ကင်းစီးဟူသည် က၊ ခ၊ ဂ၊ ဃ၊ င ဟူသော ကဝဂ်ဗျည်း ငါးလုံးတွင် ဝဂ္ဂန္တ(ဝဂ်အဆုံး) ဖြစ်သော င-ဗျည်းနှင့် ရှေ့လေးလုံးဆင့်ရာ၌ လုံးဆင့်စည်းကမ်းအရ အထက်ကနေသော သရမဲ့ င-ဗျည်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ယင်း င-ဗျည်း၌ သရမပါသောကြောင့် သရမဲ့ကြောင်းကို သိစေရန် င-ဗျည်းအပေါ်မှ အသတ်(တံခွန်) ထည့်ထားခြင်း ဖြစ်သည်။ ယင်းတံခွန်ကို အသတ်ဟု ခေါ်ရခြင်းမှာ မိမိအောက်၌ ရှိသော ဗျည်းမှ အ သရကို သတ်လိုက်သကဲ့သို့ ဖြစ်သောကြောင့် အသတ်ဟု ခေါ်ခြင်း ဖြစ်သည်။ ဤ၌ ဂင်္ဂါမြစ်ကို ရေးလိုလျှင် ဂင်ဂါမြစ်ဟု ရေးရမည် ဖြစ်သော်လည်း ဤသို့ရေးလျှင် ကင်းစီးစာလုံးက အထက်သို့ ထိုးထွက်နေရာ စာလုံးက ရှေ့နောက်မညီ ကြည့်၍ မလှ ဖြစ်နေပေမည်။ ထို့ကြောင့် ကြည့်၍ လှပကောင်းမွန်စေရန် င်(ငသတ်)ကို အပြည့်မရေးဘဲ -် ဤသို့ ငသတ်ကို ချုံ့၍ရေးခြင်းကို ရှေးကျောက်ရေးဆရာတို့ တီထွင်ခဲ့ခြင်း ဖြစ်ပုံရသည်။ ကင်းစီး၏ ပြယုဂ်တို့မှာ-

  1. အင်္က (အမှတ်တံဆိပ်)
  2. ကင်္ခါ (ယုံမှားသံသယ)
  3. ဘင်္ဂ (ပျက်စီးခြင်း၊ ဘင်ခဏ)
  4. သိင်္ဃာနိက (နှပ်) စသည်တို့ ဖြစ်သည်။

ကင်းစီးဆိုသည်မှာ စင်စစ်အားဖြင့် ငသတ်ပင် ဖြစ်လေသည်။ ထိုသို့ဖြစ်လာရခြင်းကား အချို့ငသတ်မှာ နိဂ္ဂဟိတ်ဟု ခေါ်ဆိုအပ်သော သေးသေးတင်ကို င-သဘောဖြင့် ကင်းစီးပြုလုပ်ထားခြင်း ဖြစ်၏။ စင်္ကမ၊ မင်္ဂလာ၊ သင်္ဃာ အစရှိသည်တို့ကား မူလရေးထုံးတို့ပင် ဖြစ်လေသည်။ သင်္ဘော၊ ခြင်္သေ့ စသည်ကား ရေးထုံးမဟုတ် ပညာရှိများ နောက်မှ ပြုလုပ်ကြခြင်း ဖြစ်လေသည်။ ထို့ပြင် သံသရာ- သင်္သာ၊ အံသာ- အင်္သာ၊ ဟံသာ- ဟင်္သာ အစရှိသဖြင့် များစွာပင် ရှိသည်မှာ စင်စစ်အားဖြင့် က-ခ-ဂ-ဃ တို့ အပေါ်၌သာ တင်နိုင် စီးနိုင်သော်လည်း သွရဿတီ သဒ္ဒါကျမ်းတို့ အလိုအားဖြင့် သ-ပေါ်၌လည်း စီးနိုင်လေသည်။ [၁]

ကင်းစီးအတု ပြင်ဆင်ရန်

ကင်းစီးအတုများလည်း ရှိသေးသည်။ ကင်းစီးအတုဟူသည် ကင်းစီးအစစ်ကဲ့သို့ ကဝဂ်၏ ရှေ့လေးလုံးအပေါ်၌ သရမဲ့သော ငဗျည်း(ငသတ်)ကို တင်ခြင်းမဟုတ်ဘဲ က၊ ခ၊ ဂ၊ ဃ လေးလုံးမှ တစ်ပါးသော အခြားဗျည်းများအပေါ်သို့ င-သတ်ကို တင်ခြင်းကို ခေါ်သည်။ ပြယုဂ်မှာ-

  1. သင်္ဘော
  2. ခြင်္သေ့
  3. သင်္သရာ စသည်တို့ ဖြစ်သည်။

ထို့ကြောင့် ကင်းစီးဟူသည် က၊ ခ၊ ဂ၊ ဃ လေးလုံးအပေါ်သို့ သရမဲ့သော ငဗျည်း(င-သတ်)ကို တင်ခြင်းသာ ကင်းစီးအစစ်ဖြစ်သည်။ ယင်းလေးလုံးမှ တစ်ပါးသော အခြားဗျည်းများပေါ်သို့ ငသတ်တင်ခြင်းကို ကင်းစီးအတုဟု မှတ်ယူပါလေ။


ကိုးကား ပြင်ဆင်ရန်

  1. (ဟံသာဝတီ ဦးဘရင်၏ မြန်မာစာ အခြေပြ စာအုပ်မှ)