အပူဖြာကူးခြင်း (သို့) အပူဖြာထွက်ခြင်း (အင်္ဂလိပ်: thermal radiation or heat radiation or radiative heat transfer) သည် ပကတိအပူချိန်သုညမဟုတ်သော အရာဝတ္ထုမှ ထုတ်လွှင့်သော စွမ်းအင်ဖြစ်ပြီး လျှပ်စစ်သံလိုက်လှိုင်းများ (တစ်နည်း ဖိုတွန်အမှုန်များ) က ပို့ဆောင်ပေးသည်။[၁] တစ်နည်းဆိုရလျှင် လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်ခြင်းပုံစံဖြင့် ပူသောအရာမှ (မျက်နှာပြင်မှ) အရပ်မျက်နှာ အဖက်ဖက်သို့ ထုတ်လွှင့်လိုက်ကာ ထိုအပူဖြာထွက်ခြင်းသည် ၎င်းကိုစုပ်ယူမည့်နေရာဆီသို့ အလင်းအလျှင်နှုန်းဖြင့် ရွေ့ရှားသည်။ ထို့ကြောင့် အပူဖြာထွက်ခြင်းဖြစ်စဉ်တွင် ၎င်းကိုကူးပြောင်းသယ်ယူမည့် ကြားခံနယ်(အရာဝတ္ထု) မလိုအပ်ပေ။[၂]

Thermal radiation in visible light can be seen on this hot metalwork. Its emission in the infrared is invisible to the human eye. Infrared cameras are capable of capturing this infrared emission.

ထိုသို့ လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်ခြင်းစွမ်းအင်သည် လှိုင်းအလျား (wavelength) ပေါ်တွင်မူတည်ရာ လှိုင်းအလျားတိုလေလေ စွမ်အင်မြင့်မားလေလေဖြစ်သည်။ ထို့ကြောင့် လှိုင်းအရှည်ဆုံး အနီအောက်ရောင်ခြည်မှသည် လှိုင်းအတိုဆုံးဖြစ်သော ခရမ်းလွန်ရောင်ခြည်အထိ လှိုင်းအမျိုးမျိုးဖြင့် သွားလာနိုင်သည်။[၂]

ထိုဖြာထွက်သည့်စွမ်းအင်ကို ဖြန့်ဝေနိုင်မှုနှင့် ပြင်းအားတို့သည် ဖြာထွက်သည့်မျက်နှာပြင်၏ အပူချိန်ပေါ်တွင်မူတည်သည်။ ထိုနည်းတူ စွမ်းအင် ဖြာထွက်ခြင်း (သို့) စုပ်ယူခြင်းနှုန်းသည်လည်း မျက်နှာပြင်၏ သဘောသဘာဝပေါ်၌ မူတည်လေသည်။ ကားချော့ (Kirchoff) ၏ "ဖြာထွက်မှု ဥပဒေသ"အရ ဖြာထွက်မှုကောင်းသော အရာဝတ္ထုများသည် စုပ်ယူမှုအားကောင်းသော အရာဝတ္ထုများဖြစ်ကြ၏ ။ အနက်ရောင်သုတ်လိမ်းထားသော (blackened surface) အရာဝတ္ထုသည် ဖြာထွက်ခြင်း၊ စုပ်ယူခြင်းကောင်းသော အရာဖြစ်၍ မျက်နှာပြင်တစ်ခုကို ငွေရောင်သုတ်လိမ်းထားပါက ဖြာထွက်ခြင်း၊ စုပ်ယူခြင်း ညံ့ဖျင်းပေလိမ့်မည်။ အနက်ရောင်ဝတ္ထု (black body) သည် ၎င်းအပေါ်ကျရောက်သော ဖြာထွက်လာသည့်စွမ်အင်အားလုံးကို စုပ်ယူနိုင်ရာ ထိုသို့ စုပ်ယူမှုအလွန်ကောင်းသော အနက်ရောင်ဝတ္ထုသည် အလွန်ကောင်းသော ထုတ်လွှင်သူလည်းဖြစ်၏ ။[၂]

နေမှ ကမ္ဘာမြေဆီသို့ အပူရောက်ရှိလာမှုသည် ဤဖြာထွက်ခြင်းဖြစ်စဉ်ကြောင့် ဖြစ်သည်။ နမူနာပြရသော် နေနှင့် ကမ္ဘာကြားရှိ နေရာ (သို့) အာကာသသည် အများအားဖြင့် မည်သည့်အရာမျှမရှိပေ။ ထို့ကြောင့် အပူလျှောက်ကူးခြင်းအပူစီးကူးခြင်းနည်းများဖြင့် အပူရောက်ရှိနိုင်ခြင်းမရှိပါ။ နေ (သို့) မီးတောက်တစ်ခုမှ အပူကို ကျွန်ုပ်တို့ခံစားနိုင်သည်။ ထိုနည်းတူ မီးဖိုကြီးတစ်ခုဘေးနားမှ ဖြတ်သွားသောအခါ မီးဖိုကို ထိတွေ့ခြင်း (သို) မီးဖိုထဲသို့ ဝင်ရောက်ကြည့်ရှုခြင်းမပြုဘဲ အနွေးဓာတ်ကို ရရှိနိုင်သည်။ ပူသောအရာမှ လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှင့်သောအခါ ကျွန်ုပ်တို့၏ အရေပြားက စုပ်ယူပေးသည်ကြောင့် အနွေးဓာတ်ကို ခံစားရခြင်းဖြစ်၏ ။ လျှပ်စစ်သံလိုက်လှိုင်းများကို လှိုင်းအလျှားပေါ်မူတည်၍ အမည်အမျိုးမျိုးဖြင့် ခေါ်ဆိုနိုင်ရာ ရေဒီယိုလှိုင်း၊ မိုက်ခရိုဝေ့လှိုင်း၊ အနီအောက်ရောင်ခြည်လှိုင်း၊ မြင်နိုင်သောအလင်းလှိုင်း၊ ခရမ်းလွန်ရောင်ခြည်လှိုင်း၊ အက်ခ်စ်ရေးလှိုင်း (X-ray)၊ ဂမ္မာလှိုင်းတို့ဖြစ်ကြသည်။ ထိုလှိုင်းများအနက် ကျွနိုပ်တို့အရေပြားသည် အနီအောက်ရောင်ခြည်ကို ခံစားတုံ့ပြန်မှု အလွန်အားကောင်းသည်။ ထို့ကြောင့် အနီးနား၌ မီး (သို့) မီးတောက်ရှိပါက ရရှိသည့် အပူ/အနွေးဓာတ်ကို အနီအောက်ရောင်ခြည်လှိုင်းမှတစ်ဆင့် ခံစားရခြင်းဖြစ်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. C. Ranganayakulu; Kankanhalli N. Seetharamu (30 April 2018)။ Compact Heat Exchangers: Analysis, Design and Optimization using FEM and CFD Approach။ John Wiley & Sons။ p. 28။ ISBN 978-1-119-42418-5
  2. ၂.၀ ၂.၁ ၂.၂ Thermal radiation (physics), the Editors of Encyclopaedia Britannica, Britannica Encyclopedia]
  3. Methods of Heat Transfer, Lumen