အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အောက်ဖော်ပြပါ ဥပဒေမူသည် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁) အရ ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၄ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။

အခန်း(၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ပြင်ဆင်ရန်

၁။ ဤဥပဒေကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -

  • (က) သတင်းအချက်အလက် (Information) ဆိုရာတွင် အချက်အလက် (Data) မူရင်းစာ (Text) ပုံရိပ်သဏ္ဌာန် (Image) အသံ (Voice)၊ ဗီဒီယို (Video)၊ သင်္ကေတ (Code)၊ ဆော့ဖ်ဝဲ (Software)၊ အပလီကေးရှင်း (Application) နှင့် အချက်အလက် အစုအဝေး (Database) တို့ ပါဝင်သည်။
  • (ခ) အီလက်ထရောနစ်မှတ်တမ်း (Electronic Records) ဆိုသည်မှာ သတင်းအချက်အလက် စနစ်တစ်ခုတွင် သော်လည်းကောင်း၊သတင်းအချက်အလက် စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ ပေးပို့ရေးအတွက် သော်လည်းကောင်း၊ အလင်းတန်း ဖြတ်သန်းခြင်းနည်း (Optical means) ဖြင့်ဖြစ်စေ၊ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ သတင်းအချက်အလက် တစ်ခုခုကို ဖြစ်ပေါ်စေသော၊ ပေးပို့သော၊ လက်ခံရယူသော သို့မဟုတ် သိုမှီးထိန်းသိမ်းသော အထောက်အထားမှတ်တမ်းကို ဆိုလိုသည်။
  • (ဂ) အီလက်ထရောနစ်အချက်အလက်သတင်းလွှာ (Electronic Data message) ဆိုသည်မှာ အီလက်ထရောနစ် အချက်အလက် အပြန်အလှန်ပို့ဆောင်သည့် အီးဒီအိုင်စနစ် (Electronic data interchange)၊ ဖက်စ်၊ အီးမေးလ်၊ ကြေးနန်း၊ တဲလက်စ်နှင့် တယ်လီကော်ပီတို့ အပါအဝင် အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ၊ အလင်းတန်း ဖြတ်သန်းခြင်း နည်းဖြင့်ဖြစ်စေ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ ဖြစ်ပေါ်စေသော ပေးပို့သော၊ လက်ခံရယူသော သို့မဟုတ် သိုမှီးထိန်းသိမ်းသော သတင်းအချက်အလက်ကို ဆိုလိုသည်။
  • (ဃ) ကွန်ပျူတာ ဆိုသည်မှာ သတင်းအချက်အလက်နှင့် မှတ်တမ်းများရယူခြင်း၊ ထားရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ပေးပို့ခြင်း၊ သိုမှီးထိန်းသိမ်းခြင်း၊ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ခြင်းနှင့် လိုအပ်သောအချိန်၌ ပြန်လည်ဖော်ထုတ်၍ အသုံးပြုခြင်းတို့ကို လည်းကောင်း၊ သင်္ချာဆိုင်ရာနှင့် ယုတ္တိဗေဒဆိုင်ရာ နည်းလမ်းများ အသုံးပြု ဆောင်ရွက်ခြင်းကို လည်းကောင်း၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ၊ သံလိုက်ဓာတ်ဖြင့် ဖြစ်စေ၊ အလင်းတန်း ဖြတ်သန်းခြင်းနည်း ဖြင့်ဖြစ်စေ၊ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ ဆောင်ရွက်နိုင်သည့် ပစ္စည်း ကိရိယာကို ဆိုလိုသည်။
  • (င) ကွန်ပျူတာကွန်ရက် (Computer network) ဆိုသည်မှာ ဂြိုဟ်တုမှတဆင့်ဖြစ်စေ၊ အခြားနည်း နည်းပညာတစ်ရပ်ရပ်မှ တစ်ဆင့်ဖြစ်စေ၊ ကွန်ပျူတာအချင်းချင်း ချိတ်ဆက်အသုံးပြုသော ကွန်ရက်စနစ်ကို ဆိုလိုသည်။
  • (စ) အီလက်ထရောနစ် ထိုးမြဲလက်မှတ် (Electronic signature) ဆိုသည်မှာ အီလက်ထရောနစ် မှတ်တမ်း၏ ပင်ရင်း စစ်မှန်ကြောင်းနှင့် ပြင်ဆင်မှု သို့မဟုတ် အစားထိုးမှု မရှိကြောင်းတို့ကို အတည်ပြုရန် အီလက်ထရောနစ် နည်းပညာဖြင့်ဖြစ်စေ၊ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ ကိုယ်တိုင် သို့မဟုတ် ကိုယ်စား စီစဉ်ထားသည့် သင်္ကေတသို့မဟုတ် အမှတ်အသားကို ဆိုသည်။
  • (ဆ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ (Certification authority) ဆိုသည်မှာ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် စပ်လျဉ်း၍ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် ကြီးကြပ်မှုအဖွဲ့က ဤဥပဒေ ထုတ်ပေးသည့် လိုင်စင်ကို ရရှိသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
  • (ဇ) သက်သေခံလက်မှတ် (Certificate) ဆိုသည်မှာ လက်မှတ်ရေးထိုးသူနှင့် ထိုးမြဲလက်မှတ် ဖန်တီးသော အချက်အလက်တို့၏ ဆက်နွယ်မှုကို သေချာစေသည့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ သို့မဟုတ် အခြားမှတ်တမ်းအဖြစ် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ငှားရမ်းသုံးစွဲသူ (Subscriber) အား ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။
