ကင်းထောက်ခြင်း

ကမ္ဘာ့ကင်းထောက်နေ့

ယူနီဖောင်းဝတ်စုံဆင်မြန်းသည့် ကင်းထောက်များ လိုက်နာ ကျင့်သုံးရသောစည်းကမ်းများကား ကျပ်တည်းလှ၏။ သို့သော် လူအပေါင်း၏အကျိုးကို သည်ပိုးရန် ဝံပုလွေငယ်အစ၊ ရိုဗာ အဆုံး ရှိသော ကင်းထောက်အဖွဲ့ဝင်များ အဆင့်ဆင့် လေ့ကျင့် ကြရပုံမှာ ချီးကျူးဖွယ်ကောင်းလှပေသည်။

ဗြိတိသျှ (ဝဲ) နှင့်မြန်မာ (ယာ) ဝံပုလွေငယ်တံဆိပ်များ

ကင်းထောက် ပြင်ဆင်ရန်

ကင်းထောက်တို့သည် ယူနီဖောင်းဝတ်စုံကို ဆင်ယင်ထားကြသော်လည်း ကင်းထောက်လုပ်ငန်းမှာ စစ် သဘောမပါ၊ နိုင်ငံရေးမစွက်၊ လူမှုဝန်ထမ်းသက်သက်မျှသာ ဖြစ်သည်။ ယောက်ျားပီသသောဆောင်ရွက်မှု၊ ယောက်ျား ပီသ သော ပျော်ရွှင်မှုတို့ကို ကင်းထောက်တို့ ပြုလုပ်လေ့လာကြ သည်။ ကင်းထောက်လုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ တာဝန်သိသော နိုင်ငံသားကောင်းဖြစ်လာအောင် လူငယ်လူရွယ် တို့အား ပုံသွန်းဖန်တီးပေးရန်ပင်ဖြစ်၏။ သို့ပုံသွန်းဖန်တီး ပေးရာ၌ လူငယ်လူရွယ်တို့အား ကိုယ်ကျင့်တရားနှင့် အကျင့် စာရိတ္တကောင်းများရအောင် ပြုပြင်အခြေစိုက်ပေး၍ မိမိတို့ ကိုယ်ကိုမိမိအား ကိုးတတ်ခြင်း၊ အကြီးအကဲတို့၏ အမိန့်နှင့် သွန်သင်မှုများကို ရိုသေလိုက်နာတတ်ခြင်း၊ မျက်စိရှင်စွာ ကြည့်တတ် ခြင်းစသည့် အလေ့အထကောင်းများကိုရအောင် လေ့ကျင့်သင်ကြားပေးရန်ဖြစ်၏။

