၂ဝ၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇။)
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်
(၂ဝ၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)

နိဒါန်း ပြင်ဆင်ရန်

ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများနှင့် ၎င်းတို့ မိသားစုများ၏ အခြေခံလိုအပ်ချက်များကို ပြည့်မီစေရေးအတွက်လည်းကောင်း၊ အလုပ်သမားများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ရေးတို့အတွက် လည်းကောင်း ရည်ရွယ်၍ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)အမည်၊စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်များ ပြင်ဆင်ရန်

၁။(က)ဤဥပဒေကို ၂ဝ၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေဥပဒေ ဟု ခေါ်တွင်စေရမည်။

( ခ )ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က)အလုပ်သမား ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း တစ်ခုခုတွင် အလုပ်လုပ်ကိုင်ရန် အလုပ်ရှင်နှင့် သဘောတူညီချက် ပြုလုပ်၍ ကာယအား၊ ဉာဏအားကို အသုံးပြုပြီး အမြဲတမ်းအလုပ်၊ ယာယီ အလုပ်ကို လုပ်ကိုင်၍ရရှိသော အခကြေးငွေဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူကို ဆိုသည်။ ယင်းစကားရပ်တွင် အခကြေးငွေ ရရှိသော အလုပ်သင်များနှင့် ပညာသင်များ၊ စာရေးနှင့် ရုံးဝန်ထမ်းများ၊ လုပ်ငန်းခွင် ပြင်ပ အလုပ်သမားများ၊ အိမ်အကူနှင့် အိမ်ရာဉ်မောင်းများ၊ လုံခြုံရေး၊ အစောင့်ဝန်ထမ်းများနှင့် သန့်ရှင်းရေး၊ မွမ်းမံပြင်ဆင်ရေး အလုပ်သမား များလည်း ပါဝင်သည်။ သို့ရာတွင် အောက်ပါ အလုပ်သမားများနှင့် ဝန်ထမ်းများ မပါဝင်-
(၁)အလုပ်ရှင်အပေါ် မှီခို၍ အတူနေပြီး အလုပ်ရှင်၏ အလုပ်ကို လုပ်ကိုင်နေသည့် အလုပ်ရှင်၏ မိသားစုဝင်ဖြစ်သော ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘနှင့်ညီအစ်ကို မောင်နှမအရင်းများ၊
(၂)နိုင်ငံ့ဝန်ထမ်းများ၊
(၃)ပင်လယ်ကူးသင်္ဘောသားများ။
(ခ)အလုပ်ရှင် ဆိုသည်မှာ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း တစ်ခုခုတွင် သတ်မှတ်ထားသော အရေအတွက်အောက် မလျော့သော အလုပ်သမားများအား သဘောတူညီချက်ဖြင့် အလုပ်လုပ်ခိုင်းပြီး ထိုအလုပ်သမားအား အခကြေးငွေပေးရန် တာဝန်ရှိသူကိုဆိုသည်။ ယင်းစကားရပ်တွင် အောက်ပါပုဂ္ဂိုလ်များလည်း ပါဝင်သည်-
(၁)အလုပ်ရှင်၏စီမံခန့်ခွဲမှုဆိုင်ရာကိုယ်စားလှယ်၊
(၂)အလုပ်ရှင်ကိုယ်စား အလုပ်သမားအား စီမံအုပ်ချုပ်ရန် တာဝန်ရှိသူ သို့မဟုတ် အခကြေးငွေပေးရန်တာဝန်ရှိသူ၊
(၃)အလုပ်ရှင် သေဆုံးသည့်အခါ အမွေဆက်ခံသူ၊ အလုပ်ရှင် အနေဖြင့် ဆက်ခံသူ သို့မဟုတ် တရားဝင် ကိုယ်စားလှယ်၊
(၄)အစုစပ် လုပ်ငန်းဖြစ်ပါက အစုဝင်တစ်ဦးချင်းသည် လည်းကောင်း၊ အစုစပ်အားလုံးသည် လည်းကောင်း၊ လုပ်ငန်းကို ကြီးကြပ် အုပ်ချုပ်ရန် အစုစပ်လုပ်ငန်းက လွှဲအပ်ခြင်းခံရသူသည် လည်းကောင်း အလုပ်ရှင်ဖြစ်သည်၊
(၅)မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ တည်ထောင်သော ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့ သို့မဟုတ် ဒါရိုက်တာ အဖွဲ့ဝင်များသည် လည်းကောင်း၊ လုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်ရန် ကုမ္ပဏီက ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသူ၊
(၆)သမဝါယမအသင်း ဥပဒေအရ တည်ထောင်သော အသင်းဖြစ်ပါက သမဝါယမအသင်း အမှုဆောင်အဖွဲ့ သို့မဟုတ် ဒါရိုက်တာ အဖွဲ့ဝင်များ။
(ဂ)ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း ဆိုသည်မှာ အမျိုးသားကော်မတီက ဤဥပဒေပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော ကူးသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းနှင့် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းတစ်ခုခုကိုသော် လည်းကောင်း၊ ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုကိုသော်လည်းကောင်း၊ ယင်းလုပ်ငန်းများနှင့် ဆက်နွယ်သော သတ်မှတ်သည့် လုပ်ငန်းတစ်ခုခုကို သော်လည်းကောင်း ဆိုသည်။
(ဃ)စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဆိုသည်မှာ အမျိုးသား ကော်မတီက ဤဥပဒေ ပုဒ်မ ၆ အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေနှင့် မြေလွတ် မြေရိုင်း တစ်ခုခုတွင် ထွန်ယက်ခြင်း၊ မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပျိုးထောင်ခြင်း၊ ပြုစုခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် စိုက်ပျိုးရေး ထွက်ကုန် ကောက်ပဲသီးနှံများကို ရိတ်သိမ်းခြင်း၊ ခူးဆွတ်ခြင်း လုပ်ငန်းကိုသော်လည်းကောင်း၊ ကြက်၊ ဘဲ၊ ငုံး၊ ငှက်နှင့် ပျားအပါအဝင် ခြံမွေး၊ အိမ်မွေး တိရစ္ဆာန် မွေးမြူခြင်းလုပ်ငန်း၊ ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ မြည်း၊ လား၊ သိုး၊ ဆိတ်နှင့် ဝက်တို့ အပါအဝင် တိရစ္ဆာန်မွေးမြူခြင်း လုပ်ငန်း၊ ငါးနှင့်ရေသတ္တဝါ မွေးမြူခြင်း လုပ်ငန်းကို သော်လည်းကောင်း၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းကို သော်လည်းကောင်း၊ ယင်းလုပ်ငန်း တစ်ခုခုနှင့် ဆက်စပ်၍ သတ်မှတ်သည့် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုကိုသော်လည်းကောင်း ဆိုသည်။
(င)အခကြေးငွေ ဆိုသည်မှာ အလုပ်ရှင်၏ နာရီပိုင်းအလုပ်၊ နေ့စဉ်အလုပ်၊ အပတ်စဉ်အလုပ်၊ လစဉ်အလုပ် သို့မဟုတ် အခြား အချိန်ပိုင်းအလုပ် တစ်ခုခုကို အလုပ်သမားက လုပ်ကိုင် ဆောင်ရွက်ပေးရသဖြင့် ရသင့်သော အခကြေးငွေနှင့် လုပ်ခလစာ တို့ကို ဆိုသည်။ ယင်းစကားရပ်တွင် အချိန်ပိုလုပ်ခသည် လည်းကောင်း၊ အလုပ်ကောင်းမွန်သဖြင့် သို့မဟုတ် အကျင့်စာရိတ္တ ကောင်းမွန်သဖြင့် အလုပ်ရှင်မှအပိုပေးသည့် ဆုကြေးငွေများသည် လည်းကောင်း၊ ဝင်ငွေအဖြစ် သတ်မှတ်နိုင်သော အခြားငွေနှင့် အကျိုးခံစားခွင့်များသည် လည်းကောင်း ပါဝင်သည်။ သို့ရာတွင် အောက်ပါငွေကြေးများမပါဝင်-
(၁)ခရီးစရိတ်များ၊
(၂)ပင်စင်လစာနှင့်အငြိမ်းစားလုပ်သက်ဆုငွေ၊
(၃)လူမှုဖူလုံရေးအကျိုးခံစားခွင့် ငွေကြေးများ၊
(၄)နေထိုင်ခနှင့်စားသောက်စရိတ်များ၊မီးဖိုး၊ ရေဖိုးနှင့်အခွန်အခများ၊
(၅)ဆေးကုသစရိတ်နှင့်အပန်းဖြေခများ၊
(၆)အလုပ်ထုတ်နစ်နာကြေးနှင့်ကရုဏာကြေးများ၊
(၇)အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ဤဥပဒေပါ အခကြေးငွေနှင့် မသက်ဆိုင်ဟု ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သော အခြားအခကြေးငွေများ။
( စ )အဖွဲ့အစည်း ဆိုသည်မှာ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော အလုပ်သမား အဖွဲ့အစည်း သို့မဟုတ် အလုပ်ရှင် အဖွဲ့အစည်းကို ဆိုသည်။
(ဆ)အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ်များ ဆိုသည်မှာ အလုပ် သမား အဖွဲ့အစည်းနှင့် အလုပ်ရှင်အဖွဲ့အစည်းများအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များကိုသော်လည်းကောင်း၊ အလုပ်သမား အဖွဲ့အစည်း မရှိသေးပါက အလုပ်သမားများအား ကိုယ်စားပြုသည့် ကိုယ်စားလှယ် များကိုသော်လည်းကောင်း၊ အလုပ်ရှင် အဖွဲ့အစည်း မရှိသေးပါက အလုပ်ရှင်များအား ကိုယ်စားပြုသည့် ကိုယ်စားလှယ်များကို သော်လည်းကောင်း ဆိုသည်။
( ဇ )အမျိုးသားကော်မတီ ဆိုသည်မှာ ဤဥပဒေအရ အစိုးရကိုယ်စားလှယ်၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် ပါဝင်ဖွဲ့စည်းသည့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီကိုဆိုသည်။
( ဈ )ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ပြည်ထောင်စုနယ်မြေ ကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် ဖွဲ့စည်းသော အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာကော်မတီ ကိုဆိုသည်။
(ည)ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနကို ဆိုသည်။
( ဋ )ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေပါ လုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ပေးသော ဦးစီးဌာနကိုဆိုသည်။
( ဌ )စစ်ဆေးရေးအရာရှိ ဆိုသည်မှာဤဥပဒေနှင့်ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ မရှိနှင့် စပ်လျဉ်း၍ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကိုသော် လည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းကိုသော်လည်းကောင်း စစ်ဆေးရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်း ခံရသည့် အရာရှိတစ်ဦးဦးကို ဆိုသည်။

