ရဟန်းအဖြစ်သို့ ရောက်ရှိလာပုံကို စွဲ၍ ရဟန်းရှစ်မျိုးရှိသည်။


ယင်းရှစ်မျိုးအနက် ဧဟိဘိက္ခုရဟန်းဟူသည် ဘုရား ရှင်က ဧဟိဘိက္ခု (ရဟန်း၊ လာလှည့်) ဟု ခေါ်တော်မူကာမျှ ဖြင့် ရဟန်းအဖြစ်သို့ ရောက်လာသော ပုဂ္ဂိုလ်ဖြစ်သည်။ ရှေးဘဝက အရိယာပုဂ္ဂိုလ်အားသော်လည်းကောင်း၊ သီလဝန္တ ပုထုဇဉ်အားသော်လည်းကောင်း ပရိက္ခရာရှစ်ပါး၊ သို့မဟုတ် သပိတ်သင်္ကန်းမျှကို လှူဒါန်းခဲ့ဘူးခြင်း၊ လှူဒါန်း သည့်အခါ ဤပရိက္ခရာ အလှူဒါနသည် နောင်အခါ၌ ဧဟိ ဘိက္ခုရဟန်းဖြစ်ခြင်း၏ အကူအညီ အထောက်အပံ့ ဖြစ်ပါစေ သတည်း ဟု ဆုတောင်းခဲ့ဘူးခြင်းဟူသော အကြောင်းအချက် များသည် ဧဟိဘိက္ခုဖြစ်နိုင်ရန် ပါရမီဆုတောင်းများ ဖြစ်သည်။


ဘုရားရှင်သည် ဧဟိဘိက္ခုဖြစ်နိုင်ရန် ဖော်ပြပါ ပါရမီ ဆုတောင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုမြင်၍ နီမြန်းသော ပံ့သကူသင်္ကန်းတော်အတွင်းမှ ရွှေအဆင်းကဲ့သို့အဆင်းရှိသော လကျာ်လက်တော်ကိုထုတ်၍ မြတ်သောအသံတော်ကိုမြွက်ဟ လျက် ရဟန်းလာလှည့်၊ ဝဋ်ဆင်းရဲ၏အဆုံးကိုပြုခြင်းငှာ သာသနာတော်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်လှည့် ဟု ခေါ်ဆိုတော်မူ၏။


ဤသို့ ဘုရားရှင်က ခေါ်ဆိုတော်မူလိုက်သည်နှင့် တစ်ပြိုင်နက် သက်တော်တစ်ရာ (ဝါတော်ရှစ်ဆယ်) ရရှိပြီး သော မထေရ်ကြီးကဲ့သို့ ပရိက္ခရာရှစ်ပါး အပြည့်အစုံနှင့် ရဟန်းအဖြစ်သို့ ရောက်ရှိလာ သည်။

သမန္တပါသာဒိက အဋ္ဌကထာဆရာသည် ဧဟိဘိက္ခု ရဟန်းတော်ပေါင်း နှစ်သောင်း၊ ရှစ်ထောင်၊ ခြောက်ရာ၊ လေးဆယ့်တစ်ပါးရှိသည်ဟု ရေတွက်ဖော်ပြထားသည်။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)