 
ဟောင်ကောင် ကင်းထောက်အဖွဲ့

နိုင်ငံတော်နှင့် နိုင်ငံသားတို့အား ချစ်ခင်မြတ်နိုးစွာ သစ္စာစောင့်သိရိုသေတတ်သည်သာမက၊ ကျင့်သားရ၍ လက်ရွေးဆန်ဘဝသို့ ရောက်ပြီးသော ကင်း ထောက်တစ်ဦးသည် မိမိ ကိုယ်ကိုအားကိုးနိုင်သည်နှင့်အမျှ လူမှုကိစ္စကျွမ်းကျင်မှုတို့တွင် အတော်အတန် ခေါက်မိအောင် လေ့လာရ၍ အခြားသူများအတွက်အသုံးကျသော နိုင်ငံသား တစ်ဦးဖြစ်အောင် ကြိုးစားသူလည်းဖြစ်၏။ သူတစ်ပါးအား လည်း ကူညီရ၏။ သဘာဝကိုလေ့လာ၍ လောကပတ်ဝန်း ကျင်ကို စူးစမ်းတတ်ရ၏။ ကြင်နာသောစိတ်ကို မွေးမြူကာ မြင်တွေ့သမျှသော သူတို့အား မိတ်ဆွေသင်္ဂဟသဘောထား ရ၏။ လူငယ်လူရွယ်တို့အား ထိုကဲ့သို့ ရည်မွန်မြင့်မြတ်သော အဆင့်အတန်းသို့ ပြုပြင်ပို့ဆောင်ပေးသော ကင်းထောက် လုပ်ငန်းကို ၁၉ဝ၈ ခုနှစ်တွင် ဗြိတိသျှဗိုလ်ချုပ်ကြီး ရောဗတ် ဗေဒင်ပိုဝယ် (နောင်တွင် လော့ဗေဒင်ပိုဝယ် ဖြစ်လာသူ)သည် အင်္ဂလန်ပြည်၌ စတင်ဖွဲ့စည်းတည်ထောင်ခဲ့၏။ ဗိုလ်ချုပ်ကြီး ဗေဒင်ပိုဝယ်သည် တောင်အာဖရိကရှိ မက်ဖကင်းမြို့ကို ရန်သူ များ ဝန်းဝိုင်းတိုက်ခိုက်စဉ်က သူရသတ္တိပြည့်စုံစွာ တွန်းလှန် အောင်မြင်ခဲ့သော သူရဲကောင်းတစ်ဦးဖြစ်သည့်ပြင် စစ်ကင်း ထောက်လုပ်ငန်းကို အာဖရိကတိုက်နှင့် အိန္ဒိယနိုင်ငံတို့၌ လေ့လာကျွမ်းကျင်ထားသော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ ကင်းထောက်လုပ်ငန်း၏ အသုံးဝင်ပုံကို ကိုယ်တွေ့မျက်မြင် အကျိုးခံစားရသည့်အတွက် တိုင်းပြည်ရှိလူငယ်များအား ကင်း ထောက်စည်းမျဉ်းအတိုင်း သွန်သွင်ပြုပြင်ပေးခဲ့လျှင် တိုင်းပြည် ၏သားကောင်းရတနာများ ထွန်းကားပေါ်ထွက်လာနိုင်မည်ဟု ကောင်းစွာသဘောပေါက်ခဲ့သည်။ ထိုကြောင့်လည်း ဗိုလ်ချုပ် ကြီး ဗေဒင်ပိုဝယ်သည် ၁၉ဝ၇ ခုနှစ်တွင် အင်္ဂလန်ပြည် ဗုန်းမတ်မြို့အနီး ဗရောင်းဆီးကျွန်း၌ ကင်းထောက်စခန်း တစ်ခု ကို အစမ်းဖွင့်ခဲ့၏။ ထိုအစမ်းစခန်း၌ လူ့အတန်းအစား အမျိုးမျိုးမှ လူငယ် ၂ဝ ကို ကင်းထောက် စည်းမျဉ်းအတိုင်း သွန်သင်ပြုပြင်ပေး၏။ စမ်းသပ်ချက် ကောင်းစွာထမြောက် အောင်မြင်သည်ကို တွေ့သောအခါ 'ကင်းထောက်လမ်းညွှန်' စာအုပ်ကို ၁၉ဝ၈ ခုနှစ်တွင် ရေးသားထုတ်ဝေလိုက်လေသည်။ ထိုစာအုပ်ထွက်ပေါ်သည့်အတွက် ကင်းထောက်အဖွဲ့များသည် အင်္ဂလန်တွင်တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပေါ်ပေါက်လာခဲ့ရုံမျှမက မကြာမီ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားလေသည်။ ထိုသို့ ကင်းထောက်အဖွဲ့ တိုးတက်လာသည်ကို တွေ့မြင်ရသောအခါ ဗိုလ်ချုပ်ကြီး ဗေဒင် ပိုဝယ်သည် စစ်မှုထမ်းအဖြစ်မှ ၁၉၁၀ ပြည့်နှစ်တွင် နုတ်ထွက် လိုက်ပြီးလျှင် တက်လူများ၏အကျိုးအတွက် ကင်းထောက် လုပ်ငန်းကို အစွမ်းကုန်ဆောင်ရွက်လေသည်။

