စတုတ္ထအောဖို့နယ်စား ဘွဲ့ရ ဟိုရေ့ ဝါလပိုသည် ဗြိတိန်နိုင်ငံမှ နိုင်ငံရေးခေါင်းဆောင် ဆာရော ဗတ်ဝါလပို၏ သားအငယ်ဆုံး ဖြစ်သည်။ လန်ဒန်မြို့တွင် ၁၇၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့၌ ဖွားမြင်၍ အီတန်ကျောင်းနှင့် ကိမ်းဗရစ် တက္ကသိုလ်၊ ဘုရင့်ကောလိပ်ကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၇၄၁ ခုနှစ်မှ ၁၇၆၈ ခုနှစ် အထိ ပါလီမန်လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းကို ခံခဲ့ရသော်လည်း နိုင်ငံရေးဘက်၌ ထင်ရှားခဲ့သူကား မဟုတ်ချေ။ ခေတ်အခြေအနေကို မှတ်တမ်းတင်ခဲ့သူ အဖြစ်ဖြင့်သာ ထင်ရှားလေသည်။ ဖခင်ဖြစ်သူ၏ မျက်နှာကြောင့် ဟိုရေ့ဝါလပိုသည် နိုင်ငံရေးဆိုင်ရာ အလုပ်အကိုင်ရာထူး အမျိုးမျိုးတို့ကို ရရှိခဲ့သည်။ သို့ရာတွင် သူသည် စာပေဘက်၌လည်းကောင်း၊ အဆောက်အအုံ ပညာဘက်၌လည်း ကောင်း၊ ရှေးဟောင်းပစ္စည်း စုဆောင်းရေးဘက်၌လည်းကောင်း၊ ပို၍ စိတ် ဝင်စားလေသည်။ ထို့ကြောင့် စာရေးခြင်း၊ နေအိမ်ကို ပုံစံတစ်မျိုးပြင်၍ ဆောက်လုပ်ခြင်း၊ ရှေးဟောင်းအိမ်ထောင်ပရိဘောဂ၊ ပန်းချီကား စသည်တို့ ကို စုဆောင်းခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။ ၁၇၄၇ ခုနှစ်တွင် ဟိုရေ့ဝါလပိုသည် မစ်ဒဲဆက်နယ် တွစ်ကင် ဟမ်မြို့အနီး၌ ဂေါ့သပုံစံ ရဲတိုက်ကိုတည်ဆောက်၍ နေထိုင်သည်။ ကိုယ်ပိုင် စာပုံနှိပ်စက်ကိုလည်း တည်ထောင်သည်။ သူရေးသားသော စာပေများသည် လည်း စိတ်ကူးယဉ်စာပေမျှလောက်သာဖြစ်သည်။ ၁၇၆၄ ခုနှစ်တွင်ရေးသော အော့တရန်တိုရဲတိုက် မှာ ထိတ်လန့်ဖွယ်ရာ ဝတ္ထုဖြစ်သည်။ သို့ရာတွင် သူရေးခဲ့သော ဆောင်းပါးစာများ၊ မှတ်တမ်းများသည်ကား ၁၈ ရာစုနှစ် အတွင်းက အင်္ဂလန်နိုင်ငံရှိ လူတို့နေထိုင်ပုံစနစ်ကို ဖော်ပြထားသဖြင့် ထင်ရှားပေသည်။ ဟိုရေ့ဝါလပိုသည် ၁၇၉၁ ခုနှစ်တွင် အောဖို့နယ်စားဘွဲ့ကို ဆက်ခံရရှိသည်။ ၁၇၉၇ ခုနှစ် မတ်လ ၂ ရက်နေ့တွင် လန်ဒန်မြို့၌ ကွယ် လွန်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)