အနှိပ်ပညာဟူသည် အနာရောဂါရှိသူတို့အား ပျောက်ကင်းချမ်းသာရန် ဆုပ်၊ နယ်၊ နင်း၊ နှိပ်ပေးသော ပညာဖြစ်၏။ ထိုပညာအကြောင်းကို ရှေးဆရာကြီးတို့ ရေးသားအပ်သော လင်္ကာ

ကိုးဆယ် ခြောက်ပါး၊ ရောဂါများကို၊
လက်ဖျားထိရောက်၊ ကင်းကွာပျောက်လိမ့်၊
မှတ်လောက်စရာ၊ ရှေးဆရာတို့၊
စဉ်လာဥပဒေ၊ ထားခဲ့ပေသား၊
အသေအချာ၊ နှိပ်ပုံမှာကား။

စသည်ဖြင့် စပ်ဆိုထားသည်။ အနှိပ်ပညာကို ဆရာကောင်း သမားကောင်းတို့ထံ နည်းခံသင်ကြား ကောင်းစွာတတ်မြောက် ကျွမ်းကျင်သောဆရာများကား အနာရောဂါရှိသူ တို့ကို အသေအချာ စမ်းသပ်၍၊ သူ့ရောဂါနှင့်သူ နှိပ်ကွက်ကျကျ တစ်ကြိမ်နှိပ်ကာမျှဖြင့် ပျောက်ကင်းချမ်းသာသွား၏။ ဆေးဝါးဓာတ်စာ စားရန်မလိုဟု ဆိုကြသည်။

အနှိပ်ပညာကား သေးနုပ် သိမ်ဖျင်းသောပညာမဟုတ်၊ ကြီးကျယ်မြင့်မြတ်သော ပညာဖြစ်၏။ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်နိုင်၏။ ကျန်းမာရေးအတွက် တာဝန်ယူနိုင်၏။ သင်ကြားရာ၌လည်း တကယ်တမ်းတတ်မြောက်၍ တိုင်းသူပြည်သား အကိုးကွယ်ခံ ဆရာတစ်ဆူလုပ်နိုင်လောက်အောင် သင်ကြားပါမူ တတ်မြောက်ကျွမ်းကျင်ရန် ခဲယဉ်း၏။ သိမ်မွေ့နက်နဲလှ၏။ ခဲယဉ်းပုံ သိမ်မွေ့နက်နဲပုံကို အကျဉ်းချုပ်မျှ ပြဆိုပါအံ့။

သင်ကြားလိုသူသည် နှိပ်ပေးရမည့် ခန္ဓာကိုယ်ကြီးကို စိစစ်ဝေဖန်ရ၏။ ခန္ဓာကိုယ်ကြီးကား အဆောက်အဦတစ်ခု သို့မဟုတ် ယန္တရားစက်ကြီးတစ်ခုအလား၊ အရိုးကြီး အရိုးငယ်တို့ကို အမာခံထား၍ အရိုးတစ်ခု နှင့် အရိုးတစ်ခုကို အကြော ကြီးအကြောငယ်တို့ဖြင့် မြဲမြံအောင် တုပ်နှောင်ဖွဲ့ချည်ဆက်စပ်ကာ၊ ထိုအရိုးနှင့် အကြောတို့ကို ပိုမိုတောင့်တင်းခိုင်မာလာအောင် အသားတို့ဖြင့် သုတ်လိမ်းမွမ်းမံလျက်၊ အပေါ်ယံက အရေထူ အရေပါးတို့ဖြင့် အုပ်ဖုံးလွှမ်းခြုံပြီး ဆောက်လုပ်ထားသော သက်ရှိအရာဝတ္ထုကြီးတစ်ခုဖြစ်သည်။