ကင်းထောက်လုပ်ငန်း၌ စိတ်ဓာတ်တက်ကြွစွာ ပါဝင် ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ကင်းထောက်အသင်းကို စနစ်တကျ ရှိ စေခြင်းငှာလည်းကောင်း ဗိုလ်ချုပ်ကြီးဗေဒင်ပိုဝယ်သည် ကင်းထောက် များအတွက် ယူနီဖောင်းဝတ်စုံတစ်မျိုးကို တီထွင်ပေးခဲ့၏။ ကင်းထောက်တို့သည် ကာကီအကျႌ၊ ကာကီ သို့မဟုတ် အပြာ ရောင်ဘောင်းဘီတို၊ အဖွဲ့လိုက် အရောင်အမျိုးမျိုးရှိသော လည်စီး၊ နယ်စောင့်တပ်သားများဆောင်းလေ့ရှိသည့် ထိပ် တွင်ချိုင့် ၄ ခုပါဦးထုပ်တို့ကို ဝတ်ဆင်၍၊ 'ဖလားဒါလီး' ခေါ် ၃ ရွက်မြွာပုံသဏ္ဌာန်ရှိသည့် ကင်းထောက်တံဆိပ်တို့ကို တပ်ဆင်ကြရသည်။ ထိုဝတ်စုံကိုဆင်မြန်းကြရသော လူငယ် တို့သည် လွန်စွာ စိတ်အားတက်ကြွလာကြလျက် မြင့်မြတ် သောစိတ်ထားများကိုလည်း မွေးမြူလာကြသည်။ ကင်းထောက် လုပ်ငန်း၏ မူလအခြေခံသဘောတရားများနှင့် ညီညွတ်စေရန် သဘာဝလေ့လာခြင်း၊ တောတောင်ရေမြေတို့၏ အခြေအနေ စူးစမ်းခြင်း၊ တောစခန်းထွက်ခြင်း၊ ခရီးသွားလာခြင်း၊ တော တွင်းခြေရာခံလိုက်ခြင်း၊ ရှေ့ဆောင်တီထွင်လုပ်ကိုင်ခြင်း အစရှိ သည့်လုပ်ငန်း များပေါ်တွင် ကင်းထောက်တို့၏ လုပ်ငန်းများကို အခြေတည်ထားလေသည်။ သို့ဖြစ်၍ ကင်းထောက်တို့သည် ကင်းထောက် လုပ်ငန်းကို တောတွင်းကျွမ်းကျင်မှုကစားနည်းနှင့် ကွင်းပြင်ကစားနည်းကဲ့သို့ သဘောထားကာ ပျော်ရွှင်စွာ လုပ်ကိုင် ဆောင်ရွက်တတ်ပြီးလျှင် လူမှုဗဟုသုတပညာရပ် များကို မသိမသာရနေကြသူများဖြစ်ပေသည်။ ကင်းထောက် တို့၏ဆောင်ပုဒ်မှာ 'အစဉ်အသင့်' ဖြစ်သည့်အတိုင်း၊ မည် သည့် အရေးပေါ်ကိစ္စတာဝန်ကိုမဆို ဖြတ်ထိုးဉာဏ်ဖြင့် လျင်မြန်စွာ ဖြေရှင်းထမ်းရွက် တတ်ကြလေသည်။

ကင်းထောက်လုပ်ငန်း၏ အဆင့်အတန်းများ ပြင်ဆင်ရန်

အသက်အရွယ်ကိုလိုက်၍ ကင်းထောက်လုပ်ငန်းများကို အဆင့်အတန်းအမျိုးမျိုး ခွဲခြားထားသည်။ အငယ်ဆုံးအတန်း မှာ အသက် ၈ နှစ်မှ ၁၁ နှစ်အထိ ကလေးများပါဝင်ကြ၍ သူတို့ကို 'ဝံပုလွေငယ်'ဟုခေါ်သည်။ ဝံပုလွေငယ်များအား သူတို့ ဆင်မြန်းရသည့်တံဆိပ်နှင့် ဦးထုပ်တို့ကိုကြည့်ခြင်းဖြင့် ခွဲခြားသိနိုင်၏။ တံဆိပ်မှာ အပြာရင့်ရောင် သို့မဟုတ်အစိမ်းရင့် ရောင် အောက်ခံပေါ်တွင် အနီရောင် သို့မဟုတ် ရွှေခြည်စဖြင့် ထိုးထားသောဝံပုလွေငယ်ဦးခေါင်းပုံ ဖြစ်သည်။ ဦးထုပ်မှာ အစိမ်းရင့်ရောင် သံပရာခွံဦးထုပ်ဖြစ်၍ အပေါ်တွင် ရွှေရောင် ကြိုးများဖြင့် အကန့်ခွဲထားသည်။

ဝံပုလွေငယ်အဖွဲ့၏အထက်အဆင့်မှာ 'ကင်းထောက်' အဖွဲ့ ဖြစ်၏။ ကင်းထောက်များမှာ အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ လူငယ်များဖြစ်သည်။ ကင်းထောက်အဖွဲ့၏အထက်တွင် ၁၅ နှစ် မှ ၁၈ နှစ်အထိ လူငယ်များပါဝင်သော 'လုလင်ကင်းထောက်' အဖွဲ့ရှိ၏။ အကြီးဆုံးအဆင့်အတန်းမှာ 'ရိုဗာကင်းထောက်' အဖွဲ့ဖြစ်၍ အသက် ၁၈ နှစ်အထက် လူငယ်များပါဝင်သည်။ ထိုအဖွဲ့၌ကား အထက်ပိုင်း အသက်အပိုင်းအခြားမရှိပေ။ တစ်ကြိမ် ကင်းထောက်ပြီးလျှင် တစ်သက်လုံး ကင်းထောက် ဖြစ်သည်ဟူသော ဆိုရိုးလည်း ရှိ၏။