  • (ဈ) မူလဆောင်ရွက်ပေးပို့သူ (Originator) ဆိုသည်မှာ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို ဖန်တီးရန်ဖြစ်စေ၊ စတင်ဆောင်ရွက်ရန် ဖြစ်စေ၊ ပေးပို့ရန်ဖြစ်စေ၊ ဆောင်ရွက်သူသို့မဟုတ် ထိုသူ၏ ကိုယ်စားလှယ်ကို ဆိုသည်။ ယင်းစကားရပ်တွင် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် စပ်လျဉ်း၍ အခြားသူ တစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ပေးသည့် ကြားခံဆောင်ရွက်သူ မပါဝင်။
  • (ည) လက်ခံသူ (Addressee) ဆိုသည်မှာ မူလဆောင်ရွက်ပေးပို့သူက ပေးပို့သည့် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို လက်ခံရရှိစေရန် ရည်ရွယ်သည့် ပုဂ္ဂိုလ်ကို ဆိုသည်။ ယင်းစကားရပ်တွင် အီလက်ထရောနစ် မှတ်တမ်းသို့မဟုတ် အီလက်ထရောနစ် အချက်အလက်သတင်းလွှာနှင့် စပ်လျဉ်း၍ အခြားသူ တစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ပေးသည့် ကြားခံဆောင်ရွက်သူ မပါဝင်။
  • (ဋ) ငှားရမ်းသုံးစွဲသူဆိုသည်မှာ သက်သေခံလက်မှတ်တွင် နည်းပညာတစ်ရပ်ရပ်အရ အမည်ဖော်ပြထားသော အီလက်ထရောနစ် ထိုးမြဲလက်မှတ် ရေးထိုးသူအမှတ်ဖြစ်ကြောင်း သတ်မှတ်ခြင်း ခံရသည့် ပုဂ္ဂိုလ် ကိုဆိုသည်။
  • (ဌ) ကိုယ်ရေးဆိုင်ရာအချက်အလက် ဆိုသည်မှာ လူတစ်ဦးတစ်ယောက်နှင့် ဆက်နွှယ်သည့် မည်သူမည်ဝါအဖြစ် အတည်ပြုပြီးသော သို့မဟုတ် အတည်ပြုနိုင်သော မည်သည့်အချက်အလက်ကိုမဆို ဆိုသည်၊။
  • (ဍ) ကိုယ်ရေးဆိုင်ရာအချက်အလက်ကို စီမံထိန်းသိမ်းရန်တာဝန်ရှိသူ ဆိုသည်မှာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊​ ဤဥပဒေပါ ပြဋ္ဌာန်းချက်အရဖြစ်စေ ကိုယ်ရေးဆိုင်ရာအချက်အလက်ကို ကောက်ခံခြင်း စုဆောင်းသိမ်းဆည်းခြင်းနှင့် အသုံးပြုခြင်းတို့အား ဆောင်ရွက်နိုင်သည့် အခွင့်အာဏာရှိသော အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ တာဝန်ပေးအပ်ခြင်းခံရသောပုဂ္ဂိုလ်နှင့် ယင်း၏ ဝန်ထမ်းများကို ဆိုသည်။
  • (ဎ) စီမံခန့်ခွဲခြင်း ဆိုသည်မှာ ကိုယ်ရေးဆိုင်ရာအချက်အလက်ကို ကောက်ယူခြင်း၊ ရယူခြင်း၊ လွှဲပြောင်းခြင်း၊ ဖြန့်ဝေခြင်း။ တွဲဖက်ဆောင်ရွက်ခြင်း၊ ဖျက်ဆီးခြင်း၊ မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်း၊ သိမ်းဆည်းခြင်း၊ ပြောင်းလဲခြင်း၊ သိမ်းဆည်းထားသည်များကို ပြန်လည်ကောက်ယူခြင်း၊ အကြံပြုခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ထုတ်ဖော်ခြင်းကိုဆိုသည်။
  • (ဏ) ဆိုက်ဘာအရင်းအမြစ် ဆိုသည်မှာ ကွန်ပျူတာ၊ ကွန်ပျူတာစနစ်၊ ကွန်ပျူတာပရိုဂရမ် သို့မဟုတ် ပရိုဂရမ်၊ ကွန်ရက်၊ ဆက်သွယ်ရေးပစ္စည်းနှင့် အချက်အလက်တို့ကို ဆိုသည်။
  • (တ) မော်လ်ဝဲရ် (Malware) ဆိုသည်မှာ ဆိုက်ဘာအရင်းအမြစ်အား အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် အန္တရာယ်ဖြစ်စေသော အဖျက်အမှောင့်ကုဒ် (Malicious Code)ကို ဆိုသည်။
  • (ထ) ဆိုက်ဘာနယ်ပယ် (Cyber Space) ဆိုသည်မှာ သတင်းအချက်အလက် နည်းပညာ အခြေခံကွန်ရက်စနစ်တွင် ဆိုက်ဘာအရင်းအမြစ်များကိုအသုံးပြု၍ သတင်းအချက်အလက်၊ အချက်အလက်အစုအဝေး၊ အီလက်ထရောနစ် သတင်းအချက်အလက်၊ ကွန်ပျူတာပရိုဂရမ်ဆော့ဖ်ဝဲ (Software)၊ အပလီကေးရှင်း (Application) တစ်ခုခုကိုအသုံးပြုပြီး အီလက်ထရောနစ် သတင်းအချက်အလက်များအား ကွန်ရက်တစ်ခုတွင်ဖြစ်စေ၊ ကွန်ရက်အချင်းချင်း ချိတ်ဆက်၍ဖြစ်စေ၊ အပြန်အလှန်အားဖြင့် ပေးပို့ခြင်း၊ ဆက်သွယ်ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် လက်ခံရယူခြင်း ဆောင်ရွက်နိုင်သည့် ဝန်းကျင်နယ်ပယ်ကို ဆိုသည်။
  • (ဒ) ဆိုက်ဘာတိုက်ခိုက်မှု ဆိုသည်မှာ ဆိုက်ဘာနယ်ပယ်အတွင်း ဆိုက်ဘာအရင်းအမြစ် တစ်ရပ်ရပ်ကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားလုံခြုံရေး သို့မဟုတ် အများပြည်သူ၏ လုံခြုံရေးနှင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးရေးတို့ကို ရည်ရွယ်သည့် တိုက်ခိုက်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေပးကူညီခြင်း၊ လှုံ့ဆော်ခြင်း သို့မဟုတ် ကြံရာပါအဖြစ်ဆောင်ရွက်ခြင်းကို ဆိုသည်။
  • (ဓ) ဗဟိုအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဗဟိုအဖွဲ့ကို ဆိုသည်။
  • (န) ဝန်ကြီးဌာန ဆိုသည်မှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို ဆိုသည်။
  • (ပ) ကြီးကြပ်မှုအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှု အဖွဲ့ကို ဆိုသည်။

