အပုပ်နိုင်ဆေး (အင်္ဂလိပ်: antiseptic) (အနာမရင်းဆေး)ဆိုသည်မှာ ရောဂါဖြစ်စေသည့် ဘက်တီးရီးယား ပိုးများကို သတ်၍ ဘက်တီးရီးယားတို့ကြောင့် ဖြစ်သော ပုပ်သိုးခြင်းကို တားဆီးနိုင်သည့် ဆေးကို ဆိုသည်။ လူတို့သည် ဆီ၊ ဆားနှင့်တကွ အခြားဓာတ်ပစ္စည်းများကိုအသုံးပြု၍ အစာများကို မပုပ်မသိုးအောင် ကာကွယ်လေ့ ရှိကြသည်။ ထိုနည်းကို သိခဲ့ကြသည်မှာ ကမ္ဘာဦးအခါလောက်ကပင်ဖြစ်သည်ဟု ဆိုသင့်လေသည်။ သို့သော် အပုပ်နိုင်ဆေးကို ခွဲစိတ်ပညာတွင် စတင် အသုံးပြုခဲ့သည်မှာ ဗြိတိသျှလူမျိုး ဆရာဝန်ကြီးလစ်စတာလက်ထက် ခရစ် ၁၈၆၅-ခုနှစ်တွင် ဖြစ်သည်။ လစ်စတာသည် ဘက်တီးရီးယားကြောင့် ရောဂါဖြစ်သည်ဟူသည် ပါးစတား၏အဆိုကို အခြေပြုပြီး စုံစမ်းမှုများကို ပြုလုပ်ခဲ့၏။


သူ၏ယုံကြည်ချက်တစ်ခုမှာ ဒဏ်ရာများ၌ ပြည်တည်ခြင်းသည် ထိုဒဏ်ရာတွင် ဘက်တီးရီးယားများ ဝင်လာသောကြောင့် တည်ရသည်ဟူသော အချက် ဖြစ်လေသည်။ လစ်စတာသည် ခွဲစိတ်ရာ၌ ဘက်တီးရီးယားများ ဝင်မလာနိုင်အောင် အပုပ်နိုင်ဆေးသုံးနည်းကို ကြံစည်သည်။ ပထမဆုံးသူသည် အညစ်အကြေးများကို သန့်စင်အောင်လုပ်ရာ၌ အသုံးပြုလေ့ရှိသည့် ကာဗောလစ်အက်ဆစ်ကို အပုပ်နိုင်ဆေးအဖြစ်ဖြင့် အသုံးပြု ကြည့်သည်။ ကာဗောလစ်အက်ဆစ်ကို ခွဲစိတ်သည့်အခန်းတွင် ခွဲစိတ်သော ကိရိယာတန်ဆာပလာများ၊ စပန်းရေမြှုပ်နှင့် အနာစည်းပတ်တီးများကိုပါ ကာဗောလစ်အက်ဆစ်နှင့်စီရင်ပေးလေသည်။


လစ်စတာ ကွယ်လွန်ပြီးသည့်နောက်တွင် ခွဲစိတ်ပညာသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲ တိုးတက်ခဲ့လေသည်။ အမြောက်အမြား ပေါ်လာသော အပုပ်နိုင်ဆေးတို့တွင် မာကျူရစ်ကလို ရိုဒ်၊ မာကျုရိုကရုမ်၊ ဗောရစ်အက်ဆစ်၊ အိုင်အိုဒင်း၊ ဆီးလဗား ဓာတ်ပေါင်းများနှင့် အခြားဩဂဲနစ်ပစ္စည်းများသည် အသုံးအများဆုံး ဖြစ်လေသည်။ ခွဲစိတ်မှုမပြုလုပ်မီ ခွဲစိတ်ရာ၌သုံးမည့် ကိရိယာများကိုလည်းကောင်း၊ ဆရာဝန်နှင့်သူနာပြု ဆရာမများကိုလည်းကောင်း၊ ဗက်တီးရီးယားများ ကင်းစင်အောင် ပြုလုပ် ထားတတ်လာကြလေသည်။ ခွဲစိတ်သည့်အခန်းကိုလည်း ဗက်တီးရီးယားများ မဝင်နိုင်အောင် စီမံထားတတ် လာကြလေသည်။


ခွဲစိတ်ပညာနှင့်စပ်လျဉ်း၍ တွေ့ရှိမှုများအနက် အပုပ်နိုင်ဆေးကို တွေ့ရှိမှုသည် အရေးပါ အရာရောက်ဆုံးသော တွေ့ရှိမှု တစ်ခုဖြစ်သည်။ လစ်စတာခေတ်မတိုင်မီက ခွဲစိတ်ကုသခြင်း ဟူသမျှသည် အလွန်စိုးရိမ်စရာ ဖြစ်ခဲ့လေသည်။ ခွဲစိတ်ကုသရာ၌ အောင်မြင်သော်လည်း လူနာသည် အဆိပ်တက်၍ သေဆုံးသွားတတ်လေသည်။ ထိုအခါက ခွဲစိတ်ခြင်းကို ခြေလက်များတွင်သာ အနည်းအကျဉ်း ပြုလုပ်နိုင်ခဲ့သော်လည်း ယခုအခါ၌မူကား မည်သည့်အင်္ဂါရပ်တွင်မဆို ဘေးအန္တရာယ် ကင်းရှင်းစွာ ပြုလုပ်နိုင်ပေပြီ။