အခန်း(၂)အမျိုးသား ကော်မတီ ဖွဲ့စည်းခြင်း ပြင်ဆင်ရန်

၃။ နိုင်ငံတော်သမ္မတသည်-

(က)အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရန် အလို့ငှာ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမား အဖွဲ့အစည်း သို့မဟုတ် အလုပ်သမားများ၏ ကိုယ်စားလှယ်များ၊ အလုပ်ရှင် အဖွဲ့အစည်း သို့မဟုတ် အလုပ်ရှင်များ၏ ကိုယ်စားလှယ်များ၊ အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်ပြီး မျှတစွာ ဆောင်ရွက်မည့် အခြားပုဂ္ဂိုလ်များ ပါဝင်သည့် အမျိုးသား ကော်မတီကို အမိန့်ကြောငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းရမည်။
( ခ )ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို တစ်ပါတည်း သတ်မှတ်ပေးရမည်။ လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။
( ဂ )ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော အမျိုးသား ကော်မတီ၏ သက်တမ်းသည် သုံးနှစ်ဖြစ်ပြီး ယင်းသက်တမ်းအတွင်း လိုအပ်ပါက အဖွဲ့ဝင်များကို အစားထိုး ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၄။ အမျိုးသားကော်မတီကိုဖွဲ့စည်းရာ၌-

