ပိဏ္ဍောလဘာရဒွါဇ
အရှင်ပိဏ္ဍောလဘာရဒွါဇ သည် မြတ်စွာဘုရားရှင်၏ သာသနာတော်တွင် မကြောက်မရွံ့ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရဲတောက်သော စကားကို ပြောဆိုသည့် ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရသည်။[၁]
ပိဏ္ဍောလဘာရဒွါဇ ပြင်ဆင်ရန်
အမည်မှာ ဘာရဒွါဇ ဖြစ်၏။ ပုဏ္ဏားမျိုးရိုး ဖြစ်သည်။ ဗေဒင်သုံးပုံကို သင်ကြားတတ်မြောက်၍ ပုဏ္ဏားငါးရာတို့ကို လှည့်လည်သင်ကြားပြသကာ ဆရာလုပ်၏။ ရောက်ရာအရပ်တွင် အစာထမင်းတို့ကို မျှော်ကာတောင့်တလျက်ရှိသောကြောင့် ပိဏ္ဍောလဘာရဒွါဇ ဟုတွင်၏။[၁]
ဘုရားရှင်နှင့် တွေ့ဆုံခြင်း ပြင်ဆင်ရန်
ရာဇဂြိုဟ်တွင် မြတ်စွာဘုရား၏ တရားကို နာကြားရကာ ရဟန်းပြု၏။ မထေရ်သည် ကြီးမားသော အိုးကင်းသပိတ်ဖြင့် ယာဂုလည်း အပြည့်သောက်၏။ မုန့်လည်း အပြည့်စား၏။ ဆွမ်းလည်း အပြည့်ဘုဉ်းပေး၏။ မထေရ်၏ အစားကြီးသည့်အကြောင်းကို ရဟန်းတို့က မြတ်စွာဘုရားရှင်အား ပြောပြသဖြင့် သိရလေသည်။[၁]
မထေရ်၏ သပိတ် ပြင်ဆင်ရန်
မထေရ်သည် သူ၏ ကြီးမားသည့် သပိတ်ကို ခုတင်အောက်တွင် ထား၏။ နေ့တိုင်း အသွင်းအထုတ်ပြုရာ သပိတ်သည် အနာရေးများ ပြတ်ကုန်သည်။ ထို့ကြောင့် သပိတ်ကြီးသည် တစ်ခွက်ချက်ခန့်သာ ဆံ့တော့သည်။ ဤသည်ကို အကြောင်းပြုကာ မြတ်စွာဘုရားလည်း သပိတ်အိတ်ကို အသုံးပြုရန် ခွင့်ပြုလိုက်သည်။[၁]
ရဟန္တာဖြစ်ခြင်း ပြင်ဆင်ရန်
မထေရ်သည် တရားကို ကြိုးစားအားထုတ်ရာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူ၏။ မထေရ်သည် ရဟန္တာဖြစ်သောအခါ ကျောင်းတိုက်တစ်ခုမှ တစ်ခုသို့ကူးကာ ရဟန်းတို့အား "မဂ်တရား၊ ဖိုလ်တရားတို့၌ သံသယရှိသောသူတို့သည် မိမိအား မေးစမ်းပါ" ဟု မကြောက်မရွံ့ ခြင်္သေ့ဟောက်သံကဲ့သို့သော အသံဖြင့် ပြော၏။ မထေရ်မြတ်သည် ကောသမ္ဗီပြည့်ရှင် ဥတေနမင်းကြီးကို သရဏဂုံတည်သူ ဥပါသကာ ဖြစ်အောင် တရားဟောကြားခဲ့သည်။[၁]
ဧတဒဂ်ရခြင်း ပြင်ဆင်ရန်
မြတ်စွာဘုရားသည် ငါဘုရား၏ သားတော်ရဟန်းတို့တွင် မကြောက်မရွံ့ ခြင်္သေ့ဟောက်သံကဲ့သို့ ရဲရဲတောက် စကားကိုပြာဆိုသည့်အရာတွင် ပိဏ္ဍောလဘာရဒွါဇ သည် အသာဆုံး အမြတ်ဆုံး ဖြစ်သည်ဟု ဧတဒဂ်ပေးတော်မူ၏။[၁]