အဂ္ဂါဝေါလေ့ (Edgar Wallace) သည် သာမည သတင်းစာရောင်းသူဘဝမှ စိတ်လှုပ်ရှားမှုပါဝင်သော ဝတ္ထုရေးဆရာ အဖြစ်သို့ရောက်ရှိခဲ့သူဖြစ်သည်။ သူရေးခဲ့သောဝတ္ထုများမှာ များသောအားဖြင့် စုံထောက်ဝတ္ထုများဖြစ်သည်။ အာဖရိကတိုက် စွန့်စားခန်းများ ပါဝင်သော ဝတ္ထုများကိုလည်းရေးခဲ့သည်။ ပြဇာတ်၊ ရုပ်ရှင်၊ ဇာတ်ညွှန်း သတင်းစာဆောင်းပါးများကိုလည်း ရေးသားခဲ့သည်။ အဂ္ဂါဝေါလေ့သည် ဝတ္ထု ပေါင်း ၁၅ဝ ကျော်နှင့် ပြဇာတ်ပေါင်း ၁၄ ခုကို ရေးခဲ့ရာ၌ ဇာတ်အိမ်ဖွဲ့ပုံ၊ ဇာတ်ကွက်ဆင်ပုံတို့တွင် ကျွမ်းကျင်နိုင်နင်းလှသဖြင့် ဝတ္ထုဖတ်ပရိသတ်တို့ ကြိုက်နှစ်သက်သော စာရေးဆရာဖြစ်ပေသည်။ အဂ္ဂါဝေါလေ့သည် ၁၈၇၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လန်ဒန်မြို့၌ ဖွားမြင်သည်။ ခုနစ်ရက်သားအရွယ်တွင် မိဘနှစ်ပါးတို့က စွန့်ပစ်ထားခဲ့ရာ ငါးအလုပ်သမားတစ်ဦးက ကောက်ယူမွေးစားခဲ့လေသည်။ ထိုကဲ့သို့ ဆင်းရဲသားတစ်ယောက်၏လက်တွင် ကြီးလာခဲ့ရသူ ဖြစ်ခြင်း ကြောင့် လူမွဲဘဝကို ကောင်းစွာနားလည်ခဲ့သည်။ ငယ်စဉ်က သတင်းစာ ရောင်းခြင်းဖြင့်လည်းကောင်း၊ အခြားရရာ အလုပ်ကို ဝင်ရောက်လုပ်ကိုင် ခြင်းဖြင့်လည်းကောင်း အသက်မွေးဝမ်းကျောင်းခဲ့ရသည်။ အသက် ၂၁ နှစ်အရွယ်တွင် စစ်တပ်သို့ဝင်ပြီးလျှင် အာဖရိကတိုက်တောင်ပိုင်းသို့ သွား ရောက်စစ်မှုထမ်းရသည်။ စစ်သားဘဝတွင် ဝတ္ထု၊ ဆောင်းပါးများကို စတင် ရေးသားခဲ့သည်။ ၁၈၉၉ ခုနှစ်တွင် အာဖရိကတိုက်၌ ဗိုးဝါးစစ်ပွဲ ဖြစ်ပွား လာသောအခါ ဝေါလေ့သည် စစ်တပ်မှထွက်၍ ရိုက်တားအတွက် စစ် သတင်းထောက်အဖြစ် လုပ်ကိုင်သည်။ လန်ဒန်မြို့ရှိ 'ဒေးလီးနယူး' သတင်း စာ၊ 'ဒေးလီးမေး' သတင်းစာတို့အတွက် အာဖရိကတိုက် သတင်းကိုယ်စား လှယ်ဖြစ်သည်။ ထို့နောက် လန်ဒန်မြို့သို့ ပြန်လာ၍ သတင်းထောက် အလုပ်ကိုလုပ်လေသည်။ ၁၉ဝ၆ ခုနှစ်သို့ရောက်သောအခါ အဂ္ဂါဝေါလေ့သည် စွန့်စားခန်း ပါဝင်သော ဝတ္ထုရေးဆရာအဖြစ်ဖြင့် နာမည်ထင်ရှားလာလေသည်။ 'အခန်း ၁၃'၊ 'မျက်နှာဖြူ'၊ 'တရားစောင့်သူလေးဦး'တို့သည် ထင်ရှားသော် ဝတ္ထု အချို့ဖြစ်၍ ပြဇာတ်များတွင် 'မျက်နှာဖုံးဝါ'၊ 'ထိန်လန့်စရာ'၊ 'ဖော်ကောင်' တို့မှာ ဝေါလေ့၏ လက်ရာကောင်းအချို့ဖြစ်သည်။ အဂ္ဂါဝေါလေ့သည် အမေရိကန်နိုင်ငံ၊ ဟော်လီဝု၌ ရုပ်ရှင်ဇာတ် ညွှန်းများ ရေးနေခိုက် ၁၉၃၂ ခုနှစ်ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်၊ ၁၉၃၄ ခုနှစ်တွင် လန်ဒန်မြို့ရှိ သတင်းစာရပ် ကွက်၏ ဗဟိုဌာနဖြစ်သော ဖလိလမ်းထောင့်၌ 'သတင်းထောက် အဂ္ဂါ ဝေါလေ့'အတွက် အထိမ်းအမှတ် ပြုလုပ်ထားရှိကြလေသည်။[၁]

အဂ္ဂါ ဝေါလေ့
မွေးဖွားRichard Horatio Edgar Wallace
(1875-04-01)၁ ဧပြီ၊ ၁၈၇၅
Greenwich, Greater London, England
ကွယ်လွန်၁၀ ဖေဖော်ဝါရီ၊ ၁၉၃၂(1932-02-10) (အသက် ၅၆)
Beverly Hills, California, U.S.
နိုင်ငံလူမျိုးဗြိတိသျှလူမျိုး
အလုပ်အကိုင်Crime writer၊ စစ်သတင်းထောက်၊ သတင်းစာဆရာ၊ သတ္ထုရေးဆရာ၊ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာနှင့် ပြဇာတ်ရေးဆရာ
ကျော်ကြားမှုအရင်းခံCreation of King Kong

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)