(က)အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် အလုပ်သမားရေးရာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေး၊ ကူးသန်း ရောင်ဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ လူမှုရေးတို့နှင့် သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ဖြစ်ရမည်။
( ခ )အလုပ်သမားနှင့်အလုပ်ရှင်တို့၏ကိုယ်စားလှယ်များသည်-
(၁)သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကျိုးကိုသော်လည်းကောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးကိုသော်လည်းကောင်း သယ်ပိုးလိုသူများ ဖြစ်ရမည်။
(၂)သတ်မှတ်ချက်နှင့်အညီ ဦးရေတူညီရမည့်အပြင် ယင်း ကိုယ်စားလှယ်များ၏ ဆန္ဒထုတ်ဖော်ရာတွင်လည်း အခွင့်အရေး တူညီရမည်။
( ဂ )အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သည့် အခြား ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ ပါဝင် ဖွဲ့စည်းနိုင်ပြီး ထိုသူသည် သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံရှိ၍ အလုပ်သမားနှင့် အလုပ်ရှင်တို့ အကြား မျှတစွာ ဆောင်ရွက်တတ်သူ ဖြစ်ရမည်။

အခန်း(၃)အမျိုးသားကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပြင်ဆင်ရန်

၅။ အမျိုးသားကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)ဥပဒေအရ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအတွက် အခြေခံသင့်သည့် အချက်များနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့် မူဝါဒများ ချမှတ်ခြင်း၊
( ခ )အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် သုတေသန ပြုလုပ်ချက်နှင့် စစ်တမ်းများကို လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြနိုင်ရန် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများ ပါဝင်သည့် ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊
( ဂ )အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးအတွက် သုတေသန ပြုလုပ်ချက်နှင့် စစ်တမ်းများကို လေ့လာစိစစ်တွက်ချက်ပြီး အကြံပြုချက်များ တင်ပြရေးနှင့်စပ်လျဉ်း၍ ချမှတ်ထားသော အမျိုးသားအဆင့် မူဝါဒများနှင့်အည ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ်ကော်မတီများအား လမ်းညွှန်ခြင်း၊
(ဃ)အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အခြေခံသင့်သည့် အချက်များနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊ စာရင်းစစ်တမ်းများ ကောက်ယူ၍ စိစစ်တွက်ချက်ခြင်း၊ စီမံကိန်းများနှင့်အစီအစဉ်များ ချမှတ်ခြင်း၊
( င )အနည်းဆုံးအခကြေးငွေကို နိုင်ငံတစ်ဝန်းလုံးအတွက် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသအလိုက် သော်လည်းကောင်း၊ ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက် သော်လည်းကောင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီများ၏ အကြံပြုချက် များကို လေ့လာစိစစ်ပြီး ဤဥပဒေအခန်း (၆) ပါပြဋ္ဌာန်းချက်များနှင့် အညီ သတ်မှတ်သင့်သည့် အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်းထားများကို အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာခြင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတညြ်ပုချက်ဖြင့် အနည်းဆုံးအခကြေးငွေ နှုန်းထားများကို သတ်မှတ်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း၊
(စ)ပုဒ်မခွဲ(င)အရ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည့် အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်းထားများတွင် အလုပ်ကျွမ်းကျင်မှုအလိုက် အလုပ်ချိန် တစ်နာရီ၊ တစ်ရက်၊ ရက်သတ္တပတ်၊ တစ်လအတွက် အခကြေးငွေ သို့မဟုတ် အခြားအချိန်ပိုင်း အလုပ်တစ်ခုခုအတွက် အခကြေးငွေ နှုန်းထားကို လုပ်ငန်းခွင်ဘေးအန္တရာယ်ရှိနိုင်မှု အလားအလာအပေါ် လေ့လာစိစစ်ပြီး ထည့်သွင်းဖော်ပြခြင်း၊
(ဆ)အမျိုးသားကော်မတီ၏ အဆိုပြုအနည်းဆုံး အခကြေးငွေ နှုန်းထားအပေါ် ကန့်ကွက်ချက်ရှိခဲ့လျှင် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် ညှိနှိုင်းစေပြီး ပြန်လည်တင်ပြသည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို အမျိုးသားကော်မတီ၏ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် စိစစ်၍ သတ်မှတ်သင့်သော အနည်းဆုံး အခကြေးငွေနှုန်းထားကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း၊
(ဇ)သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေနှုန်းထားကို ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း အမျိုးအစားအလိုက်သော် လည်းကောင်း၊ ဒေသအလိုက် သော်လည်းကောင်း အလုပ်ကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ရှိနိုင်မှုတို့ကို ခွဲခြား၍ ပြောင်းလဲလာသော အခြေအနေ အရပ်ရပ်တို့နှင့်အညီ စိစစ်ပြီး နှစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ကြေညာခြင်း၊
( ဈ )အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး၊ ပြန်လည်သုံးသပ်ရေး တို့နှင့် စပ်လျဉ်း၍ လိုအပ်သော လုပ်ငန်းကော်မတီများကို ဖွဲ့စည်းပြီး လုပ်ငန်း တာဝန်များ သတ်မှတ်ပေးခြင်း၊
(ည)အမျိုးသားကော်မတီ၏ ပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများကိုသတ်မှတ်ချက်များနှင့်အညီ ကျင်းပခြင်း၊
( ဋ )အမျိုးသားကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အခါအားလျော်စွာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခြင်း။

အခန်း(၄)လုပ်ငန်းအမျိုးအစားများ သတ်မှတ်ခြင်း ပြင်ဆင်ရန်

၆။ အမျိုးသားကော်မတီသည် ဤဥပဒေပါ အနည်းဆုံး အခကြေးငွေဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်စေရမည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်းလုံး အတွက်ဖြစ်စေ၊ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဒေသအလိုက်ဖြစ်စေ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ရမည်။ ထို့အပြင် အဆိုပါ လုပ်ငန်းများကို ပြောင်းလဲလာသော အခြေအနေနှင့်အညီ အခါအားလျော်စွာ ပြင်ဆင် သတ်မှတ်နိုင်သည်။

အခန်း(၅)အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ အခြေခံရမည့်အချက်များ ပြင်ဆင်ရန်

