ကစသာရဇာတ်
ပဉ္စကနိပါတ် - ၂။ ဝဏ္ဏာရောဟဝဂ် -(၃၆၈) - တစသာရဇာတ် ပညာရှိသူငယ်ကြောင့် သူငယ်အများအနှောင့်အဖွဲ့မှ လွတ်ခြင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
ပြင်ဆင်ရန်ပညာပါရမီတော် ချီးကျူးဖော်
ပြင်ဆင်ရန်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် မြတ်စွာဘုရား၏ ပညာပါရမီတော်ကို ချီးကျူးပြောဆို၍ နေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ … ငါဘုရားသည် ယခုအခါ၌ သာ ပညာရှိသည်၊ ဥပါယ်၌ လိမ္မာသည်မဟုတ်၊ ရှေးအခါ၌ လည်း ပညာရှိသည်၊ ဥပါယ်၌ လိမ္မာသည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ပြင်ဆင်ရန်ဖမ်းဆီးလာရေး မင်းကြီးမေး
ပြင်ဆင်ရန်လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရွာငယ်တစ်ခုတွင် သူကြွယ်မျိုး၌ ဖြစ်၍ ငယ်ရွယ်စဉ် အခါ မြေမှုန့်ကစားဖက်ဖြစ်သော သူတို့နှင့်အတူ ရွာတံခါးအနီးရှိ ပညောင်ပင်ကြီးရင်း၌ ကစားလျက်နေ၏။ [အလုံးစုံသော စကားအစဉ် သည် သာလိယဇာတ်နှင့်တူပြီ။ ]
ဤတစသာရဇာတ်၌ ကား အထူးအားဖြင့် ဆေးသမားသေသည်ရှိသော် ရွာ၌ နေကုန်သော လူတို့သည် သူငယ်တို့ကို လူသတ်သော သူငယ်တို့ဟူ၍ ဝါးလုံး တောက်တို့ဖြင့် နှောင်ဖွဲ့ကာ မင်းကြီးထံသို့ ဆောင်ယူကြကုန်၏။
သူကြွယ်သားသူငယ်သည် ခရီးအကြား၌ ကစားဖက်ဖြစ်သော သူငယ်အား “အမောင်တို့ … မကြောက်ကြကုန်လင့်၊ မင်းကြီးကို မြင်လျှင် လည်း မကြောက်ကြဘဲ ကြည်လင်သော မျက်နှာရှိကြကုန်လော့၊ မင်းကြီးသည် ငါတို့နှင့် ရှေးဦးစွာ စကားပြောလိမ့်မည်၊ ထိုအခါ ငါပြောမည်” ဟု အဆုံးအမပေးလေ၏။ သူငယ်တို့လည်း ပညာရှိသူငယ်ပြောတိုင်း နားထောင်ကြကုန်၏။
မင်းကြီးထံသို့ ရောက်သောအခါ မင်းကြီးသည် ကြည်လင်သော မျက်နှာရှိသော သူငယ်တို့ကို မြင်လျှင် -
“အို သူငယ်တို့ … သင်တို့ကား ရန်သူလက်သို့ ရောက်ကာ ဝါးလုံးတောက်တို့ဖြင့် နှောင်ဖွဲ့ခြင်းကို ခံရပါလျက် ကြည်လင်သောမျက်နှာ ရှိကြကုန်၏။ အဘယ်ကြောင့် မစိုးရိမ်ကြသနည်း” –
ဟု သူငယ်တို့အား ချီးမွမ်းအံ့ဩကာ မေးမြန်းကြလေ၏။
သူငယ်ပညာရှိ လျှောက်ထား၏
ပြင်ဆင်ရန်ပညာရှိသူငယ်သည် မင်းကြီးစကားကို ကြားလျှင် -