အခန်း(၂) ရည်ရွယ်ချက်များ ပြင်ဆင်ရန်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • (က) ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာဖြင့် အထောက်အကူ ပြုနိုင်ရန်။
  • (ခ) အီလက်ထရောနစ် ဆက်သွယ်ရေး နည်းပညာဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်။
  • (ဂ) ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ ပြည်တွင်း ပြည်ပ ဆက်သွယ်ဆောင်ရွက်သည့် ကိစ္စများတွင် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာများ၏ စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှုကို အသိအမှတ်ပြုပြီး ဥပဒေအရ အကာကွယ်ပေးနိုင်ရန်။
  • (ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ပြည်တွင်းပြည်ပ သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးပို့ခြင်း၊ လက်ခံဖမ်းယူခြင်းနှင့် သိုမှီးထိန်းသိမ်းခြင်းတို့ ပြုလုပ်နိုင်ရန်။
  • (င) ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပအစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ ထိရောက်လျင်မြန်စွာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရန်။
  • (စ) အမျာ:ပြည်သူတို့၏ကိုယ်ရေးဆိုင်ရာ အချက်အလက်များကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်။

အခန်း(၃) သက်ဆိုင်ခြင်း ပြင်ဆင်ရန်

၄။

  • (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ပြည်တွင်းပြည်ပဆက်ဆံမှု၊ လုပ်ငန်းဆက်စပ်ဆောင်ရွက်မှု၊ စီစဉ်မှု၊ သဘောတူညီမှု၊ ပဋိညာဉ်ချုပ်ဆိုမှု၊ သတင်းအချက်အလက်ဖလှယ်မှုနှင့် သိုမှီးထိန်းသိမ်းမှုများ အပါအဝင် စီးပွားရေးနှင့် သက်ဆိုင်သော ကိစ္စရပ်တွင်ဖြစ်စေ၊ စီးပွားရေးနှင့် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်များတွင်ဖြစ်စေ အသုံးပြုသည့် အီလက်ထရောနစ်မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ အမျိုးအစား တစ်မျိုးမျိုးနှင့် သက်ဆိုင်စေရမည်။
  • (ခ) မည်သူမဆို ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် ကျူးလွန်လျှင် ဖြစ်စေ၊ ပြည်တွင်းမှ ပြည်ပသို့လည်းကောင်း၊ ပြည်ပမှ ပြည်တွင်းသို့လည်းကောင်း၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည်။

၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် အောက်ပါတို့နှင့် သက်ဆိုင်ခြင်းမရှိစေရ -

  • (က) အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ - ၂၊ ပုဒ်မခွဲ (ဇ)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသောသေတမ်းစာ၊
  • (ခ) လွဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ အက်ဥပဒေ ပုဒ်မ-၁၃ တွင် အဓိပ္ပာယ် ဖွင့်ဆိုထားသော လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊
  • (ဂ) ယုံကြည်အပ်နှံမှု အက်ဥပဒေ ပုဒ်မ-၃ တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသော ယုံကြည်အပ်နှံမှု။
  • (ဃ) ကိုယ်စားလှယ်လွှဲအပ်ခြင်း အက်ဥပဒေအရ ပေးအပ်သော ကိုယ်စားလှယ်စာ
  • (င) ပိုင်ဆိုင်ခွင့်ဆိုင်ရာ စာတမ်းအမှတ်အသားများ။
  • (စ) တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားသည့် စာချုပ်စာတမ်းများ။
  • (ဆ) ဝန်ကြီးဌာနက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုသော ကိစ္စများ။

အခန်း(၄) အီလက်ထရောနစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ ပြင်ဆင်ရန်

၆။ အစိုးရအဖွဲ့သည် -

  • (က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အဖွဲ့ဝင်မျာအဖြစ်လည်းကောင်း ပါဝင်စေလျက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းရမည်။
  • (ခ) ဗဟိုအဖွဲ့ကို ဖွဲ့စည်းရာတွင် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့ကို သတ်မှတ် တာဝန် ပေးနိုင်သည်။
  • (ဂ) ဗဟိုအဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၇။ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

  • (က) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာကို တစ်ဆင့်ပြီးတစ်ဆင့် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း။
  • (ခ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝပြီး ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုဖြစ်စဉ်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း။
  • (ဂ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ထိရောက်လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှု ပြုလုပ်နိုင်ရေးအတွက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ မူဝါဒများ၊ ဥပဒေရေးရာများ၊ စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ ရှိစေရန် ဆောင်ရွက်ပေးခြင်း။
  • (ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ခြင်း။
  • (င) ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း။
  • (စ) မိမိ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သောလုပ်ငန်း အဖွဲ့များ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း။

၈။ ဗဟိုအဖွဲ့သည် လိုအပ်ပါက မိမိ၏ လုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို သင့်လျော်သည့် အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်တာဝန် ပေးနိုင်သည်။

အခန်း(၅) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ ပြင်ဆင်ရန်

၉။ ဗဟိုအဖွဲ့သည် -

  • (က) ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်နိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့် အီလက်ထရောနစ် ဆက်သွယ်ရေး ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းရမည်။
  • (ခ) ကြီးကြပ်မှုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၀။ ကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အောက်ပါ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရမည် -

  • (က) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ဆောင်ရွက်နိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း။
  • (ခ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ငှားရမ်းသုံးစွဲသူတို့အကြား ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများကို သတ်မှတ်ခြင်း။
  • (ဂ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူကလုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက် ရမည့် စည်းကမ်းချက်များနှင့် စံများကိုလည်းကောင်း၊ ထိုသူက ထိန်းသိမ်းရမည့် စာရင်းတွင် မှတ်တမ်းတင်ထားရမည့် အသေးစိတ် အချက်အလက်များကိုလည်းကောင်း သတ်မှတ်ခြင်း။
  • (ဃ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ၏ ဝန်ထမ်းများတွင် ရှိရမည့် အရည်အချင်းနှင့် လုပ်ငန်း အတွေ့အကြုံများကို သတ်မှတ်ခြင်း။
  • (င) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ငှားရမ်းသုံးစွဲသူတို့အကြား အကျိုးစီးပွားနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သော အငြင်းပွားမှုများကို ဖြေရှင်းခြင်း။
  • (စ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ တစ်ဦးတည်းဖြစ်စေ၊ အခြားသက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်သည့် အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ် ဆောင်ရွက်ရေးစနစ် တည်ထောင်မှုကို အကူအညီပေးခြင်း။
  • (ဆ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ထုတ်ဖော်ထားသော အများပြည်သူ အသုံးပြုမည့် အသေးစိတ် အချက်အလက်များ ပါဝင်သည့် အချက်အလက် အစုအေ၀းကို ထိန်းသိမ်းခြင်း။
  • (ဇ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ သိုမှီးထိန်းသိမ်းထားသည့် မှတ်တမ်းစာရင်း၊ အချက်အလက်နှင့် အထောက်အထားများကို လိုအပ်ပါက ကူးယူခြင်း၊ မိတ္တူကူးယူခြင်း၊ ထုတ်နှုတ်ယူခြင်းနှင့် ယင်းတို့ကို စစ်ဆေးခြင်း။
  • (ဈ) ကွန်ပြုတာစနစ်တစ်ခု၏ လုပ်ငန်းလည်ပတ်မှုနှင့် ယင်းနှင့်သက်ဆိုင်သည့် ပစ္စည်းကိရိယာကို ဤဥပဒေအရ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ အသုံးပြုနေသည် သို့မဟုတ် အသုံးပြုပြီးဖြစ်သည်ဟု သံသယဖြစ်ရန် အကြောင်းရှိပါက ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်း။
  • (ည) ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်သော အချက်အလက် အထောက်အထား များကို ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ဖော်ထုတ်ရယူခြင်း
  • (ဋ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ၏ ဆောင်ရွက်ချက်များကို စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်း။
  • (ဌ) ဤဥပဒေနှင့် ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း ရှိ/မရှိ စိစစ်နိုင်ရန် လိုအပ်သလို စုံစမ်းစစ်ဆေးခြင်း။
  • (ဍ) ပြည်ပနိုင်ငံများ၏ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအား သတ်မှတ်ချက်များနှင့် အညီ အသိအမှတ်ပြုခြင်း။
  • (ဎ) မိမိ၏ ဆောင်ရွက်ချက်များကို သတ်မှတ်ချက်များနှင့် အညီ ဗဟိုအဖွဲ့သို့ တင်ပြခြင်း။
  • (ဏ) ဗဟိုအဖွဲ့ကဖြစ်စေ၊ ဝန်ကြီးဌာနကဖြစ်စေ အခါအားလျော်စွာ ပေးအပ်သည့် အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။