ထိုအရိုးအကြော အသားအရေတို့ဖြင့် ဆောက်လုပ်ထားသော ခန္ဓာကိုယ်ကြီးကို တစ်ဆင့်တက်၍ ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်းစသည်ဖြင့် အမာခံဖြစ်သော အဖတ်ပထဝီဓာတ် ၂ဝ နှင့် သည်းခြေသလိပ်၊ ပြည်စသည်ဖြင့် ပျစ်ချွဲယိုစီးသော အရည် အာပေါဓာတ် ၁၂ ပါးအားဖြင့် ၃၂ ကောဋ္ဌာသ ( သုံးဆယ့်နှစ်ကောဋ္ဌာသ။) ၃၂ ပုံပုံပြီးလျှင် ယင်း ၃၂ ကောဋ္ဌာသတို့၏တည်နေပုံ အကြီးအငယ် အရွယ်သဏ္ဌာန်တစ်ခုနှင့်တစ်ခု ဆက်သွယ်ပုံ ပြုလုပ်ဆောင်ရွက်သည့် လုပ်ငန်းကိစ္စ ပြီးမြောက် နိုင်သည့် အစွမ်းသတ္တိစသည်တို့ကို အကြမ်း အားဖြင့် နားလည် အောင် စိစစ်၍ သင်ကြားလေ့လာရသည်။

ထို ၃၂ ကောဋ္ဌာသတို့တွင် နှိပ်ရာ၌ အသုံးဝင်ဆုံးဖြစ်သော ခန္ဓာကိုယ်ကြီးကို တစ်ဆင့်တက်ပြန်၍ တစ်ခုနှင့်တစ်ခု ဆက်စပ်ထောက်ကန်ထားသည့် အရိုးကြီး အရိုးငယ်သုံးရာ တို့ကိုလည်းကောင်း၊ ထို့ပြင် ခန္ဓာကိုယ်ကြီး၏ ဝဲဘက်၊ ယာ ဘက်၊ ရှေ့ဘက်၊ နောက်ဘက်၊ လက်ခြေ ဤခြောက်ဌာနတို့၌ တစ်ဌာနလျှင် ငါးချောင်းစီ ဖြာဆင်းနေသော အကြောမကြီး ၆ဝ နှင့် တစ်ကိုယ်လုံး ပိုက်ကွန်အုပ်ဖုံးထားသည့်အလား ယှက်ကာ သွားနေသော အကြောငယ် ၉ဝဝ၊ သို့မဟုတ် များစွာတို့ကိုလည်းကောင်း၊ တစ်ကိုယ်လုံး သုတ်လိမ်း မွမ်းမံ ထားသော အသားတုံးအသားတစ် ၉ဝဝ တို့ကိုလည်းကောင်း ယင်းတို့၏ တည်နေပုံ၊ အကြီးအငယ် အရွယ်သဏ္ဌာန် တစ်ခုနှင့်တစ်ခု ဆက်သွယ်ပုံ၊ ပြုလုပ် ဆောင်ရွက်သည့် လုပ်ငန်း ကိစ္စ၊ ပြီးမြောက်နိုင်သည့် အစွမ်းသတ္တိ စသည်တို့ကို လက်ဖြင့် စမ်းသပ်၍၊ သို့မဟုတ်၊ အရိုးပုံ၊ အကြောပုံ၊ အသားပုံတို့ကို ကြည့်ရှု၍ အသေးစိတ် နားလည်အောင် စိစစ်၍ သင်ကြား လေ့လာရသည်။

ခန္ဓာကိုယ်ကြီး၏အစိတ်အပိုင်းကို နားလည်ပြီးနောက် တစ်ဆင့်တက်ပြန်၍ အနာရောဂါ ဖြစ်လာပုံကို သင်ကြား ရသည်။ သင်ကြားရာ၌ မည်သည့်အနာရောဂါသည် မည်သည့် အစိတ်အပိုင်း၌ ဖြစ်၏။ ထိုအစိတ် ပိုင်း၌လည်း မည်သည့် အရိုးရှိသည်၊ မည်သည့်အကြောရှိသည်၊ မည်သည့်အသားရှိ သည်။ မည်သည့်အကြောကို ထိအောင်နှိပ်လျှင် အနာရောဂါ ပျောက်ကင်းနိုင်၏ စသည်ဖြင့် သင်ကြားလေ့လာရသည်။ သို့မှသာလျှင် ကောင်းစွာ တတ်မြောက်ကျွမ်းကျင်သောအနှိပ်သည် ဖြစ်နိုင်သည်။ ထိုအနှိပ်သည်မျိုးဖြစ်ပါမှ လူတို့၏ ကျန်းမာရေး အတွက် ရဲဝံ့စွာ တာဝန်ခံနိုင်သည်။