“မြတ်သောမင်းကြီး … စိုးရိမ်ခြင်း ငိုကြွေးခြင်းဖြင့် စင်စစ် အနည်းငယ်မျှသော အကျိုးကို မရရှိပေ၊ စိုးရိမ်ငိုကြွေးလျက် ဆင်းရဲနေသည်ကိုမြင်လျှင် ရန်သူတို့သည် ဝမ်းမြောက်ကြကုန်၏။
ဘေးရန်ဖြစ်လာသည်ရှိသော် အကျိုးစီးပွား အဆုံးအဖြတ်ကို သိမြင်သော ပညာရှိသည် မတုန်လှုပ်ပါ၊ ရန်သူတို့သည် မဖောက်မပြန် ပကတိအတိုင်း တည်ရှိသော မျက်နှာကိုမြင်လျှင် ဆင်းရဲကြကုန်၏။
ဖြစ်လာသော အမှုကိစ္စတို့၌ အကျိုးစီးပွားကို ရရာရကြောင်းဖြစ်သော မန္တာန်မန်းမှုတ်ခြင်း၊ ပညာရှိတို့နှင့် တိုင်ပင်ခြင်း၊ ချစ်ဖွယ်သောစကားကို ပြောဆိုခြင်း၊ တရားသူကြီးတို့အား တံစိုးလက်ဆောင်ပေးခြင်း၊ ဆွေမျိုးစဉ် ဆက်ကို ပြောဆိုခြင်းတို့ဖြင့် ရန်သူတို့ကို အောင်မြင်ရာ၏။ အကျိုးစီးပွားရရာ ရကြောင်းကို လုံ့လပြုရာ၏။
အကျွန်ုပ်သည် လည်းကောင်း၊ သူတစ်ပါးသည် လည်းကောင်း၊ အကျိုးစီးပွားကို မရတော့ပြီဟု သိမြင်သောအခါ ၌ ကား မစိုးရိမ်ကြဘဲ ကံသည် မြဲလှ၏။ ကံအတိုင်းဖြစ်ရသည်ကို အဘယ်သို့ ပြုလုပ်နိုင်မည်နည်းဟု နှလုံးသွင်းကာ သည်းခံရာ၏” –
ဟု မင်းကြီးအား မစိုးရိမ်ခြင်း၊ မငိုကြွေးခြင်း အကြောင်းကို လျှောက်ထားလေ၏။ မင်းကြီးလည်း ပညာရှိသူငယ်၏ တရားစကားကို ကြားရလျှင် အမှုကို စုံစမ်းစစ်ဆေးကာ သူငယ်တို့အား အပြစ်မရှိကြောင်းကိုသိ၍ ဝါးတောက်တို့ကို ဖြုတ်ပယ်စေပြီးလျှင် ပညာရှိသူငယ်အား ကြီးစွာသော စည်းစိမ်ကိုပေး၍ အကျိုးအကြောင်းပြ၍ ဆုံးမသော ပညာရှိအမတ်ရာထူးဖြင့် ချီးမြှောက်လေ၏။ ကြွင်းသောသူငယ်တို့အားလည်း ထိုက်တန်သော စည်းစိမ်ကိုပေး၍ ရာထူးဖြင့် ချီးမြှောက်လေ၏။
ဇာတ်ပေါင်း
ပြင်ဆင်ရန်ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။
သူငယ်တို့သည် - ထေရ်ကြီးထေရ်ငယ်များ။
ပညာရှိသူငယ်သည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
ပြင်ဆင်ရန်(၁) ဘေးရန်နှင့်ကြိမ်၊ မစိုးရိမ်၊ တည်ငြိမ်ကြည်မျက်နှာ။
(၂) ဝမ်းသာရန်သူ၊ ဖောက်ပြန်မှု၊ တည်မှုဆင်းရဲမှာ။
(၃) အမှုကြုံပြန်၊ ကျိုးများရန်၊ မန္တာန်မန်းမှုတ်ပါ။
(၄) ဆွေစဉ် ပြောရေး၊ တံစိုးပေး၊ ဆွေးနွေးပညဝါ။
(၅) ချစ်ဖွယ်စကား၊ ပြောဆိုငြား၊ မမှားအောင်နိုင်ရာ။
(၆) ကျိုးမပြီးက၊ ကံကိုချ၊ ဒုက္ခသည်းခံပါ။
တစသာရဇာတ် ပြီး၏။
ကိုးကား
ပြင်ဆင်ရန်- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။