၁၁။ ကြီးကြပ်မှုအဖွဲ့သည် လိုအပ်ပါက မိမိ၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့် တစ်ရပ်ရပ်ကို အဖွဲ့ဖွဲ့စည်း၍ ဖြစ်စေ၊ ကျွမ်းကျင်သူ တစ်ဦးဦးအားဖြစ်စေ ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် လွှဲအပ်တာဝန် ပေးနိုင်သည်။

အခန်း(၆) သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူ ပြင်ဆင်ရန်

၁၂။ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းသည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူအဖြစ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုပါက လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကြီးကြပ်မှုအဖွဲ့သို့ လျှောက်ထားရမည်။
၁၃။ ကြီးကြပ်မှုအဖွဲ့သည် ပုဒ်မ - ၁၂ အရလိုင်စင်လျှောက်ထားချက်ကို စိစစ်ပြီး ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား စည်းကမ်း ချက်များသတ်မှတ်၍ လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
၁၄။ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် -

  • (က) ကွန်ပျူတာဟတ်ဒ်ဝဲ (Hardware)၊ ဆော့ဖ်ဝဲနှင့် ကွန်ပျူတာလုပ်ထုံးများကို ဝင်ရောက် နှောက်ယှက်ခြင်း၊ အလွဲသုံးစားပြုခြင်းတို့ ဖြစ်ပေါ်ခြင်း မရှိစေရန် ယုံကြည်စိတ်ချရသော စနစ်ကို အသုံးပြုရမည်။
  • (ခ) မိမိရည်ရွယ်သော လုပ်ငန်း၏ ဆောင်ရွက်မှုနှင့် ကိုက်ညီသော ဝန်ဆောင်မှုလုပ်ငန်းတွင် သင့်လျော်သော ယုံကြည်အားထားရမှု အဆင့်တစ်ရပ်ကို သတ်မှတ်ပေးရမည်။
  • (ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ၏ လျှို့ဝှက်ထားရှိမှုကို လုံခြုံမှု နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။
  • (ဃ) သတ်မှတ်ထားသော စံများကို လိုက်နာဆောင်ရွက်ရမည်။
  • (င) အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်၏ အသေးစိတ် အချက်အလက်များကို ဖော်ပြရမည်။
  • (စ) သက်သေခံလက်မှတ် ထုတ်ပေးခြင်းနှင့် သက်ဆိုင်သော မိမိလက်တွေ့ ဆောင်ရွက်ပေးနိုင်မှုကို ဖော်ပြရမည်။
  • (ဆ) ထုတ်ပေးသည့် သက်သေခံလက်မှတ်၏ ယုံကြည်အားထားရမှုကိုဖြစ်စေ၊ တာဝန်ခံနိုင်မှု သို့မဟုတ် အာမခံနိုင်မှုကိုဖြစ်စေ၊ ယင်း၏ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နိုင်မှုကို ဖြစ်စေ၊ ထိခိုက်စေနိုင်သည့် အချက်များကို ဖော်ပြရမည်။
  • (ဇ) သက်သေခံလက်မှတ်တွင် ခွင့်ပြုထားသော အခြေအနေကြောင့် ဖြစ်စေ၊ ကွန်ပျူတာစနစ်၏ ချို့ယွင်းမှုကြောင့် ဖြစ်စေ ထိခိုက်မှုဖြစ်ပေါ်လာနိုင်သော အခြေအနေများရှိလာပါက -
    • (၁) ထိခိုက်မှုဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်အား ဖြစ်နိုင်သည့် နည်းလမ်းဖြင့် အသိပေး အကြောင်းကြားရမည်။
    • (၂) အထက်ပါ အခြေအနေနှင့် ဖြစ်ပေါ်မှုများအတွက် သက်သေခံ လက်မှတ်ကို လက်တွေ့ဆောင်ရွက်ရာ၌ လိုက်နာရန် သီးခြား သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ ဆောင်ရွက်ရမည်။
  • (ဈ) ကြီးကြပ်မှုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရမည်။

၁၅။

  • (က) ပုဒ်မ-၁၃ အရ ထုတ်ပေးသည့် လိုင်စင်ကို ရရှိသော သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူသည် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ ခွင့်ပြုမိန့်ရရှိရေးအတွက် အဆိုပြုချက်ကို တင်ပြရာတွင် ကြီးကြပ်မှုအဖွဲ့က ထုတ်ပေးသော လိုင်စင်နှင့်အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လျှောက်ထားရမည်။
  • (ခ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ လိုအပ်ပါက ကြီးကြပ်မှုအဖွဲ့၏ သဘောထားမှတ်ချက်ကို တောင်းခံနိုင်သည်။

အခန်း(၇) ငှားရမ်းသုံးစွဲသူ ပြင်ဆင်ရန်

၁၆။

  • (က) ငှားရမ်းသုံးစွဲသူအဖြစ် ဆောင်ရွက်လိုသူသည် သက်သေခံလက်မှတ် ရရှိရန် သတ်မှတ်ချက်များ နှင့်အညီ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူထံ လျှောက်ထားရမည်။
  • (ခ) သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး စည်းကမ်းချက်များ သတ်မှတ်၍ သက်သေခံလက်မှတ် ထုတ်ပေးခြင်း သို့မဟု် သက်သေခံ လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၇။ ငှားရမ်းသုံးစွဲသူသည် -