၇။ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီများက လေ့လာ စိစစ် တွက်ချက်ပြီး အကြံပြုရာတွင် လည်းကောင်း၊ အမျိုးသားကော်မတီက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင်လည်းကောင်း အောက်ဖော်ပြပါ အချက်များကို အခြေခံရမည်-

(က)အလုပ်သမားများနှင့် ယင်းတို့၏ မိသားစုလိုအပ်ချက်များ၊
( ခ )လက်ရှိလုပ်ခများ၊
( ဂ )လူမှုဖူလုံရေး အကျိုးခံစားခွင့်များ၊
(ဃ)စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ်တို့၏ ပြောင်းလဲချက်များ၊
( င )လိုက်လျောညီထွေမှုရှိမည့် လူနေမှုဘဝ အဆင့်အတန်း၊
( စ )နိုင်ငံတော်၏ စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး လိုအပ်ချက်များနှင့်အညီ အလုပ်အကိုင် အခွင့်အလမ်းများ၊
(ဆ)နိုင်ငံတော်၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု တန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေ၊
( ဇ )ကျန်းမာရေးကို ထိခိုက်စေနိုင်သော အသက်အန္တရာယ် ဖြစ်စေနိုင်သော အလုပ်၊ လုပ်ငန်းခွင်၏သဘောသဘာဝ၊
( ဈ )ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သော အခြားအချက်များ။

အခန်း(၆)အနည်းဆုံး အခကြေးငွေသတ်မှတ်သည့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း ပြင်ဆင်ရန်

၈။ သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီးကော်မတီနှင့် ပြည်နယ် ကော်မတီတို့သည် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အခြေခံသင့်သည့် အချက်များနှင့်ထည့်သွင်းစဉ်းစားရမည့်အချက်များကို လေ့လာပြီး သတ်မှတ်သင့်သည့် နှုန်းထားများကို အမျိုးသားကော်မတီသို့ သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အကြံပြုချက်များ တင်ပြရမည်။

၉။ အထူးစီးပွားရေးဇုန်များရှိ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍-

(က)သက်ဆိုင်ရာ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီသည် အထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားနှင့် ဝန်ထမ်းတို့အတွက် သတ်မှတ်သင့်သည့် အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်းထားများကို အမျိုးသားကော်မတီသို့ တင်ပြရမည်။
( ခ )ပုဒ်မခွဲ(က) အရ တင်ပြချက်အပေါ် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးအတွက် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသား ကော်မတီက သတ်မှတ်ပေးရမည်။

၁ဝ။ အမျိုးသား ကော်မတီသည်-

(က)ပုဒ်မ ၈ နှင့် ပုဒ်မ ၉ တို့အရ အကြံပြုချက်အပေါ် စဉ်းစားသုံးသပ်ပြီးနောက် အနည်းဆုံး အခကြေးငွေ သတ်မှတ်သည့် အဆိုပြုအမိန့်ကြော်ငြာစာကို အများ ပြည်သူသိရှိစေရန်နှင့် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် အနည်းဆုံး ရက်ပေါင်း ၆ဝ ကြိုတင်၍ နိုင်ငံတော်ပြန်တမ်းနှင့် သတင်းစာများတွင် ထည့်သွင်းထုတ်ပြန် ကြေညာရေးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အလုပ်ရှင်များနှင့် အလုပ်သမားများအား အသိပေး အကြောင်းကြားရေးတို့အတွက် ဦးစီးဌာနကို တာဝန်ပေးရမည်။
( ခ )အဆိုပြု အနည်းဆုံး အခကြေးငွေနှုန်းထား အပေါ် ကန့်ကွက်ချက်မရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူ၍ အနည်းဆုံး အခကြေးငွေ နှုန်းထားကိုသတ်မှတ်ရမည်။
( ဂ )အကယ်၍ အဆြိုပု အနည်းဆုံး အခကြေးငွေနှုန်းထားအပေါ် ကန့်ကွက်ချက် ရှိသည့်ကိစ္စတွင် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီအား ကန့်ကွက်ချက်နှင့် စပ်လျဉ်း၍ ညှိနှိုင်းစေပြီး အဆိုပြုနှုန်းထားကို ပြန်လည်တင်ပြစေရမည်။
(ဃ)သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီ ပုဒ်မခွဲ (ဂ) အရထပ်မံ အဆိုပြု တင်ပြသည့် အနည်းဆုံးအခကြေးငွေနှုန်းထားကို သုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့် စိစစ်၍ သတ်မှတ်သင့်သော အနည်းဆုံး အခကြေးငွေ နှုန်းထားကိုဆုံးဖြတ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ရယူ၍ အနည်းဆုံး အခကြေးငွေနှုန်းထားကို သတ်မှတ်ရမည်။
( င )ပုဒ်မခွဲ (ခ) သို့မဟုတ် (ဃ) အရသတ်မှတ်သော အနည်းဆုံး အခကြေးငွေ နှုန်းထားကိုပုဒ်မခွဲ (က)နှင့်အညီ အများပြည်သူ သိရှိရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊အလုပ်ရှင်နှင့် အလုပ်သမားများ သိရှိရန် ထုတ်ပြန် ကြေညာရေးနှင့် အသိပေးအကြောင်းကြားရေးတို့အတွက် ဦးစီးဌာနကို တာဝန်ပေးရမည်။

၁၁။ ပုဒ်မ ၉ နှင့် ၁ဝ တို့အရ အမျိုးသားကော်မတီက သတ်မှတ်သော အနည်းဆုံး အခကြေးငွေနှုန်းထားကို ကျေနပ်မှုမရှိသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတို့နှင့်အညီ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော်အမိန့် တစ်ရပ်ရပ်ထုတ်၍ ပြင်ဆင်ပေးရန် လျှောက်ထားနိုင်သည်။

