အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ကချင်ပြည်နယ်မိုးညှင်းမြို့နယ် မြန်မာပြည်မြောက်ပိုင်းတွင် တည်ရှိသည်။ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် Important Bird Area (IBA) ဖြစ်ပြီး အာဆီယံ အမွေအနှစ်ဥယျာဉ်လည်းဖြစ်သည်။

အင်းတော်ကြီး ဘေးမဲ့တော

တည်နေရာ ပြင်ဆင်ရန်

မြောက်လတ္တီတွဒ်၁၅°၅၁'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၁၆'၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၈၁၄.၉၉ စတုရန်းကီလိုမီတာ (၃၁၄.၆၇ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ အင်းတော်ကြီးအိုင်အပါအဝင် ဆက်စပ် သစ်တောကြိုးဝိုင်း ၅ ခု၊ စုစုပေါင်းဧရိယာ ၂၀၁,၃၈၉ ဧက (၈၁,၄၉၉ ဟက်တာ)ကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။

သဘာဝအရင်းအမြစ်များ ပြင်ဆင်ရန်

ဘေးမဲ့တော၏ ၅၀%သည် ရွက်ကြွေတောများ ဖုံးလွှမ်းထားပြီး ၃၀%ကို wetland(စိမ့်မြေတော) များက ဖုံးလွှမ်းထားသည်။ အခြားသစ်တောအမျိုးအစားများမှာ အမြဲစိမ်းတော(Riverine)၊ ရွက်ကြွေတော(ဝါး)၊ တောင်ပေါ်တော(ထင်းရှူး) ဖြစ်သည်။ စာရင်းဇယားများအရ (၁၆၅)မျိုးသော သစ်ပင်နှင့် ဆေးဘက်ဝင်သစ်ပင်မျိုးစိတ်များ၊ နို့တိုက်သတ္တဝါ(၃၈)မျိုး၊ ငှက်မျိုးစိတ်(၄၄၈)မျိုး၊ တွားသွားသတ္တဝါ (၄၁)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၃၄)နှင့် လိပ်ပြာအမျိုးပေါင်း(၅၀) ကျော် ရှိသည်။ ပျက်သုန်းလုနီးအန္တရာယ်နှင့်ရင်ဆိုင်နေရသော White-rumped vulture(Gyps bengalensis)နှင့် မြန်မာနိုင်ငံတွင်သာတွေ့ရသော အန္တရာယ်ရှိမျိုးစိတ် ဖြစ်သော နဖားကြူး(Crypsirina cucullata) တို့အပါအဝင် ငှက်မျိုးစိတ် (၁၀)မျိုး ရှိနေသောကြောင့် ၂၀၀၄ ခုနှစ်တွင် Important Bird Area (IBA) အဖြစ်သတ်မှတ်ထားခဲ့သည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ ပြင်ဆင်ရန်

တရားမဝင်အမဲလိုက်ခြင်းများ၊ ရှားပါးအပင်များကို စုဆောင်းခြင်းများ၊ သစ်ခိုးထုတ်ခြင်း၊ ရေလုပ်ငန်းများ၊ သတ္တုနှင့် ရွှေကျင်ခြင်းလုပ်ငန်းများ အစရှိသော အရာများက ဘေးမဲ့တောကို ထိုးနှက်နေကြပါသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ ပြင်ဆင်ရန်

၂၀၀၉ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း(BANCA) မှ Gibbon project: evaluation of the status of Hoolock Gibbon လုပ်ဆောင်ခဲ့သည်။

ခရီးသွားလာရေးလုပ်ငန်းများ ပြင်ဆင်ရန်

နှစ်စဉ် ဒေသတွင်းနှင့် နိုင်ငံခြားသားခရီးသည်များစွာလည်ပတ်လေ့ရှိသည်။ အင်းတော်ကြီးအိုင်၏အလယ်တွင် ရွှေမဉ္ဇူဘုရား တည်ရှိနေသဖြင့် မြန်မာပြည်၌ အသွားများသော နေရာထဲက တစ်ခုအပါအဝင်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး ပြင်ဆင်ရန်

  • ရန်ကုန်-မြစ်ကြီးနား လေယာဉ်ဖြင့် (၁)နာရီ
  • မြစ်ကြီးနား-အင်းတော်ကြီး ကားဖြင့် (၇၀)မိုင်

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ ပြင်ဆင်ရန်

  • ကချင်ပြည်နယ်၏တန်ခိုးကြီး ရေလယ်ရွှေမဉ္ဇူဘုရား ဖူးမြင်ခွင့် ရရှိခြင်း၊
  • အရှေ့တောင်အာရှ၏ အကြီးဆုံး ကုန်းတွင်းရေအိုင်ကြီး တစ်ခုကို ရှုမြင်ခံစားနိုင်ခြင်း၊
  • ရေတိမ်ဒေသ ဂေဟစနစ်ကိုလေ့လာနိုင်ခြင်း၊
  • ဆောင်းခိုငှက်များကို လေ့လာနိုင်ခြင်း၊
  • သဘာဝ သစ်တော ကြိုးဝိုင်းကြီးများ၏ သားငှက် တိရစ္ဆာန်၊ သစ်ပင်၊ ပန်းမာန်မျိုးစုံတို့ကို လေ့လာနိုင်ခြင်း၊
  • ဒေသခံ ရှမ်း၊ ကချင်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် လူနေမှုစနစ်ကို လေ့လာနိုင်ခြင်း။

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန Archived 23 October 2014 at the Wayback Machine.
  2. အင်းတော်ကြီး ဘေးမဲ့တော[လင့်ခ်သေ]
  3. Report: Myanmar Protected Area (2011)