အိုးဒင်နတ်ဘုရား (အင်္ဂလိပ်: Odin; ရှေးဟောင်းနော့စ် Óðinn) သည်ကျယ်ကျယ်ပြန့်ပြန့် ကြည်ညိုဆည်းကပ်ခံရသော ဂျာမန်နစ်ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးဖြစ်သည်။ နော့စ်ဒဏ္ဍာရီမှ ရှင်သန်ကျန်ရစ်သော အရင်းမြစ်များက အိုးဒင်သည် ဉာဏ်ပညာ၊ ကုစားခြင်း၊ သေခြင်း၊ မင်းမျိုးမင်းနွယ်၊ ကြိုးစင် (သေဒဏ်စီရင်သည့် ကြိုးစင်)၊ ဗဟုသုတ၊ စစ်ပွဲ၊ တိုက်ပွဲ၊ အောင်မြင်မှု၊ မှော်တန်ခိုးအစွမ်း၊ ကဗျာလင်္ကာ၊ သွေးရူးသွေးတန်းရုတ်ရုတ်သဲသဲဖြစ်ခြင်း၊ ရှေးဟောင်းဂျာမန်နစ်အက္ခရာ/စာ အစရှိသည်များနှင့်ဆက်စပ်သည်ဟုဖော်ပြ၍ ဖရစ်နတ်ဘုရားမ၏ ခင်ပွန်းအဖြစ် ဖော်ကျူးကြသည်။ ကျယ်ပြန့်စွာရှိသော ဂျာမန်နစ်ဒဏ္ဍာရီနှင့် ရိုးရာဂျာမန်နစ်ဘာသာတရားတို့တွင် ရှေးဟောင်းအင်္ဂလိပ်စာဖြင့် Wōden ၊ ရှေးဟောင်းဆက်ခ်ဆန်စာဖြင့် (Old Saxon) Wōdan ၊ ရှေးဟောင်ဒတ်ချ်စာဖြင့် Wuodan[၁] နှင့် ရှေးအကျဆုံးဂျာမန်စာ အနေအထားဖြင့် Wuotan ဟူ၍ သိရှိကြသည်။

အိုးဒင်နတ်ဘုရာ
အိုးဒင် နှင့် ဖရစ်တို့ ကောင်းကင် ပြတင်းမှ ကြည့်နေစဉ်၊ (Emil Doepler ၏သရုပ်ဖော်ပုံ (၁၉၀၅)။
နှီးနွယ်မှုအိုင်းဆစ်ယာနတ်ဘုရားများ
ဘုံဗိမာန်ဗဲလ်ဟဲလ်လာ ခန်းမဆောင်
လက်နက်ဂန်းနစ်ယာ လှံရှည်
မိဘများဘက်စ်လာနှင့် ဘော်
ကြင်ရာတော်ဖရစ်
ဆင်းသက်သူများသော်၊ ဘော်လ်သရာ နှင့် အခြားများစွာ

အိုးဒင်သည် အရေးပါအရာရောက်သောနတ်ဘုရားတစ်ပါးအဖြစ် ဂျာမေးနီးယားဒေသကို ရောမများသိမ်းပိုက်သည့်ကာလ (from c.  12 BCE) မှအစပြု၍ လူအများရွှေ့ပြောင်းအ​ခြေချသောခေတ်၏ မျိုးနွယ်စုများနယ်မြေချဲ့ထွင်သည့်ကာလ (4th to 6th centuries CE) ၊ ဗိုက်ကင်းခေတ် (8th to 11th centuries CE) အထိ မှတ်တမ်းတင်ထားသော ဥရောပသမိုင်းတစ်လျှောက်လုံး ပါဝင်လာခဲ့သည်။ ခေတ်သစ်ကာလ၌ ဂျာမန်နစ် ရိုးရာပုံပြင်ဇာတ်လမ်းများတွင် အိုးဒင်ကို ဆက်လက်အသိအမှတ်ပြုဖော်ပြကြသည်။ ၎င်းနှင့်ပတ်သက်သော အကိုးအကားအထောက်အထားများကို ရှေးဂျာမန်နစ်လူမျိုးများနေထိုင်သော ဒေသများရှိ နေရာများ၌ ၎င်းအမည်ပါဝင်မှုရှိခြင်းအဖြစ် မြင်တွေ့နိုင်သည်။ ထို့နောက် အင်္ဂလိပ်ဘာသာစကားအပါအဝင် ဂျာမန်နစ်ဘာသာစကားများ၌ Wednesday (ဗုဒ္ဓဟူးနေ့) ကို ၎င်း၏အမည်ကို အစွဲပြု၍ ပေးထားသည်။

