ချက်ကိုဆလိုဗားကီးယားနိုင်ငံ၏ ပထမဆုံး သမ္မတကြီး တောမတ်ဂါးရစ် မာဆာရစ်သည် ၁၈၅ဝ ပြည့်နှစ် မတ်လ ၇ ရက်နေ့တွင် မိုရေးဗီးယားပြည်နယ် ဟိုဒိုနင်နယ်စပ် မြို့ကလေး၌ ဖွား မြင်သည်။ သူ၏ဖခင်မှာ ဩစတြီးယန်း ဧကရာဇ်ဘုရင်၏ ရထားထိန်း တစ်ဦးဖြစ်သည်။

တောမတ် ဂါးရစ် မာဆာရစ်

တောမတ် မာဆာရစ်သည် အသက် ၁၄ နှစ်အရွယ်တွင် ဗီယင်းနားမြို့ရှိ သော့ခလောက် လုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ် ကိုင်လေသည်။ ထိုနောက် ပန်းဘဲဆရာတစ်ဦး၏ အကူအညီအဖြစ်လည်း လုပ်ကိုင်ခဲ့ဘူး၏။ သို့ရာတွင် ပင်ပန်း ကြီးစွာ ကြိုးပမ်းလျက်ဗီယင်းနားနှင့် လိုက်ပဆစ်တက္ကသိုလ်များ၌ ပညာသင်ကြားခဲ့ပြီး နောက် ၁၈၈၂ ခုနှစ်၌ မရာဟေမြို့ ချားတက္ကသိုလ်တွင် သဘာဝတ္တဗေဒနှင့် လူမှုရေး ပညာရပ်များဆိုင်ရာ ပါမောက္ခဖြစ်လာလေသည်။

တက္ကဗေဒနှင့်ဆိုင်သော စာအုပ်စာတမ်းများကို ရေးသားထုတ်ဝေခဲ့သည်။ ထိုနောက် သဘာဝတ္တဗေဒနှင့် လူမှုရေးဆိုင်ရာ စာအုပ် စာတမ်းများကိုလည်း ဆက်လက်ထုတ်ဝေ၍ ကျော်ကြားလာသည်။ ၁၈၈၇ ခုနှစ်တွင် သူ၏ မိတ်ဆွေအချို့ တည်ထောင်သော သတင်းစာ တစ်စောင်ကို ဝင်ရောက်ဦးစီးပြီးလျှင် နိုင်ငံရေးတွင် ပါဝင်လိုက်စားခဲ့လေသည်။ သူ၏ အယူအဆများ၊ အဆိုအမိန့်များ ကို သဘောကျသူ များလာခဲ့ရာ ၁၈၉၁ ခုနှစ်တွင် ပါလီမန်အမတ် ဖြစ်လာလေသည်။ သို့ရာတွင် ၁၈၉၃ ခုနှစ်၌ အမတ်အဖြစ်မှ နှုတ် ထွက်၍ တိုးတက်ရေးအဖွဲ့ ဟူသော နိုင်ငံရေး အဖွဲ့တစ်ဖွဲ့ကို ဦးစီးတည်ထောင်လိုက်သည်။

၁၉ဝ၇ ခုနှစ်တွင် ထိုအဖွဲ့မှပင် ပါလီမန်အမတ်အဖြစ် ထပ်မံရွေးကောက် တင်မြေ|ာက်ခြင်းခံရလေသည်။ ပထမကမ္ဘာစစ်ဖြစ်ပွားသောအခါ တောမတ်သည် အခါကောင်း အခွင့်ကောင်းကိုယူ၍ ချက်ကိုဆလိုဗား ကီးယားနိုင်ငံတည်ထောင်ရေးအတွက် ကြိုးပမ်းလေတော့သည်။ ထိုအခါတွင်တောမတ်မှာ အသက် ၆ဝ ရှိပြီဖြစ်သော်လည်း အားကစားသမားပီပီ ကျန်းမာသန်စွမ်းလျက်ပင် ရှိသေးသည်။

