သာသနာတော်၌ လက်ျာတော်ရံ မဟာသာ၀ (၄၀)၊ လက်ဝဲတော်ရံ မဟာသာ၀က(၄၀)အားဖြင့် အသီတိ မဟာသာ၀ကတို့ ရှိခဲ့သည်။ ထင်ပေါ်ကျော်ကြားခဲ့ကြသည်။ ထိုတွင် အရှင်သာရိပုတ္တရာဦးဆောင်သည့် လကျာ် တော်ရံ မဟာသာ၀ကကြီးများထဲတွင် ဘဒ္ဒိယနာမည်ဖြင့် နှစ်ပါး ရှိ၏။ ပဉ္စဝဂ္ဂီငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ် သည့် အရှင်ဘဒ္ဒိယနှင့် သာကီဝင်မင်းမျိုးမှ ရဟန်းပြုလာသည့် အရှင်ဘဒ္ဒိယတို့ ဖြစ်သည်။ အရှင်မဟာမောဂ္ဂလာန် ဦးဆောင်သည့် လက်ဝဲတော်ရံ မဟာသာ၀များတွင် လကုဏ္ဍကဘဒ္ဒိယဆိုသည့် မထေရ်တစ်ပါးလည်း ရှိသည်။ သို့အတွက် ဘဒ္ဒိယနာမည်ဖြင့် ထင်ရှားသည် မထေရ်သုံးပါး ရှိသည်။ ယခုဘဒ္ဒိယသည်လည်း မြတ်ဗုဒ္ဓနှင့် ဆွေ မျိုးတော်စပ်သည့် ကာဠီဂေါဓာ၏ သားဖြစ်သော သာကီဝင်မင်းမျိုးဖြစ်သည့် ဘဒ္ဒိယဖြစ်သည်။

ကပိလဝတ်ပြည် သကျသာကီဝင်မင်းမျိုးတွင် ကာဠီဂေါဓာ၏ သားဖြစ်သူ ဘဒ္ဒိယ။ သူ့ကို အသားမည်း သည့် ဂေါဓာ၏သားဖြစ်သည့်အတွက် သာသနာတော်၌ 'ကာဠီဂေါဓာယပုတ္တ'ဟုလည်း ခေါ်ဝေါ်ကြသည်။ ဦးရီးတော် သုဒ္ဓေါဒနမင်းကြီးအသက်အရွယ်အားဖြင့် ကြီးရင့်လာသည့်အတွက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခြင်းငှာ မစွမ်းနိုင်သည့်အတွက် ဘုရင်သုဒ္ဓေါဒန၏ နေရာတွင် ရှင်ဘုရင်အဖြစ် တာဝန်ယူခဲ့ရသည်။ သူ့မိခင်ကား သာကီဝင်မျိုး တို့၌ အမျိုးသမီးထဲတွင် ထင်ရှားသည့်၊ ဩဇာအာဏာရှိသည့်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် အမျိုးသမီး ဖြစ်သည်။ ဘုရင်သုဒ္ဓေါနှင့် ဆွေမျိုးတော်စပ်သည်။ မင်းကြီးသည် အသက်တမ်းကြီးရင့်လာသည့်အတွက် အိုမင်း မစွမ်းဆိုသည့်အတိုင်း အိုလာသည့်အခါ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ မစွမ်းနိုင်သည့်အခါ ဘဒ္ဒိယအား မင်းအဖြစ်ကို အပ်နှင်းလျက် ကပိလဝတ်နေပြည်တော်ကို အုပ်ချုပ်စေခဲ့သည်။

