လူ့လောကသို့ ရောက်လာခါစ ကလေးငယ်အတွက် အန္တရာယ်ကင်း ပရိတ်များ ရွတ်ဖတ်၍ ဆုတောင်းပတ္ထနာ ပြုနေကြခြင်း

ကင်ပွန်းတပ် မင်္ဂလာ ပြင်ဆင်ရန်

ကင်ပွန်းတပ် မင်္ဂလာမှာ မွေးစကလေးကို ကင်ပွန်းရည်၊တရော်ရည် စသည်တို့ဖြင့် ဦးခေါင်းဆေးခြင်း အခမ်းအနားကို ခေါ်ဆိုသည်။ တစ်နည်းအားဖြင့် မွေးစကလေးအား ဝမ်းတွင်း ဆံပင်ရိတ်ပေးသော မင်္ဂလာပွဲဖြစ်သည်။ ထိုကြောင့် ကင်ပွန်းတပ် မင်္ဂလာသည် ‘ကေသစ္ဆေဒန မင်္ဂလာ’ ဖြစ်သည်။ ကေသစ္ဆေဒန ဟူသည်မှာ ခေါင်းရိတ်ခြင်းဟု အနက်ရ၏။ သန့်ရှင်းစင်ကြယ်ခြင်း အလို့ငှာ ကလေး၏ ဦးခေါင်းကို တရော်ကင်ပွန်းတို့ဖြင့် ဆေးကြောသည်ကိုစွဲ၍ ကင်ပွန်းတပ်သည်ဟု ခေါ်လေ့ရှိသည်။ သို့ရာတွင် ယခုခေတ်၌ ထိုမင်္ဂလာ အခမ်းအနားမှာပင် နာမသမုတိ မင်္ဂလာတည်းဟူသော နာမည်ပေးခြင်း အမှုကိုလည်း တစ်ပါတည်း ဆောင်ရွက်လေသည်။

ဤမင်္ဂလာပွဲမျိုးကို တရုတ်နိုင်ငံအိန္ဒိယနှင့်ဂရိနိုင်ငံများတွင် ရှေးပဝေဏသီအခါကပင် ပြုလုပ်လေ့ရှိကြသည်။ ယဟူဒီလူမျိုးတို့သည် မွေးကင်းစကလေးအား ဆားရည်ဖြင့် ဆေးကြောခြင်း၊ အမည်ပေးခြင်း အခမ်းအနားများကို ခရစ်တော် မပေါ်မီ အချိန်ကာလကပင် ပြုလုပ်လေ့ရှိသည်။ မြန်မာနိုင်ငံ၌ ပြုလုပ်လေ့ရှိသော ကင်ပွန်းတပ် မင်္ဂလာ အခမ်းအနားမှာ တရုတ်လူမျိုး၊ ဟိန္ဒူလူမျိုးတို့ ပြုလုပ်ပုံနှင့် ဆင်တူယိုးမှားပင် ဖြစ်သည်။ ဤထုံးစံဓလေ့မှာ ဟိန္ဒူလူမျိုးများထံမှ ဆင်းသက်ပြန့်ပွားလာဟန်တူသည်။ တရုတ်လူမျိုးများကမူ ဤမင်္ဂလာပွဲကို ‘ခေါင်းရိတ်ပွဲ’ ဟု ခေါ်ဆိုကြသည်။

ဇိနတ္ထပကာသနီကျမ်းတွင် ဘုရားအလောင်းတော် သိဒ္ဓတ်မင်းသားအား ဖွားမြင်ပြီးသည့်နောက် ၅ ရက်မြောက်နေ့၌ အမည်မှည့်အပ်သော အခမ်းအနားကျင်းပပုံကို ဖော်ပြထားရာ ယခုခေတ် မြန်မာလူမျိုး၊ ဟိန္ဒူလူမျိုးတို့ ကျင်းပပုံနှင့် များစွာတူလှသည်။ ဤအချက်ကို ထောက်ရှုခြင်းဖြင့် ကင်ပွန်းတပ် မင်္ဂလာပွဲ ကျင်းပခြင်းမှာ အလွန်ရှေးကျသော ထုံးတမ်းစဉ်လာတစ်ရပ် ဖြစ်ကြောင်း ထင်ရှားပေသည်။