အနှိပ်ပညာကား ယခုအခါမှ ပေါ်ပေါက်လာသော ပညာ မဟုတ်၊ ရှေးရှေးအခါကပင် ပေါ်ပေါက်ခဲ့သော ပညာဖြစ်သည် ဟု ယူဆသည်။ မင်းစိုးရာဇာ သူဌေးသူကြွယ်စသော ဂုဏ် သရေရှိ လူကြီးလူကောင်းတို့သည် ထူးခြားကြီးကျယ်သော အနာရောဂါမရှိသော်လည်း ညောင်းညာကိုက်ခဲသောအခါ၊ မအီ မသာရှိသောအခါ လက်ဖြင့်ဆုပ်နယ်ခြင်း၊ နှိပ်ခြင်း၊ ခြေဖြင့်နင်း ခြင်းတို့ကို ခံလေ့ရှိကြ၏။ ဆရာသမားတို့ကို တပည့်တပန်း တို့က၊ အမိအဘတို့ကို သားသမီးတို့က၊ သက်ကြီးရွယ်အိုတို့ကို အသက်အရွယ်ငယ်သူတို့က ကျင့်ဝတ်တစ်ခု အနေဖြင့် ဆုပ် နယ်ခြင်း နင်းနှိပ်ခြင်းကို ပြုလုပ်ပေးလေ့ ရှိကြ၏။ လူသာမက ယခုအခါ မြင်းမွေးသောသူတို့သည် မြင်းညောင်းညာသောအခါ၊ ဆီးဝမ်းချုပ်သောအခါ စသည်တို့၌ လက်ဖြင့် နှိပ်နယ်ပေးခြင်း ကား မျက်မြင်သာဓကဖြစ်သည်။

ငါးရာ့ငါးဆယ် နိပါတ်တော် အသာတမန္တန်ဇာတ်၌ တက္ကသိုလ်ဆရာကြီးထံ အသာတမန္တန်ကို သင်ကြားရန် လာ သောတပည့်အား တက္ကသိုလ်ဆရာကြီးက အမောင် အသက် ၁၂ဝ ရှိ၍ မျက်စိမမြင်သော ငါ၏ မိခင်အိုကြီးအား လုပ် ကျွေးပြုစုပါ၊ အသာတမန္တန်ကို တတ်မြောက်ပါလိမ့်မည်၊ လုပ်ကျွေးပြုစုသောအခါ မိခင်အိုကြီးအား ကိုယ်တိုင် ဆုပ် နယ်နင်းနှိပ်ပေးပါဟု မှာထားသောစကားသည် အနှိပ်ပညာ အတွက် သာဓက ဖြစ်သည်။