အခန်း(၇)အလုပ်ရှင်၏ တာဝန်များ ပြင်ဆင်ရန်

၁၂။ အလုပ်ရှင်သည်-

(က)ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေအောက် လျော့နည်း၍ အလုပ်သမားအား အခကြေးငွေပေးခြင်း မပြုရ။
( ခ )ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် ပို၍ ပေးနိုင်သည်။
( ဂ )ဤဥပဒေအရ ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် အနည်းဆုံး အခကြေးငွေမှ နှုတ်ယူခွင့်ရှိသည်ဟု သတ်မှတ်ထားသော အခကြေးငွေမှအပ အခြားအခကြေးငွေကိုနှုတ်ယူခွင့်မရှိစေရ။
(ဃ)ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများအား အနည်းဆုံး အခကြေးငွေကို ငွေသားဖြင့် ပေးရမည်။ ထို့ပြင် သီးခြားအကျိုး ခံစားခွင့်များ၊ အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့်အညီ ငွေသားဖြင့် ဖြစ်စေ၊ အလုပ်သမား၏ ဆန္ဒအရ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်း တချို့တစ်ဝက်တွဲဖက်၍ ပေးနိုင်သည်။
(င)စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမား များအား အနည်းဆုံး အခကြေးငွေပေးရာတွင် ဒေသဓလေ့ထုံးတမ်းအရ ဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်း သဘောတူညီချက်အရ ဖြစ်စေ၊ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတချို့တစ်ဝက် တွဲဖက်၍ ပေးနိုင်သည်။ ထိုသို့ ပေးခြင်းသည် အလုပ်သမားနှင့် ယင်း၏ မိသားစု ကိုယ်ရေးကိုယ်တာအသုံးပြုမှုနှင့်အကျိုး အမြတ်တစ်စုံတစ်ရာအတွက် ဖြစ်ရမည့်အပြင် ပေးသည့်တန်ဖိုးမှာလည်း ကျိုးကြောင်းဆီလျော်ပြီး မျှတရမည်။

၁၃။ အလုပ်ရှင်သည်-

(က)ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ နှုန်းထားများအနက် လုပ်ငန်းနှင့်သက်ဆိုင်သော အနည်းဆုံး အခကြေးငွေ နှုန်းထားများကို အလုပ်သမားများအား အသိပေးရမည့်အပြင် လုပ်ငန်းခွင်တွင် သက်ဆိုင်ရာ အလုပ်သမားများ မြင်နိုင်စေရန် ကြော်ငြာထားရမည်။
( ခ )အလုပ်သမားများ၏ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို သတ်မှတ်ချက်များနှင့်အညီ မှန်ကန်စွာ မှတ်တမ်း ပြုစုထားရှိရမည်။
( ဂ )ပုဒ်မခွဲ (ခ) အရ ပြုစုထားရှိသော စာရင်း၊ ဇယားနှင့် စာတမ်း အမှတ်အသား များကို သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ဦးစီးဌာနသို့အစီရင်ခံရမည်။
(ဃ)စစ်ဆေးရေးအရာရှိက စစ်ဆေးရန် ဆင့်ဆိုသည့်အခါ သွားရောက် အစစ်ဆေး ခံရမည်။ ထို့ပြင် အဆိုပါ စာရင်းနှင့် မှတ်တမ်းများကို တောင်းခံသည့်အခါ တင်ပြရမည်။
( င )ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ စစ်ဆေးရေးအရာရှိ က ဝင်ရောက်စစ်ဆေးခြင်းကို ခွင့်ပြုရမည်ဖြစ်ပြီး လိုအပ်သော အကူအညီများ ပေးရမည်။
( စ )အလုပ်သမားများ ဖျားနာ၍ အလုပ်မလုပ်ကိုင်နိုင်သည့်အခါ သတ်မှတ်ချက်များနှင့်အညီ ဆေးကုသရန် အလုပ်နားခွင့်ပေးရမည်။
(ဆ)အလုပ်သမားများ၏ မိသားစုဝင် သို့မဟုတ် မိဘနာရေးကိစ္စဖြစ်သည့်အခါ အနည်းဆုံး အခကြေးငွေမှ ဖြတ်တောက်ခြင်းမပြုဘဲ သတ်မှတ်ချက် များနှင့် အညီ အလုပ်နားခွင့်ပေးရမည်။

အခန်း(၈)အနည်းဆုံး အခကြေးငွေနှင့်စပ်လျဉ်း၍ အလုပ်သမားများ၏ အခွင့်အရေးများ ပြင်ဆင်ရန်

