ဦးဘညွန့် (၁၉၀၆–၂၅ ဧပြီ ၁၉၉၂) သည် အငြိမ်းစား ပါမောက္ခ၊ မြန်မာစာအဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

ငယ်ဘဝ ပြင်ဆင်ရန်

ဦးဘညွန့်ကို ၁၉၀၆-ခုနှစ်တွင် အဖ ကုန်ရုံဝန်ထောက် ဦးဘိုးသာ၊ အမိ ဒေါ်မမကြီးတို့က နောင်ချိုမြို့တွင် မွေးဖွားသည်။

ပညာရေး ပြင်ဆင်ရန်

မူလတန်းမှ အထက်တန်းအထိ ရန်ကုန်မြို့၊ ကူရှင်အထက်တန်းကျောင်းတွင် ပညာသင်ယူခဲ့သည်။ အလယ်တန်းပညာသင်ယူနေစဉ် Bridge Scholarship ကိုရသည်။ ရှစ်တန်းတွင် ပညာထူးချွန်၍ လေးလမျှသာနေရပြီး ကိုးတန်းတက်ခွင့် ရသည်။ ကိုးတန်း ပထမအစမ်းစာမေးပွဲကို ထူးချွန်စွာ အောင်မြင်၍ အတန်းတင်စာမေးပွဲကို မဖြေဆိုရဘဲ ၁၀ တန်းတက်ခွင့် ရသည်။ ၁၀ တန်းတွင် Garnet Man’s History Prize ရသည်။ မြန်မာနိုင်ငံ A.B.M ကျောင်းများအားလုံး စာစီစာကုံး ပြိုင်ပွဲတွင် ဒုတိယရသည်။ ၁၉၂၃-ခုနှစ်တွင် ၁၀ တန်းစာမေးပွဲကို English, Arithmeticm History, Additional English လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သည်။

၁၉၂၄-၁၉၂၅ တစ်နှစ်အတွင်း ဥပစာတန်း (က)၊ (ခ) ကို အောင်သည်။ ဥပစာတန်း (ခ) ကို Ancient History ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂၇ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရသည်။ ၁၉၃၀ ပြည့်နှစ်တွင် အိန္ဒိယပြည် ဒယ်ရဒွန်းကောလိပ်၌ India Railwary Service (I.R.S) ဘွဲ့သင်တန်းတက်ရပြီး ပထမရရှိသည်။ ၁၉၅၁-ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရသည်။ ၁၉၅၄ ခုနှစ်တွင် F.R.Hist.S, (Fellow of the Royal Historical Society) ဘွဲ့နှင့် F.R.A.S (Fellow of the Royal Asiatic Society) ဘွဲ့ကို ရသည်။

အလုပ်အကိုင်များ ပြင်ဆင်ရန်

၁၉၂၇ ခုနှစ်တွင် သမိုင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၂၈ ခုနှစ်တွင် မြန်မာပြည် မီးရထားဌာနတွင် မီးရထားဝန်ထောက် (A.T.S) အဖြစ် စတင် တာဝန်ထမ်းဆောင်သည်။ ၁၉၃၈ ခုနှစ်တွင် မီးရထားဝန်ထောက် အဖြစ်မှ နုတ်ထွက်ပြီး ရန်ကုန်တက္ကသိုလ် သမိုင်းဌာန နည်းပြအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်သည်။ လက်ထောက်ကထိကအဖြစ် တိုးမြှင့်ခန့်ထားခြင်း ခံရသည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း ပညာကျန်းမာ စည်ပင်သာယာရေးဌာန ပညာဌာနခွဲတွင် စာပြုအရာရှိ၊ Burma Independefnce Preparatory Commission တွင် အထူးအရာရှိ၊ နိုင်ငံတော်အဓိပတိရုံးတော်တွင် အထူးအရာရှိ၊ နိုင်ငံတော်အဓိပတိ၏ အပါးတော်မြဲ အတွင်းဝန်ကလေး၊ ဝါဒဖြန့်ချိရေးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး၊ သယ်ယူပို့ဆောင်ရေးဌာန တွင် ဒုတိယညွှန်ကြားရေးမှူး စသည်ဖြင့် တာဝန် ထမ်းဆောင်ခဲ့သည်။ စစ်ပြီးခေတ် ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရာ၌ လက်ထောက်ကထိက၊ ကထိက ရာထူးများ တိုးမြှင့်ခန့်ထားခံရသည်။

၁၉၅၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု Cornel နှင့် Columbia တက္ကသိုလ်များတွင် ဧည့်သမိုင်းဌာန အကြီးအကဲအဖြစ် သမိုင်းဘာသာ၊ နိုင်ငံရေးရာ ပညာဘာသာ တို့ကို လေးလမျှပို့ချသည်။ ၁၉၅၃ ခုနှစ်တွင် ပါမောက္ခ ရာထူးကို ရရှိသည်။ ၁၉၅၄ ခုနှစ်တွင် ဧည့်ပါမောက္ခအဖြစ် ဗြိတိသျှ သမိုင်းဘာသာကို တစ်နှစ်ခန့် Ph.D ကျောင်းသားများသင်တန်းတွင် ပို့ချရသည်။ ၁၉၆၄ ခုနှစ်တွင် သမိုင်းပါမောက္ခအဖြစ်မှ အငြိမ်းစားယူသည်။

၁၉၈၃ ခုနှစ်တွင် မြန်မာစာအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ မြန်မာ-အင်္ဂလိပ်အဘိဓာန် အတွက် မြန်မာဝေါဟာရတည်ပုဒ်များကို အင်္ဂလိပ်ဘာသာဖြင့် အနက်ဖွင့်သည့်လုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

ဂီတ ပြင်ဆင်ရန်

ရွှေရင်ပေါင်၊ ဟေဝန်စုံမြိုင်၊ သာရကာကျေး၊ ဆုထူးရွယ်၊ ချစ်ဒုက္ခ သီချင်းများဖြင့် နာမည် ကျော်ကြားခဲ့သည်။ အထူးသဖြင့် "ချစ်ဒုက္ခ" သီချင်း မှာ အထူးအောင်မြင် ကျော်ကြား ခဲ့ကာ ဦးဘညွန့် ကိုလည်း ချစ်ဒုက္ခဦးဘညွန့် ဟူ၍ လူသိများခဲ့စေသည်။

ဘဝနိဂုံး ပြင်ဆင်ရန်

ကွယ်လွန်ချိန် ၁၉၉၂-ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ဇနီးဒေါ်အုန်းခင် (အငြိမ်းစားကထိက၊ မြန်မာစာအဖွဲ့) နှင့် သားသမီးများ ကျန်ရစ်သည်။ သားသမီးများမှာ အနုပညာရှင်များဖြစ် အစဉ်လိုက် ဒေါ်တင်တင်ဦး (စာရေးဆရာမမေယု)၊ ကိုကျော်ဝင်း (မင်းသား ဝင်းညွန့်)၊ ကိုအုန်းကြိုင် (မင်းသား အောင်မိုး)၊ တက္ကသိုလ် ကြည်ရွှင်၊ လှမြင့် (မင်းသား ဝင်းဦး) တို့ ဖြစ်ကြသည်။

ကျမ်းကိုး ပြင်ဆင်ရန်

ပညာရေး ဝန်ကြီးဌာန မြန်မာစာနှင့် ဘာသာစကားပညာရေးဦးစီးဌာန Archived 28 October 2019 at the Wayback Machine.