မြန်မာနိုင်ငံ၌လည်း နှစ်ပေါင်းများစွာ ရှေးအခါကပင် အနှိပ်ခံသော အလေ့အထရှိသဖြင့် အနှိပ်ပညာ ရှိသည်ဟု ယူဆထိုက်သည်။ တိုင်းရင်းသားဆေးပညာအစီရင်ခံစာ၌ သက္ကရာဇ် ၁၁၆၉ ခုနှစ် (ဘိုးတော် မင်းတရား လက်ထက် လောက်တွင်) မဏိပူရက ကသည်းမင်းသမီးတစ်ပါးသည် မြန်မာဘုရင်မင်းမြတ်၏ မိဖုရားတစ်ပါးဖြစ်လာ၍ ယင်းနှင့်အတူ အနှိပ်အတတ်တွင် အထူးကျွမ်းကျင်သူဆရာတစ်ဦး ပါလာ သည်။ သက္ကရာဇ် ၁၂၆ဝ ပြည့်နှစ်တွင် မန္တလေးမြို့၌ ဆရာစ ခေါ် ဆရာတစ်ဦးရှိဘူး၍၊ ထိုနည်းအတိုင်း များစွာ ကုသ၍ အလွန်ထင်ရှားခဲ့ကြောင်း အဆိုရှိသည်။ သို့အတွက် မန္တလေး မြို့မှစ၍ မြန်မာနိုင်ငံ၌ ထိုစဉ်အခါက စ၍ ကသည်းအနှိပ်ပညာ လည်း တစ်စတစ်စ ပျံ့သွား၏ဟု ယူဆဘွယ်ရှိသည်။ မင်းတုန်းမင်းလက်ထက်သို့ ရောက်သောအခါ အနှိပ်ပညာ တိုးတက်ထွန်းကားလာသဖြင့် အနှိပ်ခံသော အလေ့အထလည်း ပိုမိုများပြားလာ၏။ အနှိပ်သည်တို့လည်း အဆင့်အတန်း မြင့် လာကြသည်။ ထိုကြောင့် စည်သူမောင်မောင်ကျော် ရေးသား အပ်သော မန္တလေးမြို့တည် နန်းတည်စာတမ်းတွင် သာသနာ တော်ရေး၊ တိုင်းပြည်ရေးများကို ဆောင်ရွက်တော်မူသော အကြောင်းကို ပြရာ၌ ဘဝရှင်မင်းတရားကြီးမှာ မှန်နန်းတော် ကြီး မြောက်ဘက် ရွှေနန်းတော်ကြီးတွင် အမြဲစံတော်မူသည်။ နံနက် ၆ နာရီခန့်အချိန် စက်တော်ခေါ်ရာမှ နိုးတော်မူလျှင် ပုဏ္ဏားဝန်ဟဇနနှင့်တကွ အသင့်စောင့်နေသော ကသည်းအနှိပ် တော် ရှစ်ယောက်တို့က အနှိပ် ဆက်ရသည်ဟု အဆိုရှိသဖြင့် အနှိပ်ခံသော အလေ့အထကား ဘုရင်မင်းမြတ်မှစ၍ တစ်နိုင်ငံ လုံး ရှိခဲ့ကြောင်း ထင်ရှားသည်။

လွန်ခဲ့သော အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံမြောက်ပိုင်း ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ရွာတစ်ရွာတွင် အနှိပ် ပညာကို ထူးချွန်စွာ တတ်မြောက်ကျွမ်းကျင်သော အနှိပ်သည် ဆရာကြီး တစ်ဦးရှိသည်။ ယင်ဆရာကြီးသည် တစ်ခါနှိပ်လျှင် အခငွေ ၅ဝ ကျပ် ယူလေ့ရှိ၏။ မည်သည့်ရောဂါမဆို တခါနှိပ်လျှင် ပျောက်ကင်းချမ်းသာ၏။ အလွန်ခိုင်ခံ့သော ရောဂါဖြစ်လျှင် နှစ်ခါသာနှိပ်ရ၏။ ရောဂါသည်များ အိမ်သို့ခေါ်၍ မလိုက်၊ အနှိပ်ခံ လိုသောရောဂါသည်တို့သည် ဆရာကြီးအိမ်သို့ လာကြ ရ၏။ နေ့စဉ်လာကြသော ရောဂါသည်များကား အိမ်ဝင်း အတွင်း၌ လှည်းဝိုင်းကြီးဖြစ်၍ နေသည်။ ထိုဆရာကြီး၏ ထူးခြားချက်ကား အိမ်သို့လာသော ရောဂါသည်များနှင့် နောက်ပါလူတို့အား အမြဲထမင်းကျွေး၍ လွှတ်လေ့ရှိသည်။ (ထိုဆရာကြီး၏အကြောင်းကို အထက်သို့ အမြဲတက်နေသာ လေနာရောဂါကို တစ်ကြိမ်နှိပ်ရုံဖြင့် ပျောက်ကင်းသွားသော မိတ်ဆွေတစ်ဦး ပြောကြားသဖြင့် သိရသည်။)