၁၄။ဤဥပဒေနှင့် သက်ဆိုင်သည့် လုပ်ငန်းတစ်ခုခုတွင် အလုပ်လုပ်နေသော အလုပ်သမားသည်-

(က)ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို သော်လည်းကောင်း၊ ထိုအခကြေးငွေထက် အလုပ်ရှင်က ပို၍ပေးပါက ပိုပေးသည့် အခကြေးငွေကို သော်လည်းကောင်း ရထိုက်ခွင့်ရှိသည်။
( ခ )ဤဥပဒေအာဏာ မတည်မီကရရှိနေသော အခကြေးငွေသည် ဤဥပဒေအရ သတ်မှတ်သော အနည်းဆုံး အခကြေးငွေထက် ပိုမိုရရှိနေပါက ပိုမိုရရှိသော အခကြေးငွေကို ဆက်လက်ခံစားခွင့်ရှိသည်။
( ဂ )အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်ပါ အနည်းဆုံး အခကြေးငွေမှာ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် လျော့နည်းနေပါက ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို ရထိုက်ခွင့်ရှိသည်။
(ဃ)အလုပ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော အလုပ်ကို လုပ်ကိုင်သည့်အခါ လုပ်ကိုင်သော အလုပ်အသီးသီးအတွက် သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေထက် မနည်းစေဘဲ ခံစားခွင့်ရှိသည်။
( င )အချိန်ပိုင်း၊ နာရီပိုင်း၊ အလုပ်တွင် အလုပ်လုပ်သည့် အချိန်အတွက် သတ်မှတ်ထားသည့် အနည်းဆုံး အခကြေးငွေကို ခံစားခွင့်ရှိစေရမည်။
( စ )လစားအလုပ်အတွက် ရက်သတ္တတစ်ပတ်လျှင် တစ်ရက်နားခွင့်ရှိပြီး ထိုနားရက်အတွက် အခကြေးငွေ ရထိုက်ခွင့်ရှိသည်။ အကယ်၍ ထိုနားရက်တွင် အလုပ်လုပ်ရပါက တည်ဆဲဥပဒေနှင့်အညီ အချိန်ပို လုပ်ခရထိုက်ခွင့်ရှိသည်။
(ဆ)နေ့စားအလုပ်တွင် သတ်မှတ်ထားသည့် တစ်နေ့အလုပ်ချိန်နာရီထက် လျော့၍ အလုပ်လုပ်ခြင်းမှာ အလုပ်သမား၏ ဆန္ဒအရမဟုတ်လျှင်သော် လည်းကောင်း၊ အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရလျှင်သော် လည်းကောင်း အချိန်ပြည် အလုပ်လုပ်ဘိသကဲ့သို့ အခကြေးငွေ ရထိုက်ခွင့်ရှိသည်။
( ဇ )သတ်မှတ်ထားသည့် အနည်းဆုံးအခကြေးငွေကို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ ခံစားခွင့်ရှိစေရမည်။
(ဈ)ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်သော အလုပ်သမားဖြစ်ပါက အနည်းဆုံး အခကြေးငွေကို ငွေသားဖြင့် ရထိုက်ခွင့်ရှိသည်။ ထို့ပြင် သီးခြား အကျိုးခံစားခွင့်များ၊အကျိုးအမြတ်များ၊ အခွင့်အလမ်းများကို ပေးရန်ရှိပါက သတ်မှတ်ချက်များနှင့်အညီ ငွေသားဖြင့်ဖြစ်စေ၊ အလုပ်သမားများ၏ ဆန္ဒအရ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ် သောပစ္စည်း တချို့တစ်ဝက်တွဲဖက်၍ ဖြစ်စေရထိုက်ခွင့်ရှိသည်။
(ည)စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်သော အလုပ်သမား ဖြစ်ပါက အနည်းဆုံးအခကြေးငွေကို ဒေသဓလေ့ထုံးတမ်းအရ ဖြစ်စေ၊ အလုပ်သမားအများစု၏ ဆန္ဒအရဖြစ်စေ၊ စုပေါင်း သဘောတူညီချက် အရဖြစ်စေ၊ ငွေသားတချို့တစ်ဝက်နှင့် ဒေသပေါက်ဈေးနှုန်းဖြင့် သတ်မှတ်သော ပစ္စည်းတချို့တစ်ဝက်တွဲဖက်၍ အလုပ်သမားနှင့် ၎င်း၏ မိသားစုအတွက် သတ်မှတ်ချက် များနှင့်အညီခံစားခွင့်ရှိသည်။

၁၅။ ပုဒ်မ ၁၄အရအခကြေးငွေနှင့် အခြားခံစားခွင့်များ ရထိုက်ခွင့်ရှိသော အလုပ်သမား သည်-

(က)ရထိုက်ခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့်အားလုံးကို မရရှိလျှင် သော်လည်းကောင်း၊ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ အောက် လျော့နည်း၍ ရရှိလျှင်သော်လည်းကောင်း၊ အဆိုပါ နစ်နာသော အခကြေးငွေနှင့် အခြားခံစားခွင့်များ ရရှိရေးအတွက် ရထိုက်ခွင့် ရှိသည့်နေ့မှ တစ်နှစ်အတွင်း သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီနှင့် ဦးစီးဌာနသို့ တင်ပြနိုင်သည်။
( ခ )ရထိုက်ခွင့်ရှိသော အခကြေးငွေ အားလုံးအတွက် တရားမကြောင်း အရ တရားစွဲဆိုနိုင်သည်။

၁၆။ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေနှင့် အခြားခံစားခွင့် များကို အလုပ်သမားအား ပေးရန် ပျက်ကွက်ခြင်းကြောင့်သော် လည်းကောင်း၊ ထိုအနည်းဆုံး အခကြေးငွေထက် လျော့နည်း၍ အလုပ်သမားအား ပေးခြင်းကြောင့်သော် လည်းကောင်း အလုပ်ရှင်အပေါ် တရားရုံးက ပြစ်ဒဏ်ချမှတ်ပြီးနောက် ပေးရန် ပျက်ကွက်သော အခကြေးငွေနှင့် အခြားခံစားခွင့်ကို ဒဏ်ငွေအဖြစ် သက်ဆိုင်ရာ အလုပ်သမားအား ပေးရန်အမိန့် ချမှတ်စေကာမူ ပုဒ်မ ၁၄ အရ ထိုအလုပ်သမားသည် ခံစားခွင့်ရှိသော အခကြေးငွေနှင့် အခြားခံစားခွင့် အပြည့်အဝ မရရှိပါက ထိုအခကြေးငွေနှင့် ခံစားခွင့်များအတွက် တရားမကြောင်းအရ တရားစွဲဆိုတောင်းခံခွင့်ကို ထိခိုက်ခြင်းမရှိစေရ။

အခန်း(၉)စစ်ဆေးရေးအရာရှိများအား တာဝန်ပေးအပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အရေးယူခြင်း ပြင်ဆင်ရန်

၁၇။ ဝန်ကြီးဌာနသည် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို လည်းကောင်း စစ်ဆေးရန်အလို့ငှာ သက်ဆိုင်ရာ ဦးစီးဌာနမှ အရာရှိများအား စစ်ဆေးရေးအရာရှိများအဖြစ် တာဝန်ပေးရမည်။