တောမတ်သည် အီတလီ၊ ပြင်သစ်၊ အင်္ဂလန်၊ ရုရှ၊ အမေရိကန်ပြည်ထောင်စု စသည့် နိုင်ငံ များသို့ ချက်ကိုဆလိုဗားကီးယား ကိုယ်စားလှယ်အဖြစ် လှည့် လည်ခဲ့သည်။ ထို့နောက် လန်ဒန်မြို့ ဘုရင့်သိပ္ပံကျောင်းတွင် ပါမောက္ခအဖြစ် သွားရောက်ဆောင်ရွက်ခဲ့သေးသည်။ ထိုကြောင့် သမ္မတ ဖြစ်နေသည်တိုင်အောင်ပင် ပါမောက္ခ မာဆာရစ်ဟု အခေါ်များကြသည်။ တောမတ်သည် ဤကဲ့သို့ ဆောင်ရွက်ရာမှ မဟာမိတ်နိုင်ငံများ၏ အရေးပေးခြင်းကို ခံယူခဲ့ရသည်။

တောမတ် ၏ နိုင်ငံရေးဝါဒကား ချက်ကိုဆလိုဗားကီးယားနိုင်ငံ လွတ်လပ်ရေး ရရန် ဩစတြီးယန်းအင်ပိုင်ယာကြီးကို တော်လှန်၍ ပြိုကွဲအောင် လုပ်ရမည်ဟူသည်ပင်ဖြစ်၏။ ၁၉၁၆ ခုနှစ်တွင် ဩစတြီးယန်း အစိုးရတို့က သူ့ကို တိုင်းပြည်သစ္စာဖောက်မှုဖြင့် သေဒဏ်အပြစ်ပေး လိုက်သည်။ သို့ရာတွင် တောမတ်သည် တိမ်းရှောင်နေပြီးနောက် ၁၉၁၇ ခုနှစ်တွင် အမေရိကန်သမ္မတ ဝုဒရိုးဝီလဆန်၏ အကူ အညီကို တောင်းခံရန်အတွက် အမေရိကန်ပြည်ထောင်စုသို့ သွား ရောက်ခဲ့လေသည်။ ၁၉၁၈ ခုနှစ်တွင် ဩစတြီးယန်း အင်ပိုင်ယာကြီး ပြိုကွဲသွားပြီးနောက် ချက်ကိုဆလိုဗားကီးယား သမ္မတနိုင်ငံ ထူထောင်သောအခါ တောမတ်အား ပြန်ခေါ်ပြီးလျှင် သမ္မတအဖြစ် ရွေးကောက် တင်မြောက်ကြလေသည်။ တောမတ်သည် ချက်ကို ဆလိုဗားကီးယားနိုင်ငံ၏ ပထမဆုံးသော သမ္မတဖြစ်ရုံမက ချက်ကို ဆလိုဗားကီးယားနိုင်ငံ၏ ဖခင်ဟူ၍လည်း ကျော်ကြား ခဲ့၏။


တောမတ် မာဆာရစ်သည် အသက် ၈ဝ ကျော်အထိ ကျန်းမာသန်စွမ်း၍ မြင်းစီး ကျွမ်းကျင်လှသည်။ သူ၏ သန်မာမှု၊ ကိုယ်လက်ကြံ့ခိုင်မှုကို လူတိုင်းအံ့ဩရ၏။ ဗဟုသုတပြည့်စုံ၍ ဘာသာစုံတတ်ကျွမ်းသော စွယ်စုံပညာရှိ ပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပေ သည်။ သမ္မတရာထူးသို့ ၁၉၂ဝ ပြည့်နှစ်တွင်တစ်ကြိမ်၊ ၁၉၂၇ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၃၄ ခုနှစ်တွင်တစ်ကြိမ် ဆက်လက် ရွေးကောက်တင်မြေ|ာက်ခြင်း ခံရသည်။ ၁၉၃၅ ခုနှစ်တွင် သမ္မတ ရာထူးမှနုတ်ထွက်သည်။ ၁၉၃၇ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)