ရှေးဟောင်အင်္ဂလိပ်စာပေများတွင် အိုးဒင်သည် ရှေးကျသည့် နန်းမျိုးမင်းဆက်များနှင့် ပတ်သက်၍ ယူဟီးမရဝါဒ၏ အဓိက ဘိုးဘေးပုံစံလည်းဖြစ်သည်။ Langobard ကဲ့သို့ များစွာသော ဂျာမန်နစ်လူမျိုးများကြား၌ ၎င်းကို စတင်တည်ထောင်သည့် ပုဂ္ဂိုလ်ဟူ၍ အများအားဖြင့် ခိုင်းနှိုင်းဖော်ပြကြသည်။ ၎င်း၏ အမည်ပုံစံများကို ဂျာမန်နစ်မှတ်တမ်းများ၌ မကြာခဏဆိုသလိုပါဝင်မှုရှိ၏။ သို့သော် အဓိကတွေ့ရသည်မှာ (၁၃)ရာစုခန့်က အိုက်စလန်၌ မှတ်တမ်းတင်ခဲ့ကြသော ရှေးဟောင်းနော့စ်ဘာသာစကားတွင်ဖြစ်၍ ထို၌ အိုးဒင်နတ်ဘုရားအကြောင်း ဇာတ်လမ်းပုံပြင်များစွာရှိသည်။ အဆိုပါစာပေများသည် နော့စ်ဒဏ္ဍာရီအကြောင်း ခေတ်သစ်အမြင်ဖြင့် နားလည်စေခြင်းကို များစွာအထောက်အကူပြု၏။

ရှေးဟောင်းနော့စ်စာပေများက အိုးဒင်နတ်ဘုရားသည် မျက်လုံးတစ်လုံးသာရှိ၍ ရှည်လျှားသော မုတ်ဆိတ်ရှိသည်။ ဂန်းနစ်ယာဟုခေါ်သော လှံရှည်ကိုစွဲကိုင်၍ ဝတ်ရုံရှည်ကြီးတစ်ထည်နှင့် ကြီးမားကျယ်ပျံ့သည့် ဦးထုပ်တစ်လုံးဆောင်းထားသည်ဟု ဖော်ပြကြသည်။ ၎င်းထံတွင် ၎င်း၏ အစေခံများဖြစ်သော ဂယ်ရီနှင် ဖရဲ့ကီ ဝံပုလွေနှစ်ကောင်၊ ဟျူဂင်နှင့် မြူနင် ခေါ်သော ကျီးနက်နှစ်ကောင်တို့ဖြစ်ကာ မစ်ဂတ် (Midgard) တခွင်မှ သတင်းစကားများကို သယ်ဆောင်ပေးသူများလည်းဖြစ်သည်။ အိုးဒင်သည် ခြေရှစ်ချောင်းရှိသော အလေးနစ်ယာမြင်းကိုစီးကာ ကောင်းကင်နှင့် ငရဲကို သွားတတ်သည်။အိုးဒင်သည် ဘက်စ်လာနှင့် ဘော်တို့၏ သားဖြစ်၍ Villi နှင့် Vé ဟူသောညီအကိုများရှိ၏။