  • (က) အီလက်ထရောနစ် ထိုးမြဲလက်မှတ် ထုတ်ဖော်သည့်အချက်အလက်ဖြင့် တရားဝင်သော ထိုးမြဲ လက်မှတ်ကို အသုံးပြုသည့်အခါ ယင်းထုတ်ဖော်သည့် အချက်အလက်ကို အခြားသူများ တရားမဝင် အသုံးပြုခြင်း မခံရစေရန် ဂရုစိုက်ရမည်။
  • (ခ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်အတွက် ထုတ်ပေးထားသော သက်သေခံလက်မှတ်ကို ခွင့်ပြုထားသော သက်တမ်းကာလအတွင်း အသုံးပြုရာတွင် မိမိနှင့် သက်ဆိုင်သည့် အကြောင်းအရာများသော်လည်းကောင်း၊ ထပ်မံထည့်သွင်းရန် ဖြစ်သည့် အကြောင်းအရာများ သော်လည်းကောင်း တိကျပြည့်စုံပြီး မှန်ကန်မှုရှိစေရန် ဂရုစိုက်ရမည်။
  • (ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်ထုတ်ဖော်သည့် အချက်အလက်လျှို့ဝှက်မှု ပေါက်ကြားလျှင် ဖြစ်စေ၊ လျှို့ဝှက်မှု ပေါက်ကြားနိုင်သည့် အခြေအနေမျိုး ရောက်ရှိနေလျှင်ဖြစ်စေ၊ သက်သေခံလက်မှတ် ထုတ်ပေးနိုင်ခွင့် ရှိသူက စီစဉ်ပေးသည့် အတိုင်းသော်လည်းကောင်း၊ သင့်လျော်သည့် အစီအစဉ်ဖြင့် သော်လည်းကောင်း၊ မိမိ၏ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် လုပ်ငန်း ဆက်စပ် ပတ်သက်နေသူများထံ နှောက်နှေးကြန့်ကြာခြင်း မရှိစေဘဲ အကြောင်းကြားရမည်။

၁၈။ ပုဒ်မ-၁၇ တွင် ဖော်ပြထားသော အချက်များကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာ ဆုံးရှုံးမှု အကျိုးဆက်များအတွက် ငှားရမ်းသုံးစွဲသူတွင် တာဝန်ရှိစေရမည်။

အခန်း(၈) အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ ပြင်ဆင်ရန်

၁၉။

  • (က) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ စာဖြင့် ရေးသားရမည်ဟုလည်းကောင်း၊ လက်မှတ် ရေးထိုးရမည်ဟု လည်းကောင်း၊ ပြဋ္ဌာန်းထားသည့် အကြောင်းအရာများကို အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်တို့ဖြင့် ပြုလုပ်နိုင်သည်။
  • (ခ) ပုဒ်မခွဲ(က)အရ ပြုလုပ်ထားသော အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်များသည် သက်ဆိုင်ရာ ဥပဒေအရ ပြုလုပ်ဘိသကဲ့သို့ တရားဝင်စေရမည်။

၂၀။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ပေးပို့ခြင်း၊ လက်ခံရယူခြင်းနှင့် သိုမှီးထိန်းသိမ်းခြင်းတို့ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။ သို့ရာတွင် မိမိတို့အချင်းချင်း သီးခြားသဘောတူညီချက် ရှိပါက ထိုသဘောတူညီသည့် နည်းလမ်းနှင့်အညီ ဆောင်ရွက်နိုင်သည်။

အခန်း(၉) အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်သည့် ပဋိညာဉ်များ ပြင်ဆင်ရန်

၂၁။ ပဋိညာဉ်ပြုလုပ်ရာတွင် ပဋိညာဉ်ပြုလုပ်သူများအကြား အခြားနည်းဖြင့် သဘောတူညီချက် မရှိလျှင် ကမ်းလှမ်းခြင်း၊ ကမ်းလှမ်းချက်ကို လက်ခံခြင်းနှင့် အခြားလိုအပ်သော အချက်အလက် ပြုလုပ်ခြင်းတို့ကို အီလက်ထရောနစ် နည်းပညာဖြင့် ဆောင်ရွက်နိုင်သည်။
၂၂။ အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာတို့ကို မူလဆောင်ရွက် ပေးပို့သူ ကိုယ်တိုင်က ဖြစ်စေ၊ ယင်း၏ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူက ဖြစ်စေ၊ ကိုယ်တိုင် သို့မဟုတ် ယင်း၏ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူက အလိုအလျောက် ဆောင်ရွက်ရန် စီစဉ်ပြုလုပ်ထားသော သတင်းအချက်အလက်စနစ် ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင် မူလဆောင်ရွက်ပေးပို့သူ၏ အီလက်ထရောနစ် မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာဖြစ်သည်ဟု မှတ်ယူရမည်။
၂၃။ လက်ခံသူသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ကိုက်ညီလိုပါက မူလဆောင်ရွက်ပေးပို့သူ၏ သတင်းအချက်အလက်၊ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ အမှတ်အဖြစ် သတ်မှတ်ချက်များနှင့်အညီ မှတ်ယူပြီး ဆောင်ရွက်ခွင့်ရှိသည် -

  • (က) လက်ခံသူနှင့် မူလဆောင်ရွက်ပေးပို့သူတို့ သဘောတူညီထားသည့် နည်းလမ်းနှင့်အညီ အသုံးပြု ပေးပို့ခဲ့ခြင်း။
  • (ခ) မူလဆောင်ရွက် ပေးပို့သူနှင့် ဆက်နွယ်မှုရှိသူက ဖြစ်စေ၊ မူလဆောင်ရွက်ပေးပို့သူ၏ ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူက ဖြစ်စေ ပေးပို့သည်ကို လက်ခံသူက လက်ခံရရှိခြင်းဖြစ်ပြီး မူလဆောင်ရွက် ပေးပို့သူ အသုံးပြုသည့် နည်းလမ်းဖြင့် ပေးပို့ခဲ့ခြင်း။

၂၄။ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို ပေးပို့ဆဲ ဖြစ်စေ၊ မပေးပို့မီဖြစ်စေ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် -

  • (က) အောက်ပါတစ်နည်းနည်းဖြင့် လက်ခံရရှိကြောင်းကို အသိအမှတ်ပြုနိုင်သည် -
      • (၁) လက်ခံသူက ကိုယ်တိုင်ဖြစ်စေ၊ အလိုအလျောက်နည်းဖြင့် ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့်ဖြစ်စေ ဆက်သွယ် ပြန်ကြားခြင်း။
      • (၂) လက်ခံသူက လက်ခံရရှိပြီးဖြစ်ကြောင်း မူလဆောင်ရွက်ပေးပို့သူသို့ လုံလောက်သော ညွှန်ပြမှု တစ်ခုခု ပြုလုပ်ခြင်း။
  • (ခ) လက်ခံရရှိကြောင်း အသိအမှတ်ပြုခြင်းနှင့် စပ်လျဉ်း၍ သီးခြားသဘောတူညီချက် ပြုလုပ်နိုင်သည်။

၂၅။ အီလက်ထရောနစ် မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ လက်ခံကြောင်း အသိအမှတ်ပြုချက်ကို လက်ခံရရှိမှသာ အတည်ဖြစ်ရမည်ဟု မူလဆောင်ရွက်ပေးပို့သူက -