ထို့ပြင် အင်္ဂလိပ်လက်ထက်ကပင် တောရွာတစ်ရွာမှ ဦးပဉ္စင်းတစ်ပါးနှင့် ဘုရားဖူးလိုက်လာသော အနှိပ်သည် ဆရာ ကြီးတစ်ဦးသည် ရန်ကုန်မြို့ ဘုန်းကြီးကျောင်းတစ်ခုတွင် ခေတ္တ တည်းခိုကာနေ၏။ ထိုအခိုက် ရန်ကုန်မြို့ ရပ်ကွက်တစ်ခုတွင် လေဖြတ်ရောဂါသည်တစ်ဦးရှိ၏။ ရောဂါသည် ဇနီးသည် ယင်း ဦးပဉ္စင်း၏ညွှန်ကြားချက်အရ ဆရာကြီးအား အိမ်သို့ ပင့်ခေါ်၍ ရောဂါသည်ကိုပြ၏။ ဆရာကြီးသည် ရောဂါသည်၏ဝမ်းကို လက်ညိ|ုးဖြင့် အသာထောက်၍ စမ်းသပ်ကြည့်သည်။ စမ်းသပ် ပြီးသောအခါ ရောဂါသည်၏ဇနီးကို တစ်နေရာသို့ခေါ်ကာ သူငယ်မ၏ခင်ပွန်းကား ဤရောဂါမှ ထမြောက်တော့မည် မဟုတ်၊ နှိပ်ခွင့်မရှိ၊ နှိပ်သော်လည်း ရောဂါသည် ပင်ပန်းရုံသာ ရှိတော့မည်၊ လာမည့် သီတင်းကျွတ်လတွင် မုချ သေလိမ့်မည်၊ သေခါနီးလျှင် ရောဂါတိုးလာလိမ့်မည်ဟု ပြောဆို၍ ပြန်သွား သည်။ ထိုရောဂါသည်မှာ အနှိပ်သည်ဆရာကြီး ပြောဆိုသွား သည့်အတိုင်းပင် ဖြစ်ပြီးလျှင် သီတင်းကျွတ်လ၌ ကွယ်လွန်သွား ရှာ၏။ (ထိုဆရာကြီးအကြောင်းကို ရောဂါသည်ဇနီး ပြောကြား သဖြင့် သိရသည်။) ဤဆရာကြီး နှစ်ဦး၏အကြောင်းအရာကို ထည့်သွင်းဖော်ပြရခြင်းမှာ အနှိပ်ပညာ၏ အစွမ်းသတ္တိကို သိရှိ နားလည်ကြရန်သာ ဖြစ်သည်။

ယခုအခါ အနှိပ်ပညာသည် သိသိသာသာကြီး ဆုတ်ယုတ် လာခဲ့၏။ အနှိပ်ပညာကို ကောင်းစွာ တတ်ကျွမ်းသူ မရှိ သလောက်ပင် ဖြစ်နေ၏။ လက်ရှိအနှိပ်သည်များလည်း အလုပ် မရှိသဖြင့် အလုပ်တစ်ခု ဖြစ်ရန် လုပ်နေသူသာများ၏။ အနှိပ်မတတ် အနင်းဖက်ဆိုသည့်အတိုင်း နင်းလိုနင်း၊ နှိပ်လိုနှိပ်၊ ချိုးလိုချိုး ဖြစ်နေကြ၏။ ခန္ဓာကိုယ်အကြောင်းကို နားမလည်၊ ရောဂါအကြောင်းကိုလည်း လုံးလုံးမသိကြ၊ ထင်မိ ထင်ရာ နင်းကြ နှိပ်ကြ ချိုးကြသည်မှာ အရိုးအဆစ် လွဲသွား မည်၊ အကြောလွဲသွားမည်၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း ချို့ယွင်း သွားမည်ကို ကြောက်ဖွယ်ကောင်းလှသည်။ သတိရှိကြပါကုန်။ နိဂုံးချုပ်အနေဖြင့် တိုက်တွန်းလိုသည်မှာ အနှိပ်ပညာ အကြောင်းအရာကို သိလိုလျှင်၊ သူ့ရောဂါနှင့် သူ့နှိပ်ကွက်ကို သိလိုလျှင် လောကဟိတရာသီကျမ်း အစတွင် ပြဆိုထားသော ရှေးဆရာကြီးတို့ လင်္ကာ သုံးပိုဒ်ကို ကြည့်ရှုမှတ်သားကြရန် ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)