ယခုအခါ အိမ်အခန်းများတွင် ကူးစက်တတ်သော ရောဂါပိုးများနှင့်တကွ အခြားပိုးမွှားများကို သုတ်သင် ရှင်းလင်းပစ်ရန် မှိုင်းတိုက်နည်းကို အသုံးပြုလေ့ရှိကြသည်။ မှိုင်းတိုက်လိုသောအခါ မှိုင်းတိုက်ပေးရမည့် နေရာကို အလုံပိတ်၍ အဆိပ်ဓာတ်ငွေ့များ ဖြစ်သော ဖောမဲဒီဟိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ သို့မဟုတ် ဟိုက်ဒြိုဆိုင်ယန်နစ်အက်ဆစ်ဓာတ် ငွေ့များကို လွှတ်ပေးသည်။ ဟိုက်ဒြိုဆိုင်ယန်နစ်အက်ဆစ်မှာ အလွန်ပြင်းထန်သော ဓာတ်ငွေ့ဖြစ်၍ အသုံးပြုသောသူများကိုပင် သေစေတတ်သဖြင့် မြို့ပေါင်းများစွာတွင် ထိုဓာတ်ငွေ့ကို အသုံးမပြုရန် တားမြစ်ထားလေသည်။ ဖော်ပြပါဓာတ်ငွေ့များသည် ရောဂါပိုးများနှင့်အခြားပိုးမွှားများကို နာရီ အနည်းငယ်အတွင်း သေကြေပျက်စီးစေနိုင်သည်။

အပုပ်နိုင်နည်းနှစ်နည်းရှိသည်။ ပထမနည်းမှာ အထက်တွင် ဖော်ပြသကဲ့သို့ ပိုးများကိုသေအောင် သုတ်သင်ပစ်သောနည်းဖြစ်၍ ဒုတိယနည်းမှာမူကား ပိုးများကို ထကြွခြင်းမရှိရအောင် နှိမ်ထားသောနည်း ဖြစ်သည်။ လတ်ဆတ်သော အသားများတွင် အပုပ်နိုင်ဆေးအဖြစ် ဓာတ်များကို အသုံးပြုနိုင်သဖြင့် ဒုတိယ နည်းဖြစ်သော အအေးဓာတ်ပေးနည်းကို အသုံးပြုကြရသည်။ အအေးဓာတ်ပေးသောအခါ ပိုးများ၏ ပုပ်သိုးအောင်လုပ်သော လုပ်ငန်းသည် ရပ်ရုံသာရပ်သွား၍ ပိုးများမှာမူကား သေဆုံးမသွားကြချေ။ အသားတွင် အအေးဓာတ်ပြယ်သွားသောအခါ ပိုးများပြန်လည်ထကြွလာကြပြီး အသားကို တစ်ဖန် ပုပ်သိုးအောင်ပြုကြ ပြန်လေသည်။


အသားနှင့်အသီးအနှံများကို စည်သွတ်ရာ၌ ပထမနည်း ဖြစ်သော ပိုးသေအောင်သတ်နည်းကို အသုံးပြုကြလေသည်။ စည်သွပ်ရာတွင် အစာကိုကြပ်တိုက်၍လည်းကောင်း၊ ဆားနယ်၍ လည်းကောင်း၊ အကျက်ချက်၍ လည်းကောင်း ပြုလုပ်ပြီးမှ လေလုံသောစည်တွင် ထည့်ထားကြသည်။ ဤသို့ ပြုလုပ်ခြင်းမှာ အစာထဲတွင် ရှိရင်းစွဲ ပုပ်သိုးစေတတ်သည့် ပိုးများကို သေသွားစေရန်အပြင် အစာထဲသို့ နောက်ထပ်၍ ပိုးအသစ်များ မဝင်ရောက်လာနိုင်ရန် ဖြစ်လေသည်။


သစ်သားများ ဆွေးမြည့်ခြင်းမှာလည်း ပိုးများကြောင့်ပင် ဖြစ်သည်။ ထိုသို့ ဆွေးမြည့်ခြင်းမဖြစ်ရအောင် လေပြင်ဖော်ထားသော သစ်သားကို ကရီအိုဆုတ်ခေါ်သော သစ်ဆီတစ်မျိုး ဖြင့်ဖြစ်စေ၊ ကတ္တရာစေးဖြင့်ဖြစ်စေ သုတ်လိမ်းပေးရသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)