ဥပါဒါန် ဆိုသည်မှာ "ဥပါဒိယတီတိ ဥပါဒါနံ" မြဲစွာစွဲလမ်းတတ်သောကြောင့် "ဥပါဒါန်" မည်သည်။ တဏှာကြောင့် ဥပါဒါန် ဖြစ်ပေါ်သည်။[၁]

ခိုင်မြဲကြပ်တည်းစွာ မလွှတ်ရက်ပဲ စွဲလမ်းသောတရားကို "ဥပါဒါန်" ဟု ဆိုသည်။ အကြင်တစ်စုံတစ်ရာသော အရာဝတ္ထုကို သာယာစွဲလမ်းမှုကြောင့် အလွန်များပြားသော ဆင်းရဲဒုက္ခကို ရပါသော်လည်း ထိုဝတ္ထုကို မစွန့်ပစ်နိုင်၊ အပြစ်ဒေါသ အာဒီနဝတို့ကို မြင်ပါသော်လည်း ထိုဝတ္ထုကို မစွန့်လွှတ်နိုင်။ ဖားကို မြွေမြို၍ ထားသကဲ့သို့ အတင်းစွဲလမ်းသည်ကို "ဥပါဒါန်" ဟူ၍ ဆိုလိုသည်။

ဥပါဒါန်လေးပါး ပြင်ဆင်ရန်

ဥပါဒါန်သည် အောက်ပါအတိုင်းလေးပါးအပြား ရှိသည် -

  1. ကာမုပါဒါန်
  2. ဒိဋ္ဌုပါဒါန်
  3. သီလဗ္ဗတုပါဒါန်
  4. အတ္တဝါဒုပါဒါန်[၁]

ကာမုပါဒါန် ပြင်ဆင်ရန်

ချစ်ခင်နှစ်သက် စုံမက်သာယာဖွယ်ဖြစ်သည့် ရူပါရုံအစရှိသည့် ကာမဝတ္ထုတို့၌ မလွှတ်ရက်ဘဲ ပြင်းစွာစွဲလမ်းသော ကာမတဏှာသည် "ကာမုပါဒါန်" မည်သည်။[၁]

ဒိဋ္ဌုပါဒါန် ပြင်ဆင်ရန်

မှားယွင်းသောအယူတို့၌ လည်းကောင်း၊ ဒိဋ္ဌိနှင့်ဆိုင်သော ဝတ္ထုတို့၌လည်းကောင်း၊ ကျမ်းဂန်တို့၌ လည်းကောင်း ဤအယူသာ မှန်၏ အခြား အယူများကား အမှားချည်းတည်းဟူ၍ ပြင်းထန်ခိုင်မြဲစွာ စွဲလမ်းသော ဒိဋ္ဌိသည် "ဒိဋ္ဌုပါဒါန်" မည်သည်။ (ကာလာမသုတ်ကို ကြည့်ပါ)[၁]

သီလဗ္ဗတုပါဒါန် ပြင်ဆင်ရန်

သမာဓိကို ဖြစ်စေတတ်သော ဘာဝနာ(တရားကျင့်ခြင်း), ပညာကို ဖြစ်ပွားစေတတ်သော ဘာဝနာလမ်း(တရားလမ်း)မှ ရှောင်ထွက်၍ မိမိကိုယ်ကို ပူပန်အောင်ကျင့်ခြင်းစသော အတ္တကိလမထာနုယောဂအကျင့်, အချည်းနှီးစက်ဆုပ်ဖွယ်ကျင့်သောအကျင့်, နွားတို့အကျင့် နွားတို့အလေ့သို့လိုက်သော အကျင့် ဤကဲ့သို့သော ဗာဟိရကတိတ္ထိတို့၏ အကျင့်မျှနှင့် သံသရာမှ စင်ကြယ်စွာ ထွက်မြောက်နိုင်သည်၊ ဒုက္ခမှ ကင်းလွတ်နိုင်သည်ဟူ၍ အခိုင်အမြဲ စွမ်းလမ်းသော ဒိဋ္ဌိတ်မျိုးသည် "သီလဗ္ဗတုပါဒါန်" မည်သည်။[၁]

အတ္တဝါဒုပါဒါန် ပြင်ဆင်ရန်

သတ္တဝါတို့မှာ ခိုင်မြဲသော အတ္တရှိ၏။ ထိုအတ္တဖြင့် တစ်ဘဝမှ တစ်ဘဝသို့ ကူးပြောင်း၏။ လူသေ၍ ပြောင်းလဲသော်လည်း အတ္တသည် မပြောင်းလဲ၊ "ငါ" ဧကန်ရှိသည်၊ "သူတစ်ပါး" ဧကန်ရှိသည်၊ "ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ" ဧကန်ရှိသည် ဟူ၍ အပြင်းအထန်စွဲလမ်းသော ဒိဋ္ဌိတစ်မျိုးသည် "အတ္တဝါဒုပါဒါန်" မည်သည်။ တစ်နည်းမိမိကိုယ်ကို စွဲလမ်းမှု၊ သတ္တဝါ (သို့) တစ်ဦးတစ်ယောက်တို့အပေါ်၌ ပြင်းစွာစွဲလမ်းမှုကြောင့် နောင်ဘဝပဋိသန္ဓေထပ်မံနေရန် အားထုတ်ခြင်း စွဲလမ်းမှုကို ဆိုလိုသည်။[၁]

ထိုအတ္တဝါဒုပါဒါန်ကို အတ္တဒိဋ္ဌိဟူ၍လည်းကောင်း၊ အတ္တာနုဝါဒဒိဋ္ဌိဟူ၍လည်းကောင်း၊ သက္ကာယဒိဋ္ဌိဟူ၍လည်းကောင်း ဆိုအပ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။