ထိုအဖွဲ့များအပြင် အခြားကင်းထောက်အဖွဲ့များလည်း ရှိ သေးသည်။ ယင်းတို့မှာ ရေကြောင်းကင်းထောက်အဖွဲ့၊ လေ ကြောင်းကင်းထောက်အဖွဲ့တို့ ဖြစ်ကြသည်။ ရေကြောင်း ကင်း ထောက်များမှာ သာမန်ကင်းထောက်လုပ်ငန်းများအပြင် မြစ် ချောင်း၊ အင်းအိုင်၊ ပင်လယ်စသော ရေပြင်တို့တွင် သင်္ဘော သား အတတ်တို့ကိုပါ အထူးလေ့လာကြရ၏။ ထိုနည်းတူ လေ ကြောင်းကင်းထောက်များမှာလည်း သာမန်လေ့လာမှုများအပြင် လေကြောင်းဆိုင်ရာအတတ်တို့ကိုပါ သင်ယူမှတ်သားကြရသည်။

ကင်းထောက်လုပ်ငန်း၏အဓိကရည်ရွယ်ချက်မှာ အဆင့် အတန်းအားလုံးအတွက် တသမတ်တည်းဖြစ်သော်လည်း၊ အဆင့်အတန်းကိုလိုက်၍ လုပ်ငန်းနှင့်လေ့ကျင့်မှုအခြေခံတို့မှာ တိုးတက်ပြောင်းလဲခြင်း များပြားလာပေသည်။ ဝံပုလွေငယ် တို့၏ ဆောင်ပုဒ်မှာ 'အကောင်းဆုံးလုပ်မည်' ဖြစ်၍၊ ကင်း ထောက်တို့၏ဆောင်ပုဒ်မှာ 'အစဉ်အသင့်'ဖြစ်သည်။ ရိုဗာတို့၏ ဆောင်ပုဒ်မှာကား 'ဝန်ထမ်းလုပ်ငန်း' ဖြစ်လေသည်။ ထိုဆောင် ပုဒ်တို့အလိုက် လေ့ကျင့်မှု ဆောင်ရွက်မှုတို့မှာ မသိမသာ ပြောင်းလဲ တိုးတက်ပေသည်။ သို့ရာတွင် အဆင့်မြင့်လာသော အခါ နိမ့်စဉ်ကလိုက်နာခဲ့ရသည့်ဆောင်ပုဒ်များကိုပါ တပူး တပေါင်းတည်း လိုက်နာကြရသည်။

ဝံပုလွေငယ်နှင့်ကင်းထောက်တို့အတွက် သာမန်လေ့ကျင့်မှု များအားဖြင့် မိမိတို့အဖို့ အဆင့်အတန်းတိုးတက်မှုများကို ရရှိ နိုင်သည်။ ထိုအဆင့်အတန်းတို့မှာ ရိုးရိုးကင်းထောက်လုပ်ငန်း ဆိုင်ရာတို့အတွက်ဖြစ်၏။ ထိုမှ တစ်ပါး ဝံပုလွေငယ်အဖြစ်ဖြင့် လည်းကောင်း၊ ကင်းထောက် အဖြစ်ဖြင့်လည်းကောင်း မိမိအတွက်လက်မှုပညာ၊ လူမှုရေးရာ အကျိုးရှိစေမည့် အထူးပညာရပ် များကို လေ့ကျင့်ကြရသေး သည်။

ထိုပညာရပ်များမှာ အခြားသူမျာ၏အကျိုးကို ဆောင် ရွက်ရန်အတွက်လည်း အသုံးဝင်သော ပညာရပ်များဖြစ်သည်။ ယင်းတို့ကိုအောင်မြင်ပါက သက်ဆိုင်ရာ ကျွမ်းကျင်မှုတံဆိပ် များကိုလည်း ရရှိနိုင်၏။ ရိုဗာတို့ အဖို့မှာ လူမှုဝန်ထမ်း ပရဟိတ လုပ်ငန်းသည် အဓိကဖြစ်သည့်အတိုင်း သူတို့၏ ဆောင်ပုဒ်မှာ 'ဝန်ထမ်းလုပ်ငန်း' ဖြစ်ပေသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

အထက်ဖော်ပြပါအဆင့်အတန်းတို့တွင် လူငယ်လူရွယ်တို့ အား ဖွဲ့စည်းပေးရာ၌ ဝံပုလွေငယ်များအား 'ဝံပုလွေငယ်အုပ်'၊ ကင်းထောက်များအား 'ကင်းထောက်အဖွဲ့'၊ ရိုဗာများအား 'ရိုဗာ သင်း'ဟု ဖွဲ့စည်းကြ၏။ ဝံပုလွေငယ်အုပ်တွင် ဝံပုလွေ ၁၂ ယောက်မှ ၂၄ ယောက်အထိ ပါနိုင်၍ ၆ ဦးစီးပါသော အဖွဲ့ခွဲ များကို 'ခြောက်ဦးစု'ဟု ဖွဲ့စည်းသည်။ ခြောက်ဦးစုတစ်ခုကို ခြောက်ဦးစီးတစ်ယောက် ခေါင်းဆောင်၍ ခြောက်ဦးစီးအားလုံး ကို 'ခြောက်ဦးစီးအုပ်'တစ်ဦးက ခေါင်းဆောင်ရသည်။

