် ကြောင်းကိုသိရ၏။ လျှောစကေးမှ အမှတ်အသား များကိုလည်းကောင်း၊ မျဉ်းတံကြီးမှ အမှတ်အသားများကို လည်းကောင်း အလွယ်တကူနှင့်ကြည့်နိုင်အောင် လျှောစကေး အိမ်တွင် မှန်သားအဖုံးတပ်ထားလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)