အဲဘတ်စပီးယား(Albert Speer)သည် ဟစ်တလာ၏ အစိုးရအဖွဲ့တွင် စစ်လက်နက်ထုတ်လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဂျာမန်လူမျိုး၊ ဗိသုကာပညာရှင် တစ်ဦးဖြစ်သည်။ အဲဘတ်စပီးယားသည် ဟစ်တလာ၏ နောက်က ထပ်ချပ်မကွာ လိုက်လံပြီး ဟစ်တလာသိမ်းပိုက်ပြီးသော နိုင်ငံအသီးသီးက ဗိသုကာလက်ရာများကို သုံးသပ်ကာ အမိမြေ ဂျာမနီနိုင်ငံတစ်ခုလုံးကို ပြန်လည်မွမ်းမံတည်ဆောက်လိုသူ တစ်ဦးဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

အဲဘတ်စပီးယားကို ၁၉၀၅-ခုနှစ်၊ မတ်လ(၁၉)ရက်နေ့မှာ ဂျာမနီနိုင်ငံ၊ မန့်ဟိုင်းမြို့ရှိ အထက်တန်းစား စပီးယား မိသားစုမှ မွေးဖွားလာခဲ့သည်။ အမည်ရင်းမှာ ဘာသိုကွန်ရက် ဟာမန်းအဲဘတ်စပီးယား ဖြစ်သည်။ ညီအစ်ကို သုံး​ေယာက်ရှိသည့်အနက် ဒုတိယမြောက် (အလတ်) သားအဖြစ် မွေးဖွားလာခဲ့ဖြစ်သည်။ သမိုင်းပညာရှင်များ၏ အဆိုအရ အဲဘတ်စပီးယားရဲ့ မိသားစုသည် တစ်ဦးနှင့်တစ်ဦး နွေးထွေးမှုမရှိကြဟု ဆိုကြပေသည်။ စပီးယားမိသားစုသည် ချမ်းသာသော လူကုံထံများဖြစ်ကြသည့်အတွက် စပီးယားလေး ငယ်ဘဝဟာ မကြောင့်မကြဘဲ ဖြတ်သန်းခဲ့သူ တစ်ယောက်ဖြစ်ခဲ့သည်။ အားကစားလိုက်စားသူ လူငယ်လေးအဖြစ် ရက်ဘီအားကစားနှင့် တောင်တက်ရတာကို ဝါသနာပါခဲ့သည်။

အရွယ်ရောက်လို့ အထက်တန်းကျောင်းတက်သည့်အခါတွင်လည်း စာတော်သူ တစ်ယောက်အဖြစ် သင်္ချာဘာသာရပ်မှာ ထူးချွန်ခဲ့သည်။ သူ့ကိုယ်သူလည်း သင်္ချာပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ဖို့ ဆန္ဒရှိခဲ့ပေမဲ့ ဖခင်ဖြစ်သူက သဘောမတူ ကန့်ကွက်ခဲ့သည်။ အဖိုးနှင့် ဖခင်ဖြစ်သူသည် အာခီတက်များ ဖြစ်ကြသည့်အတွက် စပီးယားကို အာခီတက်တစ်ယောက် အနေနှင့်သာ ရပ်တည်စေဖို့ ဖခင်ဖြစ်သူက ဆန္ဒရှိခဲ့သည်။ စပီးယား မမွေးခင်ကတည်းက မွေးလာခဲ့လျင် အာခီတက်တစ်ယောက် ဖြစ်စေရမည်ဟု ဖခင်ဖြစ်သူက သံဠိဌာန်ချမှတ်သူ ဖြစ်သည်။