ဝံပုလွေငယ်အုပ်ထဲသို့ဝင်ခွင့်ရရန် ရှေးဦးစွာ လိုအပ်သော လေ့ကျင့်မှုတို့ကို ပြုလုပ်အောင်မြင်ရသည်။ ပြီးမှ လူသစ် အဖြစ် ကတိခံယူပွဲကိုကျင်းပကာ အုပ်တွင်းသို့ဝင်ခွင့်ရသည်။ ထိုလူသစ်ကို 'ဖဝါးနု'ဟုခေါ်သည်။ ဖဝါးနု အဖြစ်ဝံပုလွေငယ် လည်စီး တံဆိပ်နှင့်ဝတ်စုံကို ဝတ်ဆင်နိုင်သော်လည်း ဝံပုလွေ ငယ်အစစ် မဖြစ်သေးချေ။ ဝံပုလွေငယ်အစစ်ဖြစ်ရအောင် လိုအပ် သော လေ့ကျင့်မှုများကို ကစားနည်းများနှင့်ပြုလုပ်၍ ပထမအဆင့်ဖြစ်သော ပထမကြယ်ကိုရအောင် ပြုလုပ်ရပေ သည်။

ဝံပုလွေငယ်တစ်ဦးသည် အသက် ၁၁ နှစ်ပြည့်မှသာ ကင်း ထောက်တစ်ယောက်ဖြစ်နိုင်သည်။ ဝံပုလွေငယ်မဖြစ်ဘဲနှင့် အသက် ၁၂နှစ်ရှိသော အခြားလူငယ်လူရွယ်တို့သည်လည်း ကင်းထောက်အဖွဲ့သို့ တိုက်ရိုက် ဝင်ရောက်နိုင်သည်။ ကင်း ထောက် ၁၀ ယောက်မှ ၃၂ ယောက်အထိ ပါဝင်သော အဖွဲ့ များကို ဖွဲ့နိုင်သည်။ ထိုအဖွဲ့တွင် ၅ ယောက်မှ ၈ ယောက် အထိရှိသော ကင်းစိတ်များဖွဲ့ကာ ကင်းစိတ်ဦးစီးတို့က အုပ်ချုပ် ရသည်။ အဖွဲ့တစ်ခုလုံးကိုမူ အဖွဲ့ဦးစီးက ကင်းစိတ်ဦးစီးများ ပါဝင်သော သမာဓိခုံနှင့် အုပ်ချုပ်ရသည်။ ထိုသမာဓိခုံအဖွဲ့ကို အကြံပေးလမ်းညွှန်ပြုလုပ်ကာ ကင်းထောက်အဖွဲ့ တစ်ခုလုံးအား လေ့ကျင့်သင်ကြားသော ကင်းထောက်ဆရာ သို့မဟုတ် လက် ထောက် ကင်းထောက်ဆရာတစ်ဦးလည်း ရှိသည်။

ကင်းထောက်ဖြစ်လိုသော လူငယ်တစ်ဦးသည် ကင်းထောက် အဖွဲ့ အတွင်းသို့ မဝင်ရောက်မီ ခြေနုအတတ်ကို တတ်ကျွမ်းရ မည်။ ထိုခြေနုအတတ်တွင် ကင်းထောက်ကတိ ၃ပါး၊ ကင်း ထောက် ကျင့်ဝတ် ၁၀ ပါး၊ နိုင်ငံတော်အလံ၊ နိုင်ငံတော် သီချင်း၊ ကြိုးချည်နည်း၊ ရှေးဦးသူနာပြုနည်း၊ အချက်ပြနည်း၊ လေးစားနှုတ်ဆက်နည်းတို့ ပါဝင်သည်။ ယင်းတို့ကိုတတ်သိ နားလည်ပြီးသည့်နောက် ကတိခံယူပွဲကျင်းပပေးရသည်။ ကတိ ခံယူပြီးနောက် ကင်းထောက်အဖြစ် ဝင်ရောက်ခွင့်ရသည်။