သို့အတွက် ဘဒ္ဒိယသည် ရှင်ဘုရင်ဘ၀ဖြင့် သာသနတော်သို့ ဝင်ရောက်လာသည့် အမျိုးမြတ်သူဖြစ်သည်။ အမှန်အားဖြင့် ရှင်ဘုရင်ဘ၀ဖြင့် မင်းပြုလာသူများအနေဖြင့် ရှစ်သောင်းလောက်ရှိကြောင်း စာပေတွင်ဆိုထား သည့်ကို တွေ့ရသည်။ ထိုတွင် နာမည်ကြီးမင်းများဖြစ်သည့် မဟာကပ္ပိနမင်း၊ ဘဒ္ဒိယမင်း၊ ပုက္ကုသာတိအစရှိသော မင်းတို့လည်း ပါဝင်ခဲ့သည်။ အရှင်အနုရုဒ္ဒါရဟန်းပြုဖို့ ခွင့်တောင်းရာတွင် ရှင်ဘုရင်ဖြစ်သည့် ဘဒ္ဒိယမင်း ရဟန်း ဝတ်လျှင် သင်လည်းလိုက်ပြီးဝတ်ဆိုသည့် မိခင်ဖြစ်သူ၏ မဖြစ်နိုင်ဘူးဆိုသည့် ခွင့်ပြုချက်ဖြင့် အနုရုဒ္ဓါအား ခွင့် ပြုမိန့်တောင်းခဲ့မှုသည် အလွဲကြီး လွဲခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဘဒ္ဒိယမင်းကို သွားတိုင်ပင်စဉ် ကြည်ကြည် ဖြူဖြူဖြင့်ပင် သာသနာ့ဘောင်သို့ဝင်ရောက်ရန် သဘောတူညီမှု ရရှိခဲ့သည်။ သို့အတွက် သာကီမင်းသာ(၆)ယောက်၊ ဥပါလိ(ဆတ္တာသည်)တို့နှင့်အတူ ရဟန်းပြုခဲ့သည်။ အနုပိယတောအုပ်တွင်ပင် ဝါတွင်းသုံးလပတ်လုံး တရားဘာ၀နာ ရှုမှတ်ပွားများရင်း ရဟန္တာဖြစ်ခဲ့သည့် မထေရ်ဖြစ်သည်။

ထိုအရှင်သည် အမျိုးမြတ်ခြင်းတွင် ဧတဒဂ်ဘွဲ့ထူး ချီးမြှင့်ခံခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် မိမိ၏ ဆွေမျိုးတို့သည် သာကီဝင်မင်းမျိုးများ ဖြစ်ကြသည်။ မိမိ၏ မိခင်သည် သာကီဝင်မင်းမျိုးတို့တွင် ဩဇာတိက္ကမကြီးရင့် သူဖြစ်သည်။ မိမိကိုယ်တိုင်လည်း သာကီဝင်မင်းတို့၏ မင်းအဖြစ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဘဒ္ဒိယမထေရ်သည် ဘ၀ငါးရာ မင်းမျိုး၌ဖြစ်ခဲ့သောကြောင့်လည်း အမျိုးမြတ်ခြင်းအရာ၌ ဧတဒဂ်ဘွဲ့ထူးရရှိခဲ့ ခြင်းဖြစ်သည်။ ထိုအရှင်မြတ်၏ အတိတ်ကိုဘ၀ဇာတ်ကြောင်းကို ခြေရာကောက်ကြည့် မိသည်။

လွန်ခဲ့သော ကမ္ဘာတစ်သိန်းက ပဒုမုတ္တိုရ်ဘုရား ပွင့်တော်မူခဲ့သည်။ ထိုစဉ် ဘဒ္ဒိယမထေရ်လောင်းသည် အခြားသောမြို့သူမြို့သားများ မြတ်ဗုဒ္ဓအား မုန့်ခဲဖွယ်လောင်းလှူကြသည်ကို အားကျလျက် ဘုရားအမှူးရှိသော သံဃာတော်များအား ရတနာပလ္လင်တစ်သိန်း၊ နူးညံ့သိမ်မွေ့သည့် ကော်ဇောအခင်းတစ်သိန်း၊ သားမွေးကော်ဇော ချပ်တစ်သိန်း၊ ပိုးချည်ဖြင့်ပြုလုပ်ထားသော အခင်းပေါင်းတစ်သိန်း၊ ခေါမချည်ဖြင့်ရက်လုပ်ထားသည့် အခင်းပေါင်း တစ်သိန်း၊ ဝါချည်ဖြင့်ပြုလုပ်ထားသည့် အခင်းပေါင်းတစ်သိန်းအားဖြင့် မြင့်မြတ်သူတို့အားသာ ထိုက်တန်သည့် နေရာတို့ကို ခင်းကျင်းကာ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုအလှူဒါနကြောင့် (၇၄)ကြိမ် သိကြားမင်းအဖြစ်၊ (၅၁)ကြိမ်တိုင်တိုင် စကြ၀တေးမင်းအဖြစ်၊ အကြိမ်(၁၀၀၀) ပဒေသရာဇ်မင်းအဖြစ်တို့ကို ရရှိခဲ့ပြီး၊ လူ့ဘ၀ နတ်ဘ၀ဆိုသည့် ကောင်းမွန်သည့် သုဂတိဘုံဘ၀သို့ ရောက်ရှိခဲ့သည်။