အိုးဒင်တွင် သားများစွာရှိသည်ဟုဖော်ပြကြကာ သော် နှင့် ဘော်လ်သရာ မှာအထင်ရှားဆုံးဖြစ်၏။ အိုးဒင်နတ်ဘုရားသည် အမည်ပေါင်းရာချီ၍ ရှိသည်။ ဤစာပေများ၌ အိုးဒင်သည် ကြီးမားသည့် အသိဉာဏ်ပညာကို ရှာဖွေရာ ရံခါ၌ ရုပ်ဖျက်၍ ရှာဖွေတတ်သည်။ ထိုရှာဖွေရာမှရရှိလာသည့် အကျိုးအမြတ်များနှင့်ပတ်သက်၍ ၎င်း၏မိဖုရား ဖရစ်နှင့် အလောင်းအစားပြုတတ်သည်။ ရှေးဦးအစပုဂ္ဂိုလ် အီးမစ်ယာကို သုတ်သင်၍ ကမ္ဘာလောကကိုဖန်တီးခြင်း၊ ပထမဆုံးလူသားနှစ်ဦး အက်စ်ခ်လာနှင့် အမ်ဘလာ တို့ကို အသက်ဟူသောလက်ဆောင်ပေးခြင်းတို့တွင် ပါဝင်လုပ်ဆောင်ခဲ့သည်။ အိုးဒင်သည် အထူးသဖြင့် ယူးလ်ပွဲတော်နှင့် ဆက်နွှယ်ပတ်သက်သည်။ ရှေးဟောင်းဂျာမန်နစ်အက္ခရာ၊ ကဗျာလင်္ကာတို့အကြောင်း လူသားတို့၏ အသိပညာသည် အိုးဒင်နတ်ဘုရားကြောင့်ဖြစ်သည်ဟု ရည်ညွှန်းကြကာ ဤနတ်ဘုရားကို ယဉ်ကျေးမှုဆိုင်ရာ သူရဲကောင်းအရည်အသွေးများကို ပေးအပ်ထားကြသည်။

ရှေးဟောင်းနော့စ်စာပေများက ဗဲလ်ကရီကဲ့သို့သော တိုက်ပွဲနှင့်ပတ်သက်သည့် အမျိုးသမီးပုဂ္ဂိုလ်များကို အိုးဒင်နှင့် ဆက်စပ်ဖော်ပြသည်။ အိုးဒင်သည် ဗဲလ်ဟဲလ်လာ ခန်းမဆောင်ကို အုပ်စိုးသည်။ တိုက်ပွဲ၌ ကျရှုံးသေလွန်သူများအနက် တစ်ဝက်သည် ဤခန်းမဆောင်သို့ ရောက်ရှိ၍ အိုးဒင်ကပိုင်ဆိုင်သည်။ ထိုကျဆုံးသူများကို အိန်းဟာယာ (einherjar)ဟု ခေါ်သည်။ အခြားတစ်ဝက်ကို ဖရွိုင်းယာနတ်ဘုရားမက ရွေးချယ်ယူငင်၍ ဖိုးလ်ဝမ်ဂါ တမလွန်ကွင်းပြင်သို့ ခေါ်ဆောင်သည်။ အိုးဒင်နတ်ဘုရားသည် ပညာရှိပုဂ္ဂိုလ် မစ်မီယာ (ကိုယ်ခန္ဓာမရှိတော့ဘဲ ခေါင်းသာလျှင်ရှိသော)သူထံတွင် အကြံဉာဏ်ရေးရားများဆွေးနွေးတိုင်ပင် အဖြေရှာသည်။ ကမ္ဘာ့အဆုံးသတ်တိုက်ပွဲကြီး ရက်နရော့၌ ဖြစ်ပျက်မှုများကို ကြိုတင်ပြောဆိုမှုများတွင် မစ်မီယာက အိုးဒင်ကို အိန်းဟာယာများကို မိစ္ဆာဝံပုလွေ ဖန်းနစ်ယာမှမစားမီ တိုက်ပွဲသို့ခေါ်ဆောင်သွားရန် ပြောဆိုထားသည်။ နောက်ပိုင်းပေါ်ပေါက်လာသော ရိုးရာပုံပြင်များတွင် အိုးဒင်သည် ကောင်းကင်ယံမှ သရဲတစ္ဆေပေါင်းများစွာ၏ ရှာဖွေအမဲလိုက်ခြင်း (Wild Hunt) ဖြစ်စဉ်၏ ခေါင်းဆောင်ဟူ၍ ဖော်ပြပါရှိသည်။