ကင်းထောက်တို့တွင် လေ့ကျင့်မှု တိုးတက်လာသည်နှင့်အမျှ ဒုတိယတန်း၊ ပထမတန်း၊ ခြင်္သေ့ ကင်းထောက်အထိ အဆင့် ဆင့်တက်နိုင်သည်။ ထို့ပြင် လူမှုရေးရာ အခြေခံပညာရပ်များ၊ လက်မှုပညာရပ်များကို လေ့ကျင့်တတ်မြောက်ပါကလည်း ကျွမ်းကျင်မှု တံဆိပ်များကို ရယူနိုင်သည်။

ကင်းထောက်ကတိနှင့် ကျင့်ဝတ်များ ပြင်ဆင်ရန်

ဝံပုလွေ၊ ကင်းထောက်၊ ရိုဗာလုပ်ငန်းအားလုံးတို့၏ အခြေခံကျောရိုးမှာ သက်ဆိုင်ရာကတိနှင့် ကျင့်ဝတ်များ ဖြစ်သည်။

ဝံပုလွေငယ်တို့မှာ ကျွန်တော်သည် စွမ်းအားရှိသမျှ -

(၁) ကျွန်တော်ကိုးကွယ်ယုံကြည်သည့် အယူဝါဒနှင့် တိုင်းပြည်၏တာဝန်ကို ထမ်းရွက်ပါမည်။

(၂) နေ့စဉ် သူတထူးအားကူညီမှုပြု၍ ဝံပုလွေငယ်တို့၏ ကျင့်ဝတ်တို့ကို လိုက်နာပါမည်ဟု ကတိပြုပါသည်ဟုကတိ ပြုပြီးလျှင်

(၁) ဝံပုလွေငယ်သည် မိမိအလိုဆန္ဒအတိုင်းမလိုက်ရ။

(၂) ဝံပုလွေငယ်သည် ဝံပုလွေကြီး၏လိုအင်ဆန္ဒအတိုင်း လိုက်နာရသည်ဟူသော ကျင့်ဝတ်ဥပဒေနှစ်ပါးကို လိုက်နာကြ ရသည်။

ကင်းထောက်နှင့် ရိုဗာတို့အတွက်မှာ ကတိနှင့်ကျင့်ဝတ် ထပ်တူဖြစ်သော်လည်း အသက်၊ ပညာ၊ အရည်အချင်း၊ အတွေ့ အကြုံတို့ကိုလိုက်၍၊ ထိုကတိကိုထိန်းသိမ်းမှု၊ ကျင့်ဝတ်တို့ကို လိုက်နာမှုတို့တွင် အဆင့်အတန်းနှင့် သဘောပေါက် နားလည်မှု တို့မှာ မတူကြပေ။

ကင်းထောက်ကတိ ၃ ပါး ပြင်ဆင်ရန်

(၁) ကျွန်တော်ကိုးကွယ်ယုံကြည်သည့် အယူဝါဒနှင့် ကျွန်တော့်နိုင်ငံ၏တာဝန်ကို ထမ်းရွက်ရန်၊

(၂) သူတပါးအား အချိန်မရွေးကူညီရန်နှင့်

(၃) ကင်းထောက်ကျင့်ဝတ် ၁၀ ပါးကို အမြဲလိုက်နာ ထိန်းသိမ်းရန် ကျွန်တော်စွမ်းအားရှိသမျှ ဆောင်ရွက်ပါမည်ဟု ကျွန်တော်၏ ဂုဏ်သိက္ခာကို ပဋ္ဌနာပြု၍ ကတိပြုပါသည်။ ထိုကတိပြုထားသောကင်းထောက် သို့မဟုတ် ရိုဗာ တစ် ယောက်မှာ ကတိတွင်ပါသည့်အတိုင်း အောက်ပါကျင့်ဝတ် ၁၀ ပါးကို အမြဲတစေ စွမ်းအားရှိသမျှ လိုက်နာ ထိန်းသိမ်းရလေ သည်။

ကင်းထောက် ကျင့်ဝတ် ၁၀ ပါး ပြင်ဆင်ရန်

(၁) ကင်းထောက်တို့၏ ဂုဏ်သိက္ခာသည် ယုံကြည်ရ၏။

(၂) ကင်းထောက်သည် မိမိ၏ နိုင်ငံ၊ မိဘ၊ ဆရာသမား၊ အလုပ်ရှင်၊ လက်အောက်ငယ်သားများအပေါ်၌ သစ္စာရှိရ၏။

(၃) ကင်းထောက်၏ ဝတ္တရားသည် မိမိကိုယ်ကို အသုံးကျ စေ၍ သူတစ်ပါးအား ကူညီရန် ဖြစ်၏။

(၄) ကင်းထောက်သည် အများ၏ မိတ်ဆွေဖြစ်၍ အခြားကင်း ထောက်များနှင့် လူမျိုး၊ အယူဝါဒ၊ အဆင့်အတန်းမရွေး ညီအစ်ကိုဖြစ်၏။