  • (က) သတ်မှတ်ထားသည့် ကိစ္စတွင် လက်ခံကြောင်း အသိအမှတ်ပြုချက်ကို လက်ခံရရှိခဲ့ခြင်း မရှိလျှင် မူလဆောင်ရွက်ပေးပို့သူက မည်သည့်အခါမျှ ပေးပို့ခဲ့ခြင်းမရှိဟု မှတ်ယူရမည်။
  • (ခ) သတ်မှတ်ထားခြင်း မရှိသည့် ကိစ္စတွင် သီးခြားသတ်မှတ် သဘောတူညီထားသည့် အချိန်အတွင်း ဖြစ်စေ၊ အချိန်ကို သတ်မှတ်ထားခြင်း မရှိပါက သင့်လျော်သည့် အချိန်အတွင်းဖြစ်စေ၊ လက်ခံကြောင်း အသိအမှတ်ပြုချက်ကို မူလဆောင်ရွက်ပေးပို့သူက လက်ခံရရှိခြင်း မရှိလျှင် မူလဆောင်ရွက်ပေးပို့သူသည် ထိုသို့ မရရှိကြောင်း လက်ခံသူသို့ အကြောင်းကြားနိုင်သည်။

၂၆။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့အကြား ပို့လွှတ်သည့် အချိန်နှင့် လက်ခံသည့် အချိန်တို့နှင့် စပ်လျဉ်း၍ သီးခြား သဘောတူညီချက် မရှိလျှင် အီလက်ထရောနစ် မှတ်တမ်းသို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို -

  • (က) ပို့လွှတ်သည့်အချိန်သည် မူလဆောင်ရွက်ပေးပို့သူ သို့မဟုတ် ယင်း၏ကိုယ်စားလှယ်၏ ထိန်းချုပ်မှုပြင်ပရှိ သတင်းအချက်အလက် စနစ်အတွင်းသို့ ဝင်ရောက်သည့်အချိန်ဖြစ်သည်။
  • (ခ) လက်ခံသည့်အချိန်သည် အောက်ပါအတိုင်း ဖြစ်သည် -
      • (၁) သတ်မှတ်ထားသော သတင်းအချက်အလက်စနစ်အတွင်းသို့ ဝင်ရောက်သည့်အချိန်။
      • (၂) လက်ခံသူက သတ်မှတ်ထားခြင်းမရှိသော သတင်းအချက်အလက်စနစ်ကို အသုံးပြုခဲ့ပါက လက်ခံသူက လက်ခံရရှိသည့် အချိန်။
      • (၃) သတ်မှတ်ထားသော သတင်းအချက်အလက်စနစ် မရှိပါက လက်ခံသူ၏ သတင်း အချက်အလက် စနစ်အတွင်းသို့ ဝင်ရောက်သည့်အချိန်။

၂၇။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် -

  • (က) သီးခြားသဘောတူညီချက်မရှိလျှင် မူလဆောင်ရွက်ပေးပို့သူ၏ လုပ်ငန်းတည်ရှိသော နေရာကို ပို့လွှတ်သည့် နေရာဟုလည်းကောင်း၊ လက်ခံသူ၏ လုပ်ငန်းတည်ရှိသော နေရာကို လက်ခံသည့်နေရာဟု လည်းကောင်း မှတ်ယူရမည်။
  • (ခ) စီးပွားရေးလုပ်ငန်းကို တစ်နေရာထက်ပို၍ လုပ်ကိုင်ပါက အဓိက စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် နေရာကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် နေရာမရှိပါက ထိုသူအမြဲတမ်း နေထိုင်သော နေရာကိုလည်းကောင်း အဖွဲ့အစည်းဖြစ်ပါက ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင် ထားသော နေရာကိုလည်းကောင်း အမြဲတမ်းနေရပ်လိပ်စာဟု မှတ်ယူရမည်။

အခန်း(၁၀) စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း ပြင်ဆင်ရန်

၂၈။ ကြီးကြပ်မှုအဖွဲ့သည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက လိုင်စင်စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်ဖြစ်စေ အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ချမှတ်နိုင်သည် -

  • (က) သတ်မှတ်ထားသောဒဏ်ကြေးငွေတပ်ရိုက်ခြင်း။
  • (ခ) လိုင်စင်ကိုကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း။
  • (ဂ) လိုင်စင်ကိုပယ်ဖျက်ခြင်း။

၂၉။ သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူသည် ငှားရမ်းသုံးစွဲသူက သက်သေခံလက်မှတ်ပါ စည်းကမ်း ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ ထိုသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။

  • (က) သက်သေခံလက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း။
  • (ခ) သက်သေခံလက်မှတ်ကို ပယ်ဖျက်ခြင်း။

အခန်း(၁၁) ပြင်ဆင်ပေးရန် လျှောက်ထားခြင်းနှင့် အယူခံခြင်း ပြင်ဆင်ရန်

၃၀။

  • (က) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက သက်သေခံလက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ သက်သေခံလက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် အဆိုပါ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ကြီးကြပ်မှုအဖွဲ့ထံ ပြင်ဆင်ပေးရန် လျှောက်ထားနိုင်သည်။
  • (ခ) ကြီးကြပ်မှုအဖွဲ့သည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူက ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၃၁။

  • (က) ကြီးကြပ်မှုအဖွဲ့က လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ သတ်မှတ်ထားသော ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ လိုင်စင်ကို အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပုဒ်မ-၃၀၊ ပုဒ်မခွဲ(ခ)အရ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကိုဖြစ်စေ မကျေနပ်သူသည် အဆိုပါ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ဗဟိုအဖွဲ့သို့ အယူခံနိုင်သည်။
  • (ခ) ဗဟိုအဖွဲ့သည် ကြီးကြပ်မှုအဖွဲ့က ချမှတ်သောအမိန့်သို့မဟုတ် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၃၂။ ဗဟိုအဖွဲ့က ပုဒ်မ-၃၁၊ ပုဒ်မခွဲ(ခ)အရ ချမှတ်သည့် အဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း(၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များ ပြင်ဆင်ရန်

၃၃။ မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး (၇)နှစ်မှ အများဆုံး (၁၅)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် -

  • (က) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း။
  • (ခ) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက်တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချိခြင်း။

၃၄။ မည်သူမဆို အောက်ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် (၅)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -

  • (က) အီလက်ထရောနစ်မှတ်တမ်း အီလက်ထရောနစ်အချက်အလက် သတင်းလွှာသို့မဟုတ် ကွန်ပျူတာပရိုဂရမ် တစ်ခုလုံးကိုဖြစ်စေ၊ ပရိုဂရမ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ မရိုးမဖြောင့်သော သဘောဖြင့် ပေးပို့ခြင်း၊ နှောက်ယှက်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်း။
  • (ခ) မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရှိဘဲ ကျွန်ပျူတာကွန်ရက်အတွင်း ဆက်သွယ်မှု တစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှု တစ်ခုခုတွင် ပါဝင်သည့် အချက်တစ်ရပ်ရပ်ကို အသုံးပြုခြင်း သို့မဟုတ် အခြားသူ တစ်ဦးဦးသို့ ထုတ်ဖော်ခြင်း။
  • (ဂ) ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက် မရှိဘဲ ထိုသူ၏ လုံခြုံမှုအဆင့် ထားရှိသောအမှတ်၊ စကားဝှက် သို့မဟုတ် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်အသုံးပြုခြင်း။
  • (ဃ) အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း။

၃၅။ မည်သည့်သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူ၊ ယင်း၏အရာရှိသို့မဟုတ် ဝန်ထမ်းမဆို ကြီးကြပ်မှု အဖွဲ့က ထုတ်ပြန်သောအမိန့်ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၃)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၆။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်များပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၇။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

  • (က) သက်သေခံလက်မှတ်ရရှိရန် လျှောက်ထားရာတွင်ဖြစ်စေ၊ သက်သေခံလက်မှတ်ကို ရပ်ဆိုင်းရန် သို့မဟုတ် ရုပ်သိမ်းရန် တင်ပြရာတွင်ဖြစ်စေ မိမိ၏ အထောက်အထားသို့မဟုတ် အသုံးပြုခွင့်ကို သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူထံ သိလျက်နှင့် မမှန်မကန် တင်ပြခြင်း။
  • (ခ) ဤဥပဒေနှင့် အညီ လုပ်ငန်းတာဝန်များဆောင်ရွက်သော ဗဟိုအဖွဲ့နှင့် ယင်းကတာဝန်လွှဲ အပ်ခြင်း ခံရသည့်အဖွဲ့သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ကြီးကြပ်မှုအဖွဲ့နှင့် ယင်းကတာဝန်လွှဲ အပ်ခြင်း ခံရသည့် အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း၊ တားဆီးခြင်း၊ လက်ရောက်မှုပြုခြင်း သို့မဟုတ် ဤဥပဒေနှင့်အညီ ဆောင်ရွက်ရန် တောင်းဆိုချက်ကို လိုက်နာရန်ပျက်ကွက်ခြင်း။

၃၈။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန်အားထုတ်လျှင်ဖြစ်စေ၊ ပူးပေါင်းကြံစည်၍ ပြစ်မှုမြောက်သော ပြုလုပ်မှုကို ပြုလုပ်လျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်။

အခန်း(၁၃) အထွေထွေ ပြင်ဆင်ရန်

၃၉။ အစိုးရဌာန၊ အဖွဲ့အစည်းများသည် အောက်ပါကိစ္စရပ်များအတွက် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာဖြင့် ပြုလုပ်ခြင်းကို တရားဝင် အသိအမှတ်ပြု ဆောင်ရွက်ရမည် -

  • (က) စာတမ်းအမှတ်အသားများကို တင်သွင်းခြင်း၊ လက်ခံခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း။
  • (ခ) ခွင့်ပြုချက်လိုင်စင်နှင့် သဘောတူညီချက်များ ထုတ်ပေးခြင်း။
  • (ဂ) ပေးချေရမည့် ငွေကြေးကို တောင်းဆိုခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်းနှင့် လက်ခံပြေစာ ထုတ်ပေးခြင်း။

၄၀။ အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်သူများသည် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာတို့၏ လိုအပ်သည့် လုံခြုံမှုအမျိုးအစားနှင့် အဆင့်တို့ကို သတ်မှတ်ပြီး မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် နည်းလမ်းများကို ရွေးချယ်အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။
၄၁။ ဝန်ကြီးဌာနသည် သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ဆောင်ရွက်နိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်နှင့် စပ်လျဉ်း၍ လိုင်စင်သက်တမ်း၊ လိုင်စင်ခနှင့် လိုင်စင်သက်တမ်း တိုးမြှင့်ခတို့ကို သတ်မှတ်ရမည်။
၄၂။ ကြီးကြပ်မှုအဖွဲ့သည် ဤဥပဒေအရ ရရန်ရှိသည့် အခကြေးငွေနှင့် ဒဏ်ကြေးငွေများပေးဆောင်ရန် ပျက်ကွက်သူထံမှ ထိုအခကြေးငွေနှင့် ဒဏ်ကြေးငွေများကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံခွင့် ရှိသည်။
၄၃။ ဝန်ကြီးဌာနသည် -

  • (က) အစိုးရဝန်ထမ်း မဟုတ်သော ဗဟိုအဖွဲ့အဖွဲ့ဝင်များအား ချီးမြှင့်ငွေ သတ်မှတ်ခံစားခွင့် ပြုနိုင်သည်။
  • (ခ) ဗဟိုအဖွဲ့၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရမည့်အပြင် ကုန်ကျစရိတ်ကိုလည်း ကျခံရမည်။

၄၄။ ဤဥပဒေအရ တရားစွဲဆိုရာတွင် ဗဟိုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။
၄၅။ ဤဥပဒေပါ မည်သည့်ပြစ်မှုကိုမဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့် ရှိသည်။
၄၆။ ဤဥပဒေအရ တရားစွဲတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန် မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန် မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာကို သက်ဆိုင်ရာ အခြားစာရွက်စာတမ်းများ၊ အထောက်အထားများနှင့်အတူ တင်ပြနိုင်သည်။ ယင်းသို့တင်ပြခြင်းကို တရားရုံးသို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာတရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင်သည်။
၄၇။ သက်သေခံအက်ဥပဒေ ပုဒ်မ-၄၅ တွင် ရည်ညွှန်းသည့် ကျွမ်းကျင်သူများ ဆိုသည့် စကားရပ်တွင် ကြီးကြပ်မှုအဖွဲ့၊ ယင်းအဖွဲ့က တာဝန်ပေးအပ်ခြင်း ခံရသည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်နှင့် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူတို့ ပါဝင်သည်ဟု မှတ်ယူမည်။
၄၈။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့အကြား ဆက်သွယ်ဆောင်ရွက်သည့် သတင်းအချက်အလက်၊ အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ်အချက်အလက် သတင်းလွှာ၊ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် အခြားစာတမ်း အမှတ်အသားများကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ထားသည် ဆိုသည့် အကြောင်းပြချက် တစ်ခုတည်းဖြင့် ဥပဒေအရ အကျိုးသက်ရောက်မှု၊ တရားဝင်မှု သို့မဟုတ် အတည်ဖြစ်မှုကို ငြင်းပယ်ခြင်း မပြုရ။
၄၉။ ဤဥပဒေအရ လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သော ဗဟိုအဖွဲ့နှင့် ယင်းကတာဝန် လွှဲအပ်ခြင်းခံရသော အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ကြီးကြပ်မှုအဖွဲ့နှင့် ယင်းကတာဝန် လွှဲအပ်ခြင်းခံရသော အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူကိုဖြစ်စေ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခွင့်မရှိစေရ။
၅၀။ ဝန်ကြီးဌာနသည် ဤဥပဒေပါ နည်းပညာပိုင်းဆိုင်ရာစကားရပ်တစ်ခုခု၏ အဓိပ္ပာယ်ကို ရှင်းလင်းပေးရန် လိုအပ်လျှင် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ရှင်းလင်းပေးနိုင်သည်။
၅၁။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ညီညွတ်မှုမရှိသော သို့မဟုတ် ဆန့်ကျင်ကွဲလွဲသော ပြဋ္ဌာန်းချက်များကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များက လွှမ်းမိုးစေရမည်။
၅၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