၁၈။ စစ်ဆေးရေးအရာရှိသည်-

(က)အလုပ်ရှင်က ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ ကိုလည်းကောင်း၊ အလုပ်သမားများဆိုင်ရာ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ်အသားများ၊ အခကြေးငွေများကို မှန်ကန်စွာ မှတ်တမ်းပြုစုထားခြင်း ရှိ၊ မရှိ ကိုလည်းကောင်း၊ အဆိုပါ စာရင်း၊ ဇယားနှင့် စာတမ်း အမှတ်အသားများကို ဦးစီးဌာနသို့သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံ တင်ပြခြင်းရှိ၊ မရှိကိုလည်းကောင်း သက်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းခွင်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းခွင်များသို့ ဝင်ရောက် စစ်ဆေးခွင့် ရှိသည်။
(ခ)ဦးစီးဌာန၏ တာဝန်ပေးအပ်ချက်အရ သက်ဆိုင်သည့် ပုဂ္ဂိုလ်များအား ဆင့်ဆိုခြင်း၊ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ စာရင်း၊ ဇယားနှင့် စာတမ်းအမှတ် အသားများကို တောင်းခံခြင်းနှင့် မိတ္တူကူးယူခြင်းတို့ ပြုနိုင်သည်။
( ဂ )အလုပ်ရှင်ထံတွင် ပြင်ပ အလုပ်သမားများ ရှိပါက ထို့ပြင်ပ အလုပ်သမား များနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ ယင်းတို့၏ အမည်နှင့် နေရပ်လိပ်စာများကို စစ်ဆေးခွင့်၊ လုပ်ငန်းခွင်ပြင်ပ အလုပ်သမားများ၏ စာရင်းနှင့် အခကြေးငွေဆိုင်ရာ စာရင်းဇယားမှတ်တမ်းများကို တောင်းခံခွင့်၊ မိတ္တူကူးခွင့်ရှိသည်။
(ဃ)စစ်ဆေးခြင်းကိစ္စနှင့် စပ်လျဉ်း၍ ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) တို့အရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အလုပ်ရှင်က အထောက်အထားကို တောင်းဆိုပါက သက်ဆိုင်ရာ ဦးစီးဌာနက ထုတ်ပေးထားသည့် ဝန်ထမ်း စိစစ်ရေး သက်သေခံ လက်မှတ်ကိုပြသရမည်။
( င )ပုဒ်မခွဲ (က)၊ (ခ)နှင့် (ဂ) တို့အရ စစ်ဆေးတွေ့ရှိချက်နှင့် တောင်းခံသည့် အထောက်အထား စာရွက်စာတမ်းများနှင့် စပ်လျဉ်း၍ ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံရမည်။

၁၉။ ဦးစီးဌာနသည် ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ ပေးဆောင်ရန် ပျက်ကွက်သည့် အလုပ်ရှင်ထံမှလည်းကောင်း၊ အနည်းဆုံး အခကြေးငွေ ပေးဆောင်ရန်ကျန်ရှိသော အလုပ်ရှင်ထံမှလည်းကောင်း အလုပ်သမားက ရရန်ရှိသော အခကြေးငွေများကို ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီသို့ တင်ပြ၍ ထိုကော်မတီ၏ ဆုံးဖြတ်ချက်အရ တောင်းခံပြီးပေးရမည်။

၂ဝ။ ဦးစီးဌာနသည်ပုဒ်မ၁၉အရ တောင်းခံသော်လည်း သတ်မှတ်ပေးသောအချိန် အတွင်း အလုပ်ရှင်က အနည်းဆုံး အခကြေးငွေပေးရန် ပျက်ကွက်လျှင် ပြည်ထောင်စု နယ်မြေ ကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီ၏ သဘောတူညီချက်ဖြင့် ထိုအလုပ်ရှင်အား သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုစေရန် စစ်ဆေးရေးအရာရှိ တစ်ဦးဦးအား တာဝန်ပေးရမည်။

၂၁။ စစ်ဆေးရေးအရာရှိများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်သူအား ဦးစီးဌာန၏ ညွှန်ကြားချက်နှင့် တာဝန်ပေးအပ်ချက်တို့အရ တရားစွဲဆို နိုင်သည်။

အခန်း(၁ဝ)တားမြစ်ချက်နှင့် ပြစ်ဒဏ်များ ပြင်ဆင်ရန်

၂၂။ မည်သည့် အလုပ်ရှင်မျှ-

(က)ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေကို အလုပ်သမားအား ပေးဆောင်ရန် ပျက်ကွက်ခြင်းမရှိစေရ။
( ခ )ပုဒ်မ ၁၄ အရ အလုပ်သမား ရထိုက်ခွင့် ရှိသော အနည်းဆုံး အခကြေးငွေနှင့် အခြားခံစားခွင့်များအောက် လျော့နည်း၍ အလုပ်သမားအား ပေးခြင်းမပြုရ။
( ဂ )အလုပ်သမားများ၏ စာရင်း၊ ဇယားနှင့် စာတမ်း အမှတ်အသားများ၊ အခကြေးငွေ စာရင်းများနှင့် စပ်လျဉ်း၍-
(၁)မမှန်မကန် ရေးသွင်းခြင်း၊ လိမ်လည်၍ မှတ်တမ်းပြုစုခြင်း သို့မဟုတ် မမှန်မကန် လိမ်လည်၍ အစီရင်ခံခြင်းမပြုရ။
(၂)သက်ဆိုင်ရာ ဦးစီးဌာနသို့ သတ်မှတ်ချက်များနှင့်အညီ အစီရင်ခံ တင်ပြရန် ပျက်ကွက်ခြင်းမရှိစေရ။
(၃)စစ်ဆေးရေး အရာရှိက တောင်းခံသည့်အခါ တင်ပြရန် ပျက်ကွက်ခြင်း မရှိစေရ။
(ဃ)စစ်ဆေးရေး အရာရှိကဆင့်ဆိုလျှင် သွားရောက်စစ်ဆေးခံရန် ခိုင်လုံသော အကြောင်းမရှိဘဲ ပျက်ကွက်ခြင်း မရှိစေရ။
(င)တာဝန်အရ လာရောက်စစ်ဆေးသော စစ်ဆေးရေးအရာရှိအား ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းမပြုရ။

၂၃။ မည်သည့် အလုပ်ရှင်မဆို ပုဒ်မ ၂၂ပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ခြင်း ခံရမည်။

၂၄။ မည်သည့်အလုပ်ရှင်မျှ-

(က)အနည်းဆုံး အခကြေးငွေ အမိန့်ကြော်ငြာစာပါ စည်းကမ်းချက်ကို ဖောက်ဖျက် ခြင်းမပြုရ။
(ခ)ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေ နှုန်းထားများအနက် မိမိ၏အလုပ်သမားများနှင့် သက်ဆိုင်သော အနည်းဆုံး အခကြေးငွေ နှုန်းထားများနှင့် စပ်လျဉ်း၍ အလုပ်သမားများအား အသိပေးပြီး လုပ်ငန်းဌာနနှင့် လုပ်ငန်းခွင်တို့တွင် အလုပ်သမားများ မြင်နိုင်မည့်နေရာ၌ ကြောငြာထားရန် ပျက်ကွက်ခြင်း မရှိစေရ။

