ဥက္ခိတ္တသမ္ဘောဂသိက္ခာပုဒ်

အမှု—နှင်ထုတ်ခံရသော ရဟန်းနှင့်ပေါင်းသင်းမှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။


သံဃာမှ ဖယ်ထုတ်ခံရသူ ပြင်ဆင်ရန်

ရှေ့သိက္ခာပုဒ်၌ ပြခဲ့သည့်အတိုင်း အရိဋ္ဌရဟန်းသည် သူ၏မိစ္ဆာအယူကို မစွန့်သောကြောင့် သံဃာတော်က ဥက္ခေပနီယကံ ပြုထား၏၊ [သူများနှင့် အပေါင်းအသင်း အဆက်အဆံ မပြုဘို့ရန် ဖယ်ထုတ်ကြောင်းကံကို ဥက္ခေပနီယကံ” ဟု ခေါ်၏၊ ထိုကံအပြုခံရသူကို “ဥက္ခိတ္တကပုဂ္ဂိုလ်” ဟု ခေါ်၏၊ (ဥက္ခိတ္တက = သံဃာမှ ဖယ်ထုတ်ထားအပ်သူ၊) ထိုသို့ ဖယ်ထုတ်ခံရသော ပုဂ္ဂိုလ်သည် ထိုကံကို ပြန်၍ ရုပ်သိမ်းကြောင်းဖြစ်သော ကျင့်ဝတ်များကို ပြုကျင့်နေရ၏၊ ထိုသို့ကျင့်နေ၍ သံဃာက ကျေနပ်သောအခါ ကံကို ရုပ်သိမ်းပါရန် တောင်းပန်ရ၏၊ ထိုသို့တောင်းပန်၍ ကံကို ရုပ်သိမ်းပြီးသောအခါ သံဃာသို့ ပြန်၍သွင်းရာ ရောက်၏၊ သံဃာတွင်းသို့ ပြန်သွင်းမှုကို “အနုဓမ္မ = လျော်သော အကျင့်” ဟု ခေါ်၏၊ ထိုသို့ မသွင်းရသေးသူကို “အကတာနုဓမ္မ = လျော်သောအကျင့်ကို မပြုရသေးသူ” ဟု ခေါ်သည်။ [၁]

ဥက္ခိတ္တကနှင့် ပေါင်းသင်းမှု ပြင်ဆင်ရန်

ဆဗ္ဗဂ္ဂီရဟန်းတို့သည် အရိဋ္ဌရဟန်းကို ဥက္ခိတ္တက ပုဂ္ဂိုလ်မှန်းလည်းသိကြ၏၊ ဆိုင်ရာကျင့်ဝတ်ကို မကျင့်ဘဲ မိစ္ဆာအယူကိုလည်း မစွန့်ဘဲ နေသဖြင့် အနုဓမ္မကို (သံဃာက အပေါင်းအသင်း လုပ်ဘို့ရန် ပြန်၍သွင်းမှုကို) မပြုရသေးဟုလည်း သိကြ၏။

ထိုသို့ သိပါလျက် အရိဋ္ဌနှင့်အတူ အစားအဝတ်ကို ပေးလားကမ်းလား ယူလားငင်လား ပြုကြကုန်၏၊ စာပေကိုလည်း သင်လားချထား လုပ်ကြကုန်၏၊ (ဤသို့ အစားအဝတ်ကို ပေးကမ်းယူငင်မှုကို “အာမိသသံဘောဂ = အစားအဝတ်ကို အတူသုံးစွဲခြင်း”ဟု ခေါ်၏၊ စာပေကို သူ့ထံသင်ခြင်း, သူ့ကိုချပေးခြင်းကို “ဓမ္မသံဘောဂ = တရားကို အတူသုံးစွဲခြင်း”ဟု ခေါ်၏။ ဤ ၂-မျိုးလုံးကို သိက္ခာပုဒ်၌ “သံဘုဉ္ဇေယျ”ဟု မိန့်တော်မူသည်။)

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအရိဋ္ဌရဟန်းနှင့်အတူ ဥပုသ်ကံ, ပဝါရဏာကံ စသော ကံကြီးကံငယ်ကိုလည်း ပြုကြကုန်၏၊ (ဤသို့ ပြုခြင်းကို “သံဝါသ = အတူနေထိုင်ခြင်း”ဟု ခေါ်၏၊ သိက္ခာပုဒ်၌ “သံဝသေယျ”ဟု မိန့်တော်မူသည်၊ ထိုအရိဋ္ဌရဟန်းနှင့်အတူ အမိုးတူ အကာတူ ကျောင်း၌ အိပ်ကြကုန်၏၊ (ဤသို့ အိပ်ခြင်းကို “သဟသေယျ”ဟု ခေါ်၏၊ သိက္ခာပုဒ်၌ “သဟသေယျ”ဟု မိန့်တော်မူသည်၊ ဤသို့လျှင် ဥက္ခိတ္တကပုဂ္ဂိုလ်ဖြစ်သော အရိဋ္ဌရဟန်းနှင့် ဆဗ္ဗဂ္ဂီရဟန်းတို့ အတူပေါင်းသင်း ဆက်ဆံမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်၊ [သိက္ခာပုဒ်၏ အဓိပ္ပါယ်မှာ ဝတ္ထုကြောင်းဖြင့် ထင်ရှားပြီ၊ အရိဋ္ဌရဟန်းကား ထိုဥက္ခေပနီယကံ အပြုခံရပြီးနောက် ကျင့်ဝတ်များကို ကောင်းစွာမကျင့်ရုံသာမက, အတော်ကြာလျှင် ထိုမိစ္ဆာ အယူကို မစွန့်နိုင်ဘဲ လူထွက်လေတော့သည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ဇာနံ တထာဝါဒိနာ ဘိက္ခုနာ အကဋာနုဓမ္မေန တံ ဒိဋ္ဌိံ အပ္ပဋိနိဿဋ္ဌေန သဒ္ဓိံ သမ္ဘုဉ္ဇေယျ ဝါ, သံဝသေယျ ဝါ, သဟ ဝါ သေယျံ ကပ္ပေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင်ရဟန်းသည် ဥက္ခိတ္တက ရဟန်းမှန်းသိလျက် ထို“တထာဟံ ဘဂဝတာ”အစရှိသော စကားကို ပြောလေ့ရှိသော မပြုအပ်သေးသော ဩသာရဏကံရှိသော ထိုမိစ္ဆာအယူကို မစွန့် သေးသော ရဟန်းနှင့်အတူတကွ အာမိသဓမ္မသံဘောဂကိုမူလည်း ပြုအံ့၊ ဥပုသ်ပဝါရဏာစသော သံဝါသကိုမူလည်း ပြုအံ့၊ သဟသေယျကိုမူလည်း ပြုအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး