၁၉၆၄ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေးစနစ်တည်ဆောက်မှုကို ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ

[၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၃။]

နိဒါန်း ပြင်ဆင်ရန်

တော်လှန်ရေးကောင်စီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုကျေညာ၍ ယင်းလမ်းစဉ်အရ၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ထူထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

သို့ရာတွင် ဆိုရှယ်လစ်စနစ်ကို မလိုလားသူများသည် ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုကို အဘက်ဘက်မှ ဆန့်ကျင်ဘက်ပြုနေကြသည်။ ကိုယ်ကျိုးရှာ စီးပွားရေးသမားများသည်လည်း တိုင်းသူပြည် သားလူအများ၊ အထူးသဖြင့် တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ တိုင်းပြည်အတွက် အလုပ် လုပ်သော အတတ်ပညာသည်များနှင့် အသိပညာရှင်များအစရှိသည့်လုပ်သားပြည်သူတရပ်လုံး၏ လူ့ဘဝ လိုအင်ဆန္ဒများကိုဖြည့်စွမ်းပေးရန်ထက်၊ မိမိတကိုယ်တည်းအတွက် အမြတ်ရရေးကိုသာ ရှေ့ရှု၍၊ အစိုးရ၏ စီးပွားရေးလုပ်ငန်း များကိုဆန့်ကျင်လက်ပြုနေကြသည်။

ဤဆန့်ကျင်ဘက်လုပ်ငန်းများကို တားဆီးဖယ်ရှားပစ်နိုင်မှသာလျှင်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို လျင်လျင် မြန်မြန် အောင်မြင်စွာထူထောင်နိုင်မည်။

ထို့ကြောင့်တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည် အောက်ပါဥပေဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း ၁။ အမည်၊ အာဏာတည်ရန်ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်။ ပြင်ဆင်ရန်

၁။ ။ (၁) ဤဥပေဒေကို ၁၉၆၄ ခုနှစ်၊ ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်မှုကို ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။

၂။ ။ (၁) ဤဥပဒေတွင် စာလုံးများသည် အောက်ပါအတိုင်း အဓိပ္ပာယ်သက်ဝင်စေရမည်။

"ဆိုရှယ်လစ်စီးပွားရေးစနစ်" ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီက ၁၉၆၂ ခု၊ ဧပြီလ ၃၀ ရက်နေ့တွင် ဝါဒသဘောထားကျေညာချက်အဖြစ် ထုတ်ပြန်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တွင် ဖော်ပြသည့်အတိုင်းဖြစ်သည်။

(၂) ဤဥပေဒေပါ စကားရပ်များ၏ အဓိပ္ပာယ်ကောက်ယူချက်နှင့် စပ်လျဉ်း၍၊ ဤကိစ္စအလို့ငှာ အစိုးရကခန့်ထားသည့် အဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည်ဖြစ်စေရမည်။

အခန်း၂။ ဆိုရှယ်လစ်စီးပွားရေးစနစ်တည်ဆောက်မှုကို ဆန့်ကျင်ခြင်းအား တားမြစ်ခြင်း။ ပြင်ဆင်ရန်

၃။ ။ (၁) မည်သူမဆို ဆိုရှယ်လစ် စီးပွားရေးစနစ် တည်ဆောက်မှုကို ဆန့်ကျင်လျှင် ဤဥပဒေအရ ပြစ်မှုကျူးလွန်သည်မည်၏။ ဤသို့ ပြစ်မှုကျူးလွန်သည့် လုပ်ငန်းများတွင် အောက်ပါတို့အကျုံးဝင်သည်။

(က) အစိုးရကချမှတ်ထားသည့် သဘောထား၊ လုပ်ငန်းစဉ်နှင့် အစိုးရလုပ်ကိုင်နေသည့် လုပ်ငန်း တရပ်ရပ်ကို ပျက်စီးစေရန်လုပ်ကိုင်ခြင်း၊ ယင်းသို့လုပ်ကိုင်သည်ကိုအားပေးခြင်း။

(ခ) ပြည်သူပိုင်နှင့် အများပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ယင်းသို့ဖျက်ဆီးသည်ကို အားပေးခြင်း။

(ဂ) ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် အကျုံးဝင်သော ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ သိုလှောင်ရေးလုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း စသည်တို့ကို နှောင့်ရှက်ခြင်း၊ ယင်းသို့နှောင့်ရှက်သည်ကို အားပေးခြင်း။

(ဃ) ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားများသို့သော်လည်းကောင်း၊ နိုင်ငံခြားများမှ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့သော်လည်းကောင်း၊ ပစ္စည်းများ၊ ငွေများကို မတရားထုတ်ယူခြင်း၊ တင်သွင်းခြင်း နှင့် ယင်းသို့ပြု လုပ်သည်ကို အားပေးခြင်း။

(င) ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုတွင် ပါဝင်လုပ်ကိုင်နေသောသူများအား အလုပ် အကိုင်ပျက်အောင် နှောင့်ရှက်ခြင်း၊ ယင်းသို့နှောင့်ရှက်သည်ကို အားပေးခြင်း။

(၂) အခြားတည်ဆဲတရားဥပေဒေတရပ်တရပ်တွင် မည်သို့ပင်ပါစေကာမူ အထက်ပုဒ်မခွဲ (၁) အရ ပြစ်မှုကျူးလွန်သူတစ်ဦးသည် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်၊ အများဆုံး သေဒဏ်အထိကျခံစေရမည့် အပြင်၊ ၎င်းပိုင်ဆိုင်သည့်ပစ္စည်းနှင့် ငွေများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

အခန်း ၃။ အမှုစွဲဆိုနည်းနှင့် စစ်ဆေးနည်း။ ပြင်ဆင်ရန်

၄။ ။ (၁)ဤဥပေဒေအရ အရေးယူသည့်ကိစ္စတိုင်းတွင် အစိုးရ၏ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။

(၂) အစိုးရသည် ဤဥပဒေအရ အရေးယူသည့်အမှုများကို စစ်ဆေးရန်အထူးခုံရုံးဖွဲ့စည်းပေးရမည်။

(၃)ပုဒ်မခွဲ (၂)အရ ဖွဲ့စည်းသောအထူးခုံရုံး၏ အပြီးအပိုင်ဆုံးဖြတ်ချက်တရပ်သည် တော်လှန် ရေးကောင်စီက ဤကိစ္စအလို့ငှာ ဖွဲ့စည်းပေးသည့် အတည်ပြုအာဏာပိုင်အဖွဲ့က အတည်ပြုမှသာ အတည်ဖြစ် စေရမည်။

(၄) ပုဒ်မခွဲ(၃) အရဖွဲ့စည်းသော အတည်ပြုအာဏာပိုင်အဖွဲ့၏ အပြီးအပိုင်ဆုံးဖြတ်ချက်ကို တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌထံသို့သာ အယူခံနိုင်သည်။

အခန်း ၄။ အထွေထွေ ပြင်ဆင်ရန်

၅။ ။ ဤဥပေဒေနှင့် ပတ်သက်သည့်ကိစ္စရပ်များအတွက် အစိုးရသည် နည်းဥပေဒေများပြုလုပ်၍ ပြဋ္ဌာန်း ပေးနိုင်သည်။ ယင်းနည်းဥပေဒေများသည် ဤဥပေဒေကဲ့သို့ အာဏာတည်စေရမည်။