(၅) ကင်းထောက်သည် ယဉ်ကျေးသိမ်မွေ့၏။

(၆) ကင်းထောက်သည် တိရစ္ဆာန်တို့၏ မိတ်ဆွေဖြစ်၏။

(၇) ကင်းထောက်သည် မိဖ၊ ဆရာ၊ ခေါင်းဆောင်တို့၏ အမိန့်ကို တသဝေမတိမ်း လိုက်နာ၏။

(၈) ကင်းထောက်သည် အခက်အခဲနှင့် တွေ့တိုင်း အပြုံးမပျက် ရွှင်ပျစွာ ဆောင်ရွက်ရ၏။

(၉) ကင်းထောက်သည် ခြိုးခြံချွေတာတတ်၏။

(၁၀) ကင်းထောက်သည် ကိုယ်၊ နှုတ်၊ နှလုံး ၃ ပါးလုံး ဖြူစင်သန့်ရှင်းရ၏။

နေ့စဉ်တစ်ခု ကောင်းမှုပြု ပြင်ဆင်ရန်

ကင်းထောက်လုပ်ငန်းတွင် သူတစ်ပါးအတွက် အကျိုး ဆောင်ခြင်းမှာ အရေးကြီးလှသော အခြေခံအစိတ်အပိုင်းတစ်ရပ် ဖြစ်၏။ သို့ဖြစ်သည့်အားလျော်စွာ ကင်းထောက်တို့သည် မွန်မြတ်သောအမှုကို နေ့စဉ်ပြုမိရန် သမ္ပဇဉ်ရှိကြရလေသည်။ ကင်းထောက်တစ်ဦး၏ အရည်အခြင်းကို မွန်မြတ်သော နေ့စဉ် အမှုပြုခြင်းတည်းဟူသော မှတ်ကျောက်တွင်တင်၍ စမ်းသပ် နိုင်၏။ အမှု၏အကြီးအသေးမှာ ပဓာနမဟုတ်ပေ။ ကောင်း သောအမှုကိုပြုလိုသော စိတ်စေတနာသာလျှင် အရေးကြီးလေ သည်။ အမေအိုတစ်ဦးအား လမ်းတစ်ဖက်သို့ တွဲကာပို့ဆောင် ပေးခြင်း၊ လမ်းပေါ်၌ကျနေသော ငှက်ပျောခွံတစ်ခုကို သူ တစ်ပါးနင်းမိ၍ ချော်မလဲစေရန်ရှင်းလင်းပစ်ခြင်း၊ ရေငတ်နေ သော နွားတစ်ကောင်ကိုရေတိုက်ခြင်း၊ မီးလောင်ရာ၊ ရေကြီး ရာတွင် ဝင်ရောက်ကူညီခြင်း စသော ကောင်းမှုကလေးများမှာ လွန်စွာအဖိုးတန်သော အပြုအမူကလေးများပင်ဖြစ်ပေသည်။

ကမ္ဘာအရပ်ရပ်ရှိနိုင်ငံတို့တွင် နိုင်ငံလိုက် ကင်းထောက် အဖွဲ့အစည်းများ ဖွဲ့စည်းထားကြ၏။ ထိုနိုင်ငံအလိုက် အဖွဲ့ အစည်းတို့မှာ နိုင်ငံအချင်းချင်း ဆက်သွယ်မှုရှိသည်ဖြစ်ရာ များစွာသောနိုင်ငံတို့ စုပေါင်းဆက်သွယ်မှုကို ဖန်တီးပေးသော အပြည်ပြည်ဆိုင်ရာ ကင်းထောက်ဌာနချုပ်တစ်ခုရှိလေသည်။ ထိုဌာနချုပ်မှာ ဗြိတိန်နိုင်ငံ၌တည်ရှိ၏။ မဆက်သွယ်ဘဲ ထားသော အဖွဲ့အသင်းများလည်း ရှိပေသည်။ ကမ္ဘာအရပ် ရပ်ရှိ ကင်းထောက်တို့သည် ၄ နှစ်တစ်ကြိမ် အစည်းအဝေး ပြုလုပ်လေ့ရှိကြ၏။ ထိုသို့စည်းဝေးသော ကင်းထောက် ညီလာခံများကို 'ဂျမ်ဗိုရီ'ဟုခေါ်သည်။ ၁၉၂ဝ ပြည့်နှစ် နောက်တွင် ကမ္ဘာ့ ဂျမ်ဗိုရီ ၆ ကြိမ်ပြုလုပ်ခဲ့သည်။ ၂ ကြိမ်မှာ အင်္ဂလန်ပြည်တွင်ပြုလုပ်ခဲ့၍ ဒိန်းမတ်၊ ဟန်ဂေရီ၊ နယ်သာ လန်နှင့် ပြင်သစ်နိုင်ငံတို့တွင် တစ်ကြိမ်စီမျှကျင်းပခဲ့လေသည်။