မြန်မာနိုင်ငံ၌ ကင်ပွန်းတပ် မင်္ဂလာ ဆင်ယင်ပုံမှာ ကလေးသူငယ်ကို မွေးဖွားပြီးနောက် ရက်သတ္တပတ် သို့မဟုတ် ၂ ပတ်အတွင်း နေ့ကောင်းရက်သာရွေး၍ ကျင်းပလေ့ရှိသည်။ ချမ်းသာသူများအဖို့ ပုဏ္ဏားဆရာများကို ပင့်ဖိတ်ကာ ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိသည်။ ပုဏ္ဏားဆရာများက ဂါထာမန္တရားများကို ရွတ်ဖတ်သရဇ္ဈာယ်ပြီးနောက် မင်္ဂလာပွဲကို စတင်ကျင်းပသည်။ သတ်မှတ်ထားသော နေ့ရက်တွင် မင်္ဂလာပွဲကို ဦးစီးရှေ့ဆောင်ပြုလုပ်သူက မင်္ဂလာစကားများ ပြောကြားပြီးနောက် အသင့်ပြုလုပ်ထားသော ကင်ပွန်းရည်၊ တရော်ရည်တို့ဖြင့် သူငယ်၏ ဦးခေါင်းကို ဆေးကြောပေးသည်။ အကယ်၍ ဦးခေါင်းရိတ်ရန် လိုအပ်လျှင်လည်း ဦးခေါင်းရိတ်ပြီးမှ ဆေးကြောပေးသည်။ ဖိတ်ကြားရောက်ရှိနေကြသော ပရိသတ်ထဲမှ ရင်းနှီးသော ဆွေမျိုးမိတ်သင်္ဂဟများကလည်း ကင်ပွန်းရည်ဖြင့် ကလေးအား စတိသုတ်လိမ်း ဆေးကြောပေးကြသည်။ ထိုနောက် သူငယ်အား သန့်ရှင်းဖြူစင်သော အဝတ်အစားသစ်များ ဝတ်ဆင်ပေးပြီးလျှင် အမွှေးနံ့သာတို့ဖြင့် ပက်ဖျန်းလိမ်းကျံပေးကြသည်။ တစ်ဖန် မင်္ဂလာပွဲကို ဦးစီးဆောင်ရွက်သည့် ပုဂ္ဂိုလ်ကပင် သူငယ်အား သင့်လျော်သည့် အမည်နာမကို ချီးမြှင့်လေသည်။

‘အရင်းမွေး၊ အဖျားခံ၊ မှတ်ရန်ပဉ္စပွတ်။ သားသမီးရတနာ၊ မည်သညာ၊ ပြုရာလောကဝတ်’ ဆိုသော ဗေဒင်ကျမ်း ဆောင်ပုဒ်နှင့်အညီ ခေါ်ဝေါ်သမုတ်ကြသည်။ ပုံစံအားဖြင့် တနင်္ဂနွေနေ့ မွေးဖွားသော သူငယ်ကို တနင်္ဂနွေနံ အစထား၍ တနင်္ဂနွေမှ ၅ ရက်မြောက်သော ကြာသပတေးနံကို အဖျားတွင် ထားလျက် မှည့်ခေါ်ရမည်ဟု ဆိုလိုသည်။ ထိုကြောင့် တနင်္ဂနွေသား၏ အမည်ကို ‘အောင်ပွင့်’၊ ‘အောင်ပန်း’ စသည်ဖြင့် မိဘများနှင့် ဆွေးနွေးတိုင်ပင်၍ မှည့်ခေါ်လေ့ရှိသည်။

ကလေးအား အမည်မှည့်ပြီးနောက် ကြေးမုံပြင်ကို ကြည့်ရှုစေသည်။ ဓား၊ အပ်ါ၊ ကညစ် စသော လူသုံးပစ္စည်းများကိုလည်း စတိအဖြစ် ကိုင်တွယ်စေသည်။ ထိုနောက်တဖန် မြေကြီးပေါ်တွင် ၇ ကြိမ်မျှ ခြေထောက်ချစေ၍ သွားသည့်ဟန်ပြုစေသည်။ မင်္ဂလာပွဲသို့ ကြွရောက်လာသော ဧည့်ပရိသတ်များက သူငယ်ကျန်းမာ ချမ်းသာစေရန်၊ အသက်ရှည်ရန် ဆုတောင်းမေတ္တာ ပို့ကြသည်။ ဖိတ်မန္တကပြုထားသည့် ဧည့်ပရိသတ်တို့အား စားသောက်ဖွယ်တို့ဖြင့် တည်ခင်းကျွေးမွေးကြသည်။ ဤမင်္ဂလာပွဲတွင် မိဘဆွေမျိုးများက ကလေးသူငယ်အား ရွှေငွေပစ္စည်း ရတနာများ လက်ဖွဲ့လေ့ရှိသည်။

ကင်ပွန်းတပ် မင်္ဂလာပွဲ ပြုလုပ်ခြင်း၏ အဓိပ္ပာယ်သဘောမှာ လောကအတွင်းသို့ ရောက်ရှိလာသော ကလေးသူငယ်အား တစိမ်းသက်သက်ဘဝမှ အမည်သညာပေးကာ လူ့လောကကြီးနှင့်လည်းကောင်း၊ လူသုံးပစ္စည်းများနှင့်လည်းကောင်း၊ မိတ်ဆက်ပေးလိုက်သည့်အပြင် လူ့ဆက်ဆံမှု အဆောက်အအုံထဲ့သို့ ထည့်သွင်းမြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။

ဤသည်တို့ကို အကြောင်းပြု၍ မြန်မာလူမျိုးတို့သည် အခြားလုပ်ငန်းရပ်များတွင်လည်း လုပ်ငန်းစတင်ခြင်း၊ အမည်ပေးခြင်းတို့နှင့် သက်ဆိုင်လျှင် ကင်ပွန်းတပ်သည်ဟုပင် တင်စားခေါ်ဝေါ်ကြသေးသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)