  • (က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
  • (ခ) ဗဟိုအဖွဲ့နှင့် ဝန်ကြီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လည်းကောင်း၊ ကြီးကြပ်မှုအဖွဲ့သည် လိုအပ်သော ညွှန်ကြားချက်များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။
(ပုံ)
သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁) အရ ၁၃၈၂ ခုနှစ်၊ တပို့တွဲလဆန်း ၄ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ရေးထိုးပြဋ္ဌာန်းလိုက်သည်။

ဥပဒေထုတ်ပြန်ပြီးနောက် ဆောင်ရွက်ချက်များ ပြင်ဆင်ရန်

အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေကို အောက်ပါ အတိုင်းဆောင်ရွက်ခဲ့သည်။

  • (၁) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၂၀၀၄ ခုနှစ် ဧပြီလ (၃၀)ရက်နေ့ ရက်စွဲပါ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၅/၂၀၀၄)ဖြင့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ကို ပြဋ္ဌာန်းခဲ့သည်။
  • (၂) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) အရ၂၀၀၇ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၀၇)ဖြင့် ဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဗဟိုအဖွဲ့ ကို ဖွဲ့စည်းပေးခဲ့သည်။
  • (၃) ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၀၈) ဆုံးဖြတ်ချက်အရ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့သည် ဒုတိယဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာနက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ကို ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
  • (၄) အီလက်ထရောနစ် ဆက်သွှယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၁၁ နှင့် ပုဒ်မ ၅၂၊ ပုဒ်မခွဲ (ခ)တို့အရ ၂၀၀၈ ခုနှစ် ဩဂုတ်လ ၁၄ ရက် ရက်စွဲပါညွှန်ကြားချက်အမှတ်(၁/၂၀၀၈)ဖြင့် မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း လီမိတက်အား မူလအရင်းအမြစ် သက်သေလံ လက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ (Root Certification Authority) အဖြစ် တာဝန် ပေးအပ်ခဲ့သည်။
  • (၅) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ စိစစ်ခွင့်ပြုချက်ဖြင့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်အား ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ (၁) ရက် နေ့မှစ၍ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူ (Certification Authority) အဖြစ် လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးခဲ့သည်။
  • (၆) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင်‌့ရှိသူ (Certification Authority) ၏ အဓိက တာဝန်များမှာ ဒစ်ဂျစ်တယ် သက်သေခံ လက်မှတ်ကိုင်ဆောင်သူ မည်သူမည်ဝါ ဖြစ်ကြောင်း(သို့) ထိုလက်မှတ် ကိုင်ဆောင်သည့် အဖွဲ့အစည်းသည်အစစ်အမှန်တည်ရှိကြောင်း အာမခံပေးနိုင်ရန်အတွက် လူပုဂ္ဂိုလ် (သို့) အဖွဲ့ အစည်းများအား သက်သေခံ လက်မှတ်ထုတ် ပေးခြင်းဖြစ်သည်။ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်မှ CA စနစ် စတင်နိုင်ရန်အတွက် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။
  • (၇) ဒစ်ဂျစ်တယ်သက်သေခံလက်မှတ် အသုံးပြုခြင်းအကျိုးကျေးဇူးများမှာ အစိုးရဝန်ကြီးဌာနများ၊ ရုံးများအချင်းချင်း အီလက်ထရောနစ်နည်းဖြင့် ဆက်သွယ် ဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြည်သူများအနေနှင်‌့အီလက် ထရောနစ်နည်း အရကူးသန်းရောင်းဝယ်ခြင်းများ၊ စာပေးစာယူပြုလုပ်ခြင်းများ၊ ငွေပေး ငွေယူပြုလုပ်ခြင်းများကို On-line ဆက်သွယ် ဆောင်ရွက်ရာတွှင် သတင်းအချက်အလက်များ ပိုမိုလုံခြုံစိတ်ချမှု ရရှိစေရန်အတွက် ပေးပို့သူနှင်‌့ လက်ခံသူတို့အကြား ယုံကြည် စိတ်ချစွှာ ဆက်သွယ်ဆောင်ရွက်နိုင်စေရန် ဖြစ်သည်။
  • (၈) တယ်လီကွန်းမ် ဆက်သွယ်ရေး ဥပဒေမူကြမ်းပြုစုခြင်း။ တိုးတက်ပြောင်းလဲနေသော ဆက်သွယ်ရေး နည်းပညာများ ၊ မူဝါဒများနှင့် လိုက်လျောညီထွေရှိစေမည့် ဆက်သွယ်ရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်အတွက် တယ်လီကွန်းမ် ဆက်သွယ်ရေး ဥပဒေ (မူကြမ်း)ကိုရေးဆွဲလျက်ရှိသည်။
  • (၉) ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းစက်ဆိုင်ရာအမိန့် ။ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန သည် ၁၉၉၃ ခုနှစ် ၊ စက်တင်ဘာလ (၂၉) ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁/၉၃) ဖြင့်ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းစက်ဆိုင်ရာ အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ဂြိုဟ်တု ရုပ်မြင်သံကြား ဖမ်းစက်လိုင်စင် ခွင့်ပြုချက် ထုတ်ပေးခြင်းကို ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ ခေတ္တဆိုင်းငံ့ ထားရှိသည်။
  • (၁၀) Wide Area Network နှင့်စပ်လျဉ်းသည့်အမိန့် ။ ဆက်သွှယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဌာနသည် ကွန်ပျူတာပညာ ဖွံ့ဖြိုးရေးဥပဒေပုဒ်မ ၂၈၊၂၉၊၃၀ နှင့် ၄၂၊ ပုဒ်မခွှဲ (ဂ)တို့ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ Wide Area Network အသုံးပြု ကွန်ပျူတာ ကွန်ရက်ထူထောင်ခြင်း ၊ ယင်းကွန်ရက်ထူထောင်၍ ဝန်ဆောင်မှု ပေးခြင်းနှင့် သတင်းဆိုင်ရာ နည်းပညာ အသုံးပြုခြင်းတို့နှင့်စပ်လျဉ်းသည့် အမိန့်ကို ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက် နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၀၂) ကို ထုတ်ပြန် ခဲ့သည်။