ကမ္ဘာ့ ဂျမ်ဗိုရီများကျင်းပခြင်းကား လူမျိုးပေါင်းစုံ စုပေါင်း ပါဝင်သော ကင်းထောက်တို့သည် အချင်းချင်း နားလည်မှု ရကြကာ၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လမ်းခင်းပေးသောသ ဘောကို ဖန်တီးယူရန်ပင် ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝှန်းလုံးရှိ ကင်း ထောက်တို့အား ဖွဲ့စည်းစုစည်းကာ မြန်မာနိုင်ငံ ကင်းထောက် အမျိုးသား ကောင်စီဌာနချုပ်ရှိသည်။ ထိုဌာနချုပ်၏ ကျက် သရေဆောင်ဥက္ကဋ္ဌမှာ နိုင်ငံတော်သမ္မတကြီးဖြစ်၏။ စီမံ အုပ်ချုပ်ရေး အတွက်လည်းကောင်း၊ ကင်းထောက်လုပ်ငန်း လေ့ကျင့်သင်ကြားပေးရေးနှင့် လုပ်ငန်းအုပ်ချုပ်မှုများအတွက် လည်းကောင်း နိုင်ငံချစ်ပုဂ္ဂိုလ်များကို နှစ်စဉ်ရွေးကောက် တင်မြောက်၍ ကင်းထောက်လုပ်ငန်းကို တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်လျက် ရှိသည်။ စီမံအုပ်ချုပ်မှုဖက်တွင် အမျိုးသား ကောင်စီဥက္ကဋ္ဌတစ်ဦးက ဦးဆောင်၍၊ ကင်းထောက်လုပ်ငန်း ဆိုင်ရာဖက်တွင် ကင်းထောက်ချုပ်တစ်ဦးက ဦးဆောင်လေ သည်။ ခရိုင်များ၌လည်း အလားတူပင် ခရိုင်အသင်းများ၊ မြို့နယ်အသင်းများ ဖွဲ့စည်းထားရှိသည်။ နောက်ဆုံးရရှိသော စာရင်းများအရ မြန်မာနိုင်ငံကင်းထောက်ဦးရေမှာ ၄၆၃၇ (၁၉၅၂ ခုနှစ်)ဖြစ်၏။ ကင်းထောက်လုပ်ငန်းမှာ ယခုအခါ၌ မြန်မာနိုင်ငံတွင် လှုပ်ရှားတိုးတက်လျက် ရှိလာပေသည်။ အပြည်ပြည်ဆိုင်ရာ ကင်းထောက်အဖွဲ့ချုပ်နှင့်လည်း မြန်မာ နိုင်ငံကင်းထောက် အမျိုးသားကောင်စီသည် ဆက်သွယ်ပြီး ဖြစ်၏။

မြန်မာနိုင်ငံအပြင် ကမ္ဘာပေါ်ရှိအခြားနိုင်ငံ ၅၆ နိုင်ငံတို့ ကလည်း အပြည်ပြည်ဆိုင်ရာအဖွဲ့ချုပ်နှင့် ဆက်သွယ်စာရင်း သွင်းပြီးဖြစ်ကြသည်။ ၁၉၅၂ ခုနှစ်စာရင်းများအရ ဤသို့ ဆက်သွယ်ထားသော ၅၇ နိုင်ငံရှိ ကင်းထောက်ဦးရေမှာ ၅၅၆၁၉၉၃ ယောက် ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပနိုင်ငံအချို့တို့တွင် ကင်းထောက်လုပ်ငန်းမှာ ဖိနှိပ် ပိတ်ပင်ခြင်း ခံရသော်လည်း ကမ္ဘာစစ်၏နောက်တွင် အနိုင်နိုင်ငံ၌ တိုးတက်လျက်ရှိပေသည်။ လူမျိုးနှင့်နိုင်ငံ ကွဲပြားခြားနားကြလင့်ကစား၊ ကင်းထောက်များသည် ညီရင်း အစ်ကိုပမာ လွတ်လပ်စွာကူးလူးဆက်ဆံကြလျက် ကမ္ဘာ့သား ကောင်းရတနာများ ပေါ်ပေါက်ဖြစ်မြောက်ရေးအတွက် ရှေးရှု ကြိုးပမ်းလျက်ရှိကြပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)