၂၅။ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၂၄ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင်ထိုသူသည် ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ခြင်းခံရမည်။

၂၆။ တရားရုံးသည် ပုဒ်မ ၂၃ နှင့် ၂၅တို့အရ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်သည့်အခါ အလုပ်ရှင်က ပေးဆောင်ရန် ပျက်ကွက်သော အခကြေးငွေကို ငွေဒဏ်အဖြစ် ချမှတ်ပြီး အလုပ်သမားအား ပေးရမည်။

၂၇။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများနှင့် အမိန့်တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူသည် သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ခြင်း ခံရမည်။

အခန်း(၁၁)အထွေထွေ ပြင်ဆင်ရန်

၂၈။ ဤဥပဒေ အာဏာမတည်မီကဖြစ်စေ၊ ဤဥပဒေ အာဏာတည်ပြီးနောက် ဖြစ်စေ ဤဥပဒေအရ သတ်မှတ်ထားသော အနည်းဆုံး အခကြေးငွေအောက် လျော့နည်း၍ ချုပ်ဆိုထားသော အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်၊ အလုပ်ခန့်ထားမှုဆိုင်ရာ နှုတ်ပဋိညာဉ် သို့မဟုတ် သဘောသက်ရောက်သော ပဋိညာဉ်ပါ အခကြေးငွေနှင့် သက်ဆိုင်သမျှ သဘောတူညီချက်သည် ဤဥပဒေနှင့် ဆန့်ကျင်သမျှ ပျက်ပြယ်စေရမည်။

၂၉။(က)နိုင်ငံ့ဝန်ထမ်းမဟုတ်သော အမျိုးသား ကော်မတီဝင်များသည် ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ချီးမြှင့်ငွေနှင့် စရိတ်များကို ခံစားခွင့် ရှိသည်။

(ခ)နိုင်ငံ့ဝန်ထမ်းမဟုတ်သော ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီ၏ အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်နယ်ကော်မတီက ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

၃ဝ။ ဤဥပဒေပါ လုပ်ငန်းတာဝန်နှင့် စပ်လျဉ်းသည့် အမျိုးသားကော်မတီ၏ ကုန်ကျ စရိတ်အဝဝကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းမှ လည်းကောင်း၊ ပြည်ထောင်စုနယ်မြေကော်မတီ၏ ကုန်ကျစရိတ်အဝဝကို နေပြည်တော် ကောင်စီ၏ အရသုံးခန့်မှန်းခြေ ငွေစာရင်းမှလည်းကောင်း၊ တိုင်းဒေသကြီး ကော်မတီနှင့် ပြည်နယ်ကော်မတီ၏ ကုန်ကျစရိတ်အဝဝကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းမှလည်းကောင်းကျခံရမည်။

၃၁။ ဝန်ကြီးဌာနသည် အမျိုးသားကော်မတီနှင့် ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီး ကော်မတီ သို့မဟုတ် ပြည်ထောင်စုကော်မတီများ၏ လုပ်ငန်း တာဝန်များနှင့် စပ်လျဉ်းသည့် ရုံးလုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်ပေးရမည်။

၃၂။ ဤဥပဒေပါ ပြစ်မှုများကို ဦးစီးဌာနက တာဝန်ပေးအပ်သော စစ်ဆေးရေး အရာရှိကသာ သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုခွင့်ရှိသည်။

၃၃။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော အမျိုးသားကော်မတီ၏ အဖွဲ့ဝင်များသည် လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ ကော်မတီ၊ တိုင်းဒေသကြီးကော်မတီ သို့မဟုတ် ပြည်နယ် ကော်မတီဝင်များသည် လည်းကောင်း ဤဥပဒေအရ လိုအပ်၍ သီးခြားတာဝန်ပေးသည့် ပုဂ္ဂိုလ် သို့မဟုတ် အခြားအဖွဲ့တစ်ခုခု၏ အဖွဲ့ဝင်များသည်လည်းကောင်း ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟု မှတ်ယူရမည်။

၃၄။ ဤဥပဒေအရ ပေးအပ်သော လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သော ကော်မတီဝင်တစ်ဦးဦးကိုဖြစ်စေ၊ စစ်ဆေးရေးအရာရှိ တစ်ဦးဦးကိုဖြစ်စေ၊ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခြင်း မပြုရ။

၃၅။ ဦးစီးဌာနသည် အနည်းဆုံး အခကြေးငွေနှင့်စပ်လျဉ်းသည့် အောက်ပါ အချက်အလက်များကို ဝန်ကြီးဌာနသို့ တင်ပြရမည်-

(က)အနည်းဆုံး အခကြေးငွေ သတ်မှတ်သည့် ကော်မတီများဖွဲ့စည်းခြင်းနှင့် ဖွဲ့စည်းပုံနည်းလမ်းများ၊
(ခ)အနည်းဆုံး အခကြေးငွေနှင့် သက်ဆိုင်သည့် လုပ်ငန်းများနှင့် ခန်မှန်း အလုပ်သမားဦးရေ၊
(ဂ)သတ်မှတ်ထားသည့်အနည်းဆုံးအခကြေးငွေများ၊
(ဃ)အနည်းဆုံး အခကြေးငွေ နှုန်းထားများနှင့် စပ်လျဉ်း၍ အခြား အရေးကြီးသော ကိစ္စများရှိပါက ထိုကိစ္စများ။

၃၆။ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်ရာတွင်-

(က)ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ)အမျိုးသား ကော်မတီနှင့်ဝန်ကြီးဌာနတို့သည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၃၇။ ဤဥပဒေ စတင်အာဏာတည်သည့် နေ့မှစ၍ အောက်ပါ အက်ဥပဒေများကို အာဏာတည်ခြင်းမှ ရပ်စဲစေရမည်-

(က)၁၉၄၉ ခုနှစ်၊ အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၉ ခုနှစ်၊ အက်ဥပဒေ အမှတ် ၆၆)၊
(ခ)လယ်ယာအလုပ်သမား အနည်းဆုံး အခကြေးငွေ (၁၉၄၈ ခုနှစ်၊ အက်ဥပဒေ အမှတ် ၄၄)။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်