ဂျာမန်နစ်အကြောင်းလေ့လာမှုများတွင် အိုးဒင်သည် စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာတစ်ရပ်လည်းဖြစ်ကာ ပညာရှင်များက ၎င်း၏ရဖြစ်ပေါ်လာခြင်းနှင့်ဆက်နွယ်သော သဘောတရားများစွာကို ဖော်ထုတ်တိုးတက်စေခဲ့ပြီးဖြစ်သည်။ ဤအလေးစိုက်မှုအချို့တွင် အိုးဒင်သည် အခြားဇာတ်ကောင်များနှင့် ဆက်စပ်ရှိ၏ဟု ဖော်ပြကြသည်။ ဥပမာဆိုရသော် ဖရွိုင်းယာနတိဘုရားမ၏ ခင်ပွန်း အိုးသရာသည် အိုးဒင်၏ ရင်းမြစ်ပိုင်းဆိုင်ရာအနေအထားဖြင့် ဆင်တူကိုယ်ပွားဖြစ်နိုင်သည့် ပုံစံသဘောရှိ၍ ပခြားတစ်ဖက်တွင်လည်း အိုးဒင်၏ ဇနီး ဖရစ်မှာ များစွာသောပုံစံအားဖြင့် ဖရွိုင်းယာနှင့် ဆင်တူဖြစ်သည်။ အိုးဒင်သည် လိုကီဟုခေါ်သောသူ၏ ပုံပန်းနှင့်လည်း အထူးတလည် ဆက်နွယ်ပတ်သက်နေပြန်သည်။ အခြားသော ချဉ်းကပ်မှုများတွင် သမိုင်းဆိုင်ရာမှတ်တမ်းများတွင် အိုးဒင်၏ အနေအထားကို အလေးပေး(လေ့လာ)ထားရာ ၎င်းသည် ရှေးဦး အင်ဒို-ဥရောပ ဒဏ္ဍာရီတစ်ခုမှဆင်းသက်ဖြစ်ပေါ်လာသလား (သို့) နောက်ပိုင်း ဂျာမန်နစ်လူမှုအဖွဲ့အစည်းများ၌သာ ဖြစ်ပေါ်ခဲ့သလား ဆိုသည့် အမေးများသောမေးခွန်းလည်းရှိသည်။ ခေတ်သစ်ကာလတွင် အိုးဒင်သည် မြောက်မြားလှသော ကဗျာလင်္ကာ၊ ဂီတ၊ အခြားယဉ်ကျေးမှုဆိုင်ရာ ဖော်ကျူးချက်များကို စေ့ဆော်နိုင်ခဲ့သည်။ ဟိသန်နရီဟုတွင်သော ရိုးရာသဘောကိုးကွယ်မှုဘာသာအသစ်တွင် အိုးဒင်ကို အခြား ရှေးဟောင်းဂျာမန်နစ် နတ်ဘုရားများနှင့်အတူတကွ အလေးအမြတ်ပြု ပူဇော်ကိုးကွယ်ကြသည်။ အချို့သော ဘာသာဂိုဏ်းခွဲများတွင် ၎င်းကို အဓိကထား ကိုးကွယ်ကြ၏။

ကိုးကား ပြင်ဆင်ရန်

  1. W.J.J. Pijnenburg (1980), Bijdrage tot de etymologie van het oudste Nederlands, Eindhoven, hoofdstuk 7 'Dinsdag - Woensdag'