ကဿပဘုရားရှင်ပွင့်ပြီးနောက် ဘုရားမပွင့်တော့သည် ဗုဒ္ဓန္တရခေတ်တွင် ဗာရာဏသီပြည်၌ ထင်ရှားသည့် သူဌေးသူကြွယ် ဖြစ်ခဲ့သည်။ တစ်ရက်တွင် ဂန္ဓမာဒနတောင်၌ သီတင်းသုံးနေထိုင်ကြသည့် ပစ္စေဗုဒ္ဓါအရှင်မြတ် (၈)ပါးတို့ ဗာရာဏသီပြည်သို့ ဆွမ်းခြွံကလာကြသည်။ ထိုစဉ် အရှင်မြတ်များအတွက် ဂင်္ဂါမြစ်ဘေးတွင် ကျောက် ဖျာချော ရှစ်ချပ်လှူဒါန်းခြင်း၊ ခြေဆေးရန်ရေအတွက် လှူဒါန်းခြင်း၊ ဆွမ်းသင်္ကန်းကျောင်းဆေးစသည့် ပစ္စည်း လေးပါးတို့ကိုလည်း ရာသက်ပန်လှူဒါန်းခဲ့သည်။ ထိုကုသိုလ်ကောင်းမှုကြောင့် အပါယ်မလားဘဲ နတ်ပြည် လူ့ပြည် ၌သာ ကျင်လည်ခဲ့ရသည်။ ဤကား အရှင်မြတ်အနေဖြင့် ကျင်လည်ဖြတ်သန်းခဲ့သော အတိတ်ပုံရိပ်များ ဖြစ်သည်။


လူသားဘ၀နှင့် ရဟန်းဘ၀သည် မတူညီပေ။ ကွာခြားလှပေသည်။ အထူးသဖြင့် ချမ်းသာကြွယ်၀သူ များနှင့် ဩဇာအာဏာရှိသည့်ဘ၀နှင့် နှိုင်းယှဉ်လျှင် ပိုမိုပြီးတော့ ကွားခြားလိမ့်မည်ဟု ထင်ပေသည်။ အဘယ့် ကြောင့်ဆိုသော် အာရက္ခဒုက္ခများကြောင့် ဖြစ်သည်။ ချမ်းသာသူများသည် ချမ်းသာသည့်အားလျော်စွာ စိတ်ဆင်း ရဲကြရသည်။ ဆင်းရဲသူများသည်လည်း ထိုနည်းအတိုင်းပင်။ လောကီစည်းစိမ်ဆိုသည့်မှာ မရှိတောင်းတ၊ ရှိကြောင့်ကြဆိုသည့်အတိုင်းပင် မရှိဆင်းရဲ။ ရှိဆင်းရဲပင် ဖြစ်သည်။ ဘဒ္ဒိယသည်လည်း လူသားဘ၀တုန်းက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသည့် ကျော်ဇောမှုဒဏ်ကြောင့်လည်းကောင်း၊ ပိုင်ဆိုင်မှုဒဏ်ကြောင့်လည်း မိမိ၏ အသက်စည်းစိမ်တို့ကို ကြောင့်ကြစိုက်နေရသည်။ တစ်ခါတလေ ညများဆိုလျှင် အိပ်၍ပင် မပျော်ပိုက်ခဲ့ပေ။

တိုင်းပြည်တစ်ခု၏ ရှင်ဘုရင်တစ်ပါးသည် လုပ်ငန်းဆောင်တာ များသည်။ တိုင်းပြည်၏ စီမံကိန်းများကို ရေးဆွဲရသည်။ ကျူးကျော်မှုမရှိအောင် ပြင်ဆင်ရသည်။ ကျူးကျော်လာလျှင်လည်း တုံ့ပြန်နိုင်အောင် စီမံထား ရသည်။ တိုင်းပြည်၏အရေးကိစ္စမှန်သမျှသည် ရှင်ဘုရင်၏ လက်ထဲတွင် ရှိသည်။ သူစီမံသည့်အတိုင်း ရှင်သန် ကြရသည်။ ကောင်းကောင်းဆိုးဆိုး လက်ခံကြရသည်။ အများနည်းတူ မြူးတူးပျော်ပါး၍ မရ။ အစစအရာရာ ဣန္ဒြေသိက္ခာဖြင့် စောင့်စည်းပြီး နေထိုင်ရသည်။ အစစအရာရာ ဂရုစိုက်ရသည်။ အစောင့်အရှောက်များနှင့် နေ ထိုင်ခဲ့ရသည်။ စည်းစိမ်ချမ်းသာထက် စိတ်ချမ်းသာမှု မရခဲ့သည့်အဆုံး မွမ်းကျပ်မှုတွေနှင့် အချိန်တွေကို ကျော် ဖြတ်ခဲ့ရသည်။ ကုန်ဆုံးခဲ့ရသည်။

ယခုသော်လည်း ရဟန်းဘ၀သည် ထိုကဲ့သို့သော မွမ်းကျပ်မှုများ မရှိတော့။ သန့်ရှင်းလတ်ဆတ်ပေါ့ပါး စွာ နေထိုင်ခဲ့ရသည်။ ပစ္စည်းဥစ္စာချမ်းသာမှုထက် စိတ်ချမ်းသာမှုသည် ပိုမိုပြီးအရေးကြီးကြောင်း သိသည်။ စိတ်ချမ်းသာမှု၏ တန်ဖိုးကို နားလည်သည်။ သဘောပေါက်သည်။ အနှစ်သာရရှိရှိ ဖြစ်တည်မှု၏ အငြိမ်းဓာတ်ကို ကျေကျေနပ်နပ် လက်ခံရရှိခဲ့သည်။ သို့အတွက် မရှိခြင်းကြောင့် ချမ်းသာမှု၏ အရသာကို မြိန်ရေယှက်ရေ အရ သာရှိရှိ သုံးဆောင်ခံစားရသည်ကို သဘောကျသည်။ နှစ်သက်သည်။ မထေရ်မြတ်သည် တောတွင်နေထိုင်ခြင်း ကသာ များသည်။ ထို့ကြောင့် တောတောင်ကြီးကို ကြည့်လျက် မကြာခဏ ကျူးရင့်လေ့ ရှိသည်။

အဟော သုခံ၊ အဟော သုခံ=အော် ချမ်းသာလေစွ၊ ချမ်းသာလေစွတကား ထိုကျူးရင့်မှုအသံကို မကြာခဏ ကြားရသည် တချို့ရဟန်းများအနေဖြင့် ဘဒ္ဒိယမထေရ်အား ကဲ့ရဲ့ကြသည်။ အပြစ်တင်ကြသည်။ မိမိ၏ မင်းစည်းစိမ်ကို ပြန်လည်အောက်မေ့အမှတ်ရ သတိရခြင်းဖြစ်လျက် ထိုကဲ့သို့ မင်းစည်းစိမ်၏ ချမ်းသာမှု ကို 'ချမ်းသာလေစွ၊ ချမ်းသာလေစွ'ဟု မြည်တမ်းနေကြောင်း ပြောကြသည်။ ထိုသို့သောကိစ္စကြောင့် မြတ်ဗုဒ္ဓသည် ဘဒ္ဒိယမထေရ်အား အကျိုးကြောင်းမေးမြန်းလျက် အခြားရဟန်းတော်များ၏ သံသယဝိစိကိစ္ဆာများကို ဖြေဖျောက် တော်မူရသည်။

အရှင်ဘုရား၊ တပည့်တော်သည် အဖိုးများစွာထိုက်တန်တဲ့ ရွှေခွက်ကို စွန့်လွှတ်ပြီး၊ မြေသပိတ်ကို ကိုင်စွဲခဲ့သည်။ ဒါဟာ တပည့်တော်အတွက် ဒုတိယအကြိမ်မြောက် အဘိသိက်သွန်းလောင်းခြင်း ဖြစ်ပါတယ် ဘုရား။ ယခင်က တပည့်တော်အနေနဲ့ အစောင့်အရှောက်တွေ အထပ်ထပ်ချပြီးတော့ အိပ်စက်ခဲ့ရသော်လည်း အိပ်မပျော်ခဲ့ရတဲ့ညတွေ များပြားခဲ့ပါတယ်ဘုရား။ ယခုအခါမှာတော့ တပည့်တော်မှာ ထိုကဲ့သို့ ထိတ်လန့်ကြောက် ရွံ့စရာတစ်ခုမှ မရှိပါဘုရား။ တစ်ပါးတည်းနေလျက် တောအုပ်ထဲတွင် သမာပတ်ဝင်စားပြီး နေထိုင်နိုင်ပါပြီဘုရား၊ ထိုသို့သောအကြောင်းများကြောင့် 'အဟော သုခံ အဟော သုခံ'ဆိုပြီး တပည့်တော် ကျူးရင့်ခြင်း ဖြစ်ပါတယ် ဘုရား ထို့နောက် ရဟန်းတော်များသည် မိမိတို့တွေးထင်လျက် အရှင်မြတ်အပေါ် အထင်အမြင်မှားများ ပျောက်သွား ကြရသည်။ ဤအကြောင်းအရာနှင့် ဆက်စပ်၍ မြတ်ဗုဒ္ဓသည် ရဟန်းတို့အား ချမ်းသာအစစ် ခံစားခြင်းဖြစ်သည့် သုခဝိဟာရဇာတ်တော်ကို ဟောကြားတော်မူသည်။

ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစည်းစိမ် စိုးစံစဉ်အချိန် ဘုရားအလောင်းသည် ဥဒိစ္စပုဏ္ဏား သူကြွယ်မျိုး၌ ဖြစ်၏။ ချမ်းသာကြွယ်၀သော်လည်း လောကီအာရုံ ကာမဂုဏ်ခံစားခြင်း၏ အပြစ်တို့ကို သိရှိသည့် အတွက် စည်းစိမ်တို့ကို စွန့်ပယ်ကာ ဟိမဝန္တာသို့ဝင်ပြီး ရသေ့ရဟန်း ပြုခဲ့သည်။ ဈာန်သမာပတ်တို့နှင့် ပြည့်စုံသည်။ ရသေ့အပေါင်း ငါးရာတို့ ခြံရံလျက် ရှိသည်။ မိုးတွင်းကာလ၌ ဟိမဝန္တာတွင် မနေထိုင်ဘဲ ဗာရာဏသီမင်း စိုးစံရာ မြို့ကြီးသို့ ထွက်လာခဲ့ပြီး မင်းကြီး၏ ဥယျာဉ်တော်၌သာ သီတင်းသုံးနေထိုင်ကြသည်။ မင်းကြီးသည် ရသေ့များကို အလွန်ပင်ကြည်ညိုလေးစားသူ ဖြစ်သည်။

ထိုသို့ဝါတွင်းကာလပတ်လုံး နေထိုင်ပြီး၍ ရသေ့များသည် နေမြဲဖြစ်သည့် ဟိမဝန္တာသို့ ပြန်လည်ပြီး ကြွချီတော်မူကြရန် မင်းကြီးအား ကြားသိစေသည်။ မင်းကြီးသည် အသက်အရွယ် အိုမင်းကြီးရင့်နေပြီဖြစ်သည့် ဘုရားလောင်းရသေ့ကြီးအား ဟိမဝန္တာသို့ ပြန်မြွကစေတော့ဘဲ မိမိ၏ဥယျာဉ်တွင်သာ ဆက်လက်သီတင်းသုံးနေ ထိုင်ဖို့ တောင်းပန်ခဲ့၍ ထိုဥယျာဉ်တွင်သာ နေခဲ့သည်။ အခြားအခြားသော ရသေ့များသည် ဟိမဝန္တာသို့ အသီး သီး ပြန်ကြွကြသည်။ ထိုဘုရားလောင်း ခေါင်းဆောင်ရသေ့ကြီး၏ နေရာတွင် အခြားတစ်ပါးက အစားထိုးကာ တာဝန်ယူပြီး ရသေ့များကို ဦးဆောင်လျက် နေထိုင်ကြသည်။

ကာလအတန်ကြာတော့ ထိုရသေ့များကို အုပ်ချုပ်သည့် ရသေ့တစ်ပါးသည် မိမိ၏ ဆရာရသေ့ဖြစ်သူထံသို့ ပြန်ကြွလာခဲ့သည်။ ဘုရားလောင်းရသေ့ကြီးကို ဖူးတွေ့ပြီးသည့်နောက်တွင် ဖျာတစ်ချပ်စာရှိသော နေရာတွင်လဲ လျောင်းလျက် အိပ်နေခဲ့လိုက်သည်။ ပါးစပ်မှလည်း တတွတ်တွတ်ရွတ်နေခဲ့သည်။ ထိုစဉ် ဘုရင်မင်းမြတ်သည် ရသေ့ကြီးထံ ရောက်လာခဲ့သည်။ ရသေ့ကြီးထံတွင် အခြားရသေ့တစ်ပါးသည် လဲလျောင်းလျက် အနေအထားအတိုင်း 'ချမ်းသာစွ၊ ချမ်းသာစွ'ဟု ရေရွတ်လျက် မထဘဲ အိပ်မြဲအိပ်နေခဲ့သည်။ ထိုအခြင်းအရာကို မြင်တော့ ဘုရင်မင်း မြတ်သည် ဘုရားလောင်းရသေ့ကြီးအား မေးမြန်းလျှောက်ထားလိုက်သည်။

အရှင်ရသေ့ကြီး၊ ဘယ်နှယ်လဲဘုရား၊ အရှင်ဘုရားရဲ့ဘေးမှာ အိပ်စက်နေတဲ့ ရသေ့ဟာ စိတ်ရှိတိုင်း စားသောက်ပြီး ဥဒါန်းပင် ကျူးရင့်ပြီး ချမ်းသာစွာ အိပ်နေပုံရတယ် ဆိုပြီး လျှောက်တင်လိုက်သည်။

မင်းကြီး၊ အဲဒီလို မဟုတ်ဘူး။ ဒီရသေ့ဟာလည်း လူ့ဘ၀တုန်းက သင်မင်းကြီးလို ရှင်ဘုရင်တစ်ပါးပဲ။ လက်နက်ကိုင်အစောင့်တွေ အထပ်ထပ်ချပြီးတော့ နေခဲ့ရပေမယ့် ချမ်းသာမှုကို မရခဲ့ရှာဖူး။ အခု ရသေ့အဖြစ်နဲ့ နေမှ ရသေ့ဘ၀ ချမ်းသာနဲ့ ဈာန်ချမ်းသာအပေါ် နှစ်သက်ကျေနပ်ပြီး ချမ်းသာစွ၊ ချမ်းသာစွလို့ ဥဒါန်းကျူးရင့် နေခဲ့ခြင်း ဖြစ်တယ် မိန့်တော်မူလိုက်သည်။ ဤရသေ့သည်ကား ယခုအခါ ဘဒ္ဒိယမထေရ်ဖြစ်လာသည်။

ဝတ္ထုကာမ၊ ကိလေသာကာမ အာရုံတို့၏ နှိပ်စက်မှုဒဏ်မှ လွတ်မြောက်လျက် နေထိုင်ခြင်းသည် ချမ်းသာ အစစ်ဖြစ်ကြောင်း ချမ်းသာအစစ်ကို ဟောတော်မူသည်။ ယခုအခါ၌ အရှင်ဘဒ္ဒိယမထေရ်သည် ထိုကဲ့သို့ အနှောက် အယှက်မျိုး တစိုးတစိမျှ မရှိသည့် သန္တိသုခနိဗ္ဗာန်ချမ်းသာ အစစ်ကို ခံစားနေပြီ ဖြစ်သည်။ သို့အတွက် ထိုအရှင်မြတ်၏ ဂုဏ်ကျေးဇူးများကို ဦးညွတ်လိုက်ရပေတော့သည်။

ကိုးကား ပြင်ဆင်ရန်

  • တိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၂၀၁၁)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ဆဋ္ဌမတွဲ)။ သာသနာရေးဦးစီးဌာန။ pp. ၁၇၇-၁၈၁။
  • အပါဒါအဋ္ဌကထာ ဒုတိယတွဲ